Share this

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ် (၂၈.၅.၂၀၂၀)

Thursday, May 28, 2020 - 13:29
ဒုတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေး(၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး

ပဉ္စမနေ့ အစည်းအဝေး အကျဉ်းချုပ်

၁၃၈၂ ခုနှစ်၊ နယုန်လဆန်း ၇ ရက်

(၂၀၂၀ ပြည့်နှစ်၊ မေလ ၂၈ ရက်)

[ ကြာသပတေးနေ့ ]

၁။ ဒုတိယအကြိမ် အမျိုးသားလွှတ်တော် (၁၆)ကြိမ်မြောက် ပုံမှန်အစည်းအဝေး ပဉ္စမနေ့ကို ၂၀၂၀ ပြည့်နှစ်၊ မေလ ၂၈ ရက်နေ့ နံနက် ၁ဝးဝဝ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၂။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါ သည်။

(က)ဒေါ်သန်းသန်းအေး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ မကွေးတိုင်း ဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ရေနံမ ရဲစခန်းနှင့် လက်ပံတံခါး ရဲစခန်း တို့အတွက် ဝန်ထမ်းအိမ်ရာ အဆောက်အဦအား  ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် က ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ် တွင် ဆောက်လုပ်ပေးနိုင်ခြင်း မရှိသေးကြောင်းနှင့် ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(မူလ) ခွင့်ပြုရန်ပုံငွေတွင် လျာထားတင်ပြတောင်းခံသွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။

(ခ) ဦးလားလ်မင်းထန်၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၁၀)၏ ချင်းပြည်နယ်၊ မတူပီမြို့နယ်၊ ဆဘောင်းတယ်ကျေးရွာတွင် ရဲကင်းစခန်း ပြန်လည်ချထား ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် က လုံခြုံရေးအခြေအနေများအရ လုံခြုံရေး ရဲကင်းပြန်လည်ဖွင့်လှစ်နိုင်သည့် အခြေအနေမရှိသေးကြောင်းနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့၏ ထောက်ခံချက်ဖြင့် တင်ပြလာပါက စခန်းဖွင့်လှစ်နိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်တင်ပြ ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဂ) ဦးကိုကိုနိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၈)၏ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်အတွင်း ရာဇဝတ်မှု - မှုခင်းများ၊ ဒုစရိုက်မှုများ၊ လုံခြုံရေး ဆိုင်ရာ ကိစ္စရပ်များကို အချိန်နှင့်တစ်ပြေးညီ ထိထိရောက်ရောက် ကာကွယ် တားဆီးမှုများ ဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်အသီးသီးရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ များ အသုံးပြုနိုင်ရန် အရည်အသွေး ကောင်းမွန်သော 4 WD – Double Cub မော်တော်ယာဉ် အသစ်များကို လိုအပ်လျက်ရှိသော မြို့နယ်များသို့ ဖြည့်ဆည်း ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်စိုးတင့်နိုင် က မော်တော်ယာဉ် အသစ်များဝယ်ယူပြီးပါက လုပ်ငန်းလိုအပ်လျက်ရှိသော မြို့နယ်များသို့  ဦးစားပေး လဲလှယ် ထုတ်ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဃ)ဦးဘွဲခိန်း၊ ချင်းပြည်နယ် မဲဆန္ဒနယ်အမှတ်(၃)၏ ချင်းပြည်နယ်၊ ထန်တလန် မြို့နယ်၊ ဇဲဖိုင်(ခ) အခြေခံပညာအလယ်တန်းကျောင်း အဆောင်(၁)သည် ယိုယွင်းပျက်စီးနေပါသဖြင့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် RCC နှစ်ထပ် ဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က အန္တရာယ်ရှိဆောင်အားဖျက်သိမ်းပြီး (၁၃၀ x ၃၀)ပေ RCC နှစ်ထပ်            ဆောင် (၁)ဆောင် ဆောက်လုပ်ရန်အတွက် ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခေါင်းစဉ်အောက်မှ မြို့နယ်ဦးစားပေး အစီအစဉ်အရ စိစစ်၍လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး ခွင့်ပြုချက်ရရှိမှသာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(င)ဒေါက်တာဇော်လင်းထွဋ်၊ မွန်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၉)၏ အခြေခံပညာ ကျောင်းများရှိ မုန့်ဈေးတန်းများတွင် ရောင်းချနေသော အန္တရာယ်ရှိသည့် အသင့်စားမုန့်များ ပပျောက်စေရန် မည်သို့စီမံကိန်းချမှတ်၍ ဆောင်ရွက် နေသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က ကျန်းမာရေးနှင့် ညီညွတ်သော ကျောင်းမုန့်ဈေးတန်း အစီအစဉ် (Healthy School Canteen) ကို အကောင်အထည်ဖော်ောင်ရွက်နိုင်ရန်အတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် ပူးပေါင်း၍ စိစစ် ဆောင်ရွက်လျက်ရှိကြောင်း ရှင်းလင်း ဖြေကြားသည်။

(စ)ဦးဝင်းကြိုင်၊ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၁၀)၏ ပဲခူးတိုင်း ဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ မှော်အင်းကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် (၁၂၀x၃၀)ပေ နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်တွင် ရန်ပုံငွေ ခွဲဝေ ချထားပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က (၉၀ x ၃၀)ပေ  Steel Structure တစ်ထပ်ကျောင်းဆောင် (၁)ဆောင် ဆောက်လုပ်ရန်အတွက် လိုအပ်သောရန်ပုံငွေကို ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊  ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခေါင်းစဉ်အောက်တွင် မြို့နယ်ဦးစားပေးအစီအစဉ်အရ  စိစစ်၍ ထည့်သွင်းလျာထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

(ဆ)ဦးမြင့်နိုင်၊ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ်(၅)၏ ကျောက်တော်မြို့နယ် အတွင်း ပန်ဖဲချောင်း အခြေခံပညာမူလတန်း(လွန်)ကျောင်းအား အခြေခံပညာအလယ်တန်း ကျောင်း(ခွဲ)အဖြစ် အဆင့်တိုးမြှင့်ပေးရန်နှင့် စပ်ကွပ်ချောင်းနှင့် ကျောက်ဖြူရွာသစ် အခြေခံပညာမူလတန်းကျောင်း(ခွဲ)တို့ကို အခြေခံပညာမူလတန်းကျောင်းများ အဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ရေး လာမည့်ပညာသင်နှစ်တွင် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က  ကျောင်းအဆင့်တိုးမြှင့်ခြင်းဆိုင်ရာ သတ်မှတ်မူနှင့် ကိုက်ညီမှုမရှိသဖြင့် ၂၀၂၀ - ၂၀၂၁ ပညာသင်နှစ်တွင် ဦးစားပေးကျောင်း အနေဖြင့် အဆင့်တိုးမြှင့်ပေးနိုင်ခြင်း မရှိသေးကြောင်း  ရှင်းလင်းဖြေကြားသည်။

(ဇ)ဦးဇော်ဟိန်း၊ တနင်္သာရီတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၇)၏ တနင်္သာရီ တိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ သဇင်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်းတွင် (၁၃၀ x ၃၀)ပေ RCC နှစ်ထပ်ကျောင်းဆောင် တစ်ဆောင်ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဘဏ္ဍာငွေလျာထားသတ်မှတ် ဆောက်လုပ် ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က (၁၂၀ x ၃၀)ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ရန်အတွက် လိုအပ်သောရန်ပုံငွေကို  ၂၀၂၀-၂၀၂၁  ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ခေါင်းစဉ် အောက်တွင် မြို့နယ်ဦးစားပေးအစီအစဉ်အရ စိစစ်၍  လျာထားဆောင်ရွက် သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားသည်။

 

ဥပဒေကြမ်း ဆွေးနွေးခြင်း

၃။ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာ လုံခြုံမှုကို ကာကွွယ်ပေးရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ကိုယ်စားလှယ် (၂)ဦးက ဆွေးနွေးသည်။

၄။ အစည်းအဝေးကို ၁၁:၂၆ နာရီ အချိန်တွင် ရပ်နားပြီး ဆဋ္ဌမနေ့ အစည်းအဝေး ကျင်းပမည့် အစီအစဉ်ကို    ကြုတင်အသိပေးမည်ဖြစ်ကြောင်း ကြေညာသည်။

 

 

အမျိုးသားလွှတ်တော်