ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
ပထမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက်
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်)
[ အင်္ဂါနေ့]
၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
ကတိသစ္စာပြုခြင်းနှင့် လက်မှတ်ရေးထိုးခြင်း
၂။ ကတိသစ္စာမပြုရသေးသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်းက ကတိသစ္စာပြုခြင်းနှင့် ကတိသစ္စာပြုလွှာပေါ်တွင် လက်မှတ်ရေးထိုးသည်။
အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း
၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၀၉)ဦး ရှိပြီး (၂၀၈)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၁ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။
ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း
၄။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၁)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူမရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ)အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
နှုတ်ခွန်းဆက်စကား ပြောကြားခြင်း
၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပထမနေ့တွင် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအား နှုတ်ခွန်းဆက်စကား ပြောကြားပါသည်။
ဂုဏ်ယူဝမ်းမြောက်ကြောင်း သဝဏ်လွှာများကို တင်ပြခြင်းနှင့် မှတ်တမ်းတင်ခြင်း
၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌထံသို့ ကမ္ဘောဒီးယားနိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ ဆမ်ဒက် အာခါ မိုဟာ ဆီနာ ပါတိုင်း တဲ့ချို ဟွန်ဆင်၊ ထိုင်းနိုင်ငံ၊ အထက်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ မွန်ကွန်း စူရစစ်ဂျာ၊ ဂျပန်-မြန်မာ ပါလီမန်ချစ်ကြည်ရေးအသင်း ဒုတိယဥက္ကဋ္ဌ၊ ဂျပန်နိုင်ငံ အောက်လွှတ်တော်အမတ် မစ္စတာ ဟိရိုမိချိ ဝါတာနာဘေး၊ ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်းဥက္ကဋ္ဌ မစ္စတာ ဖူမီအို အူဆုအိနှင့် ဂျပန်-မြန်မာ ယဉ်ကျေးမှုမြှင့်တင်ရေးအသင်း ညွှန်ကြားရေးမှူး မစ္စတာ နာအိုဟိကို တာကခု တို့ထံမှ ပေးပို့လာသော သဝဏ်လွှာများကို လွှတ်တော်သို့ တင်ပြပြီး မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
နိုင်ငံတကာဆက်ဆံရေးကော်မတီဖွဲ့စည်းခြင်း၊ အမည်စာရင်းတင်ပြခြင်းနှင့် အတည်ပြုခြင်း
၇။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ နိုင်ငံတကာဆက်ဆံရေးကော်မတီကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၅)ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) ဦးချစ်ဆွေ အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဦးအောင်မင်းနိုင် အားလည်းကောင်း တာဝန်ပေးအပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။
၈။ အစည်းအဝေးကို ၁၀:၁၉ နာရီ အချိန်တွင် ရပ်နားပြီး ဒုတိယနေ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်(ဗုဒ္ဓဟူးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်