Share this

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်လင်းဒွေး၏ မြန်မာနှစ်သစ်ကူးနှုတ်ခွန်းဆက်စကား

ဗီဒီယိုများ
မိန့်ခွန်းများ

 

မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ်ကနေ ၁၃၈၈ ခုနှစ်ကို ကူးပြောင်းတဲ့ နှစ်သစ်ကူး နှစ်ဦးအချိန်အခါမှာ နိုင်ငံသူ၊ နိုင်ငံသား တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်ခင်ဗျာ။

          မြန်မာတို့ရဲ့ ရှေးအစဉ်အဆက် အစဉ်အလာများအတိုင်း ကမ္ဘာ့ဒြပ်မဲ့ယဉ်ကျေးမှု အမွေအနှစ်အဖြစ် ကမ္ဘာကအသိအမှတ်ပြုခံထားရတဲ့ မြန်မာတို့ရဲ့ မဟာသင်္ကြန်ပွဲတော်မှာ နှစ်ဟောင်းက ကိုယ်စိတ်နှစ်ပါး အညစ်အကြေးတွေကို အတာရေအေးနဲ့ ဆေးကြောသန့်စင်ပြီး နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့အတူ လူမှုစီးပွားဘဝများ တိုးပွားကြွယ်ဝအောင် စွမ်းဆောင်နိုင်ကြပါစေကြောင်း ထပ်လောင်းလို့     ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

          ဒီနှစ်သစ်ဟာ ထူးခြားစွာနဲ့ပဲ နှစ်ဟောင်းနှစ်သစ် အကူးအပြောင်း ကာလလေးမှာ ပြည်သူတွေ ရွေးကောက်တင်မြှောက်လိုက်တဲ့ ပြည်သူ့ကိုယ်စားလှယ်ကြီးများရဲ့ ဥပဒေပြုလွှတ်တော်နဲ့ နိုင်ငံတော် အစိုးရသစ်တို့ ပေါ်ထွန်းလာကာ နှစ်သစ်ကို လူသစ်စိတ်သစ်နဲ့ ကူးပြောင်းလာကြတာပဲ ဖြစ်ပါတယ်။

     ကျွန်တော်တို့ မျှော်မှန်းထားတဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ် ရှင်သန်ထွန်းကားရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကိုအခြေခံတဲ့ ပြည်ထောင်စုကို တည်ဆောက်ဖို့ဆိုရင် ပြည်ထောင်စုစိတ်ဓာတ်အရင်းခံနဲ့ တက်ညီလက်ညီ စည်းလုံးညီညွတ်စွာ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက် သွားကြရမှာဖြစ်ပါတယ်။

         မိဘပြည်သူနိုင်ငံသူနိုင်ငံသား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအနေနဲ့လည်း အမိမြန်မာနိုင်ငံတော်ကြီးကို တည်ငြိမ်အေးချမ်းပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်ကြီးအဖြစ် တည်ဆောက်ရာမှာ စုစည်းညီညာစွာနဲ့ တစ်စိတ်တစ်ဝမ်းတည်း ပူးပေါင်းပါဝင်ဆောင်ရွက်ကြမယ်လို့ ယုံကြည်ပါတယ်။

       ဥပဒေပြုရေးမဏ္ဍိုင်ဖြစ်တဲ့ လွှတ်တော်များအနေနဲ့လည်း နိုင်ငံတော်ရဲ့အကျိုး၊ ပြည်သူလူထုတိုင်းရင်းသား ညီအစ်ကိုမောင်နှမများရဲ့အကျိုးကို အစဉ်တစိုက်ရှေးရှုပြီး ကြိုးပမ်းဆောင်ရွက်သွားမှာ  ဖြစ်ပါကြောင်း နှစ်သစ်ကူးနှစ်ဦးအချိန်အခါမှာ မိဘပြည်သူများကို ကတိပြုတင်ပြလိုပါတယ်။

မိဘပြည်သူ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအားလုံး နှစ်သစ်မှာ ပျော်ရွှင်ချမ်းမြေ့ကြပါစေ။