တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ပထမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်)
စစ်ကိုင်းတိုင်းဒေသကြီး (မဲအများဆုံးရသူအနိုင်ယူစနစ်) မဲဆန္ဒနယ်အမှတ်(၂)မှ
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ချစ်လွင် မေးမြန်းသည့်
ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး (မဲအများဆုံးရသူအနိုင်ယူစနစ်) မဲဆန္ဒနယ်အမှတ်(၂)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ချစ်လွင် မေးမြန်းသည့် “စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ရှိ ဆိုလာဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ မီတာခလျှော့ပေါ့ကောက်ခံရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း" ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကျွန်တော် ဒုတိယဝန်ကြီး ဦးအေးကျော်က ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် ရွှေထွန်းတောက်ကုမ္ပဏီ တို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အထိ ဓာတ်အားဖြန့်ဖြူးပေးခဲ့ပါတယ်။ ထိုသို့ ဓာတ်အားဖြန့်ဖြူးပေးရာတွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ တစ်ရက် ၄ နာရီ ဒီဇယ်စက်မောင်းနှင်ရန် ဒီဇယ်ဆီပံ့ပိုးပေးခဲ့ပြီး၊ ၄ နာရီထက်ပိုသော နာရီများအတွက် ကုမ္ပဏီ၏ အစီအစဉ်ဖြင့် ဒီဇယ်စက်များကို မောင်းနှင်ဓာတ်အားပေးခဲ့ပါတယ်။ ဌာနမှ ဒီဇယ်ဆီပံ့ပိုးမှုအတွက် ဓာတ်အားသုံးစွဲသူများကို အခြေခံ ၁၀ ယူနစ်အား လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှန်ဈေးနှုန်းဖြစ်သည့် အိမ်သုံးအတွက် တစ်ယူနစ် ၅၀ ကျပ်နှင့် စီးပွားရေးသုံးအတွက် ၂၅၀ ကျပ်ဖြင့်လည်းကောင်း၊ ၁၀ ယူနစ်အထက် ယူနစ်များအတွက် ဒီဇယ်ဆီကာလပေါက်ဈေးပေါ်မူတည်၍ ကုမ္ပဏီမှ ဒေသအာဏာပိုင်များနှင့် မြို့မိ၊ မြို့ဖတို့ထံ တင်ပြညှိနှိုင်းပြီး၊ တစ်ယူနစ်ဈေးသတ်မှတ်ကောက်ခံခဲ့ရာတွင် ဓာတ်အားခ တစ်ယူနစ် အများဆုံးဈေးနှုန်း ၄၈၀၀ ကျပ်ကို ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလအတွက် ကောက်ခံခဲ့ပြီးဖြစ်ပါတယ်။
ခန္တီးမြို့အား ၂၄ နာရီ ဓာတ်အားပေးနိုင်ရန် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရဘဏ္ဍာရန်ပုံငွေဖြင့် 1 MW Solar Power Plant Project ကို Hybrid စနစ် Backup Power Supply (2MW) ဖြင့် တည်ဆောက်ရေးကို လျာထားဆောင်ရွက်ခဲ့ပြီး၊ ၃-၁၂-၂၀၂၅ ရက်တွင် ဆိုလာဓာတ်အားပေးစက်ရုံအား စတင်ဖွင့်လှစ်ခဲ့ပါတယ်။ ဆိုလာဓာတ်အားပေးစက်ရုံ စမ်းသပ်မောင်းနှင်ကာလဖြစ်သည့် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် အခြေခံ ၁၀ ယူနစ်အား ဌာနမှသတ်မှတ်ဈေးနှုန်းဖြင့်သာ ကောက်ခံခဲ့ပြီး၊ ကျန်ယူနစ်များအား ၉၀၀ ကျပ်ဖြင့် ကောက်ခံခဲ့ပါတယ်။ အဆိုပါ စမ်းသပ်ကာလဖြစ်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆိုလာဓာတ်အားခများ ပေးသွင်းရမှုမရှိခြင်းတို့ကြောင့် တစ်ယူနစ် ၉၀၀ ကျပ်ဖြင့်သာ ရွှေထွန်းတောက်ကုမ္ပဏီက ကောက်ခံခဲ့ပြီးဖြစ်ပါတယ်။
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း (ရုံးချုပ်)မှ ခန္တီးမြို့ ဓာတ်အားဖြန့်ဖြူးရေးအတွက် လစဉ်ပံ့ပိုးပေးသည့် ဒီဇယ်ဆီခွဲတမ်းအား ရပ်နားခဲ့ပါတယ်။
တိုင်းဒေသကြီးအစိုးရအဖွဲ့က ဆိုလာဓာတ်အားပေးစက်ရုံမှ ဓာတ်အားကို အခြေခံပြီး၊ ခန္တီးမြို့ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းအား ဆောင်ရွက်လိုသူများကို ၂၄-၁၂-၂၀၂၅ ရက်တွင် နိုင်ငံပိုင်သတင်းစားများဖြစ်သည့် မြန်မာ့အလင်းနှင့် ကြေးမုံသတင်းစာတို့တွင် ထည့်သွင်းကြော်ငြာ၍ တင်ဒါ်ခေါ်ဆိုခဲ့ရာ လောကသစ္စာကုမ္ပဏီမှ အစိုးရဈေးနှုန်းဖြင့် ဒီဇယ်ဆီဝယ်ယူခွင့် ရရှိပါက ရောင်းချမည့် ဓာတ်အားခဈေးနှုန်း တစ်ယူနစ်လျှင် ၂၂၀၀ ကျပ်နှင့် အစိုးရဈေးနှုန်းဖြင့် ဒီဇယ်ဆီဝယ်ယူခွင့်မရရှိပါက ၃၀၀၀ ကျပ်တို့ဖြင့် ဆောင်ရွက်ရန် တင်ဒါအောင်မြင့်ခဲ့ပြီး ခန္တီးမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ၂၃-၃-၂၀၂၆ ရက်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ကုမ္ပဏီတို့အကြား လက်မှတ်ရေးထိုး စာချုပ်ချုပ်ဆိုခဲ့ပါတယ်။
သဘောတူစာချုပ်အရ လောကသစ္စာကုမ္ပဏီ၏ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးမည့် အစီအစဉ်မှာ ခန္တီးမြို့အား 1 MW Solar Power Plant မှ နေ့စဉ် ဆိုလာ၊ ဘက်ထရီနှင့် ဒီဇယ်အားပေးစက်များဖြင့် ၂၄ နာရီအပြည့် မောင်းနှင်ဓာတ်အား ပေးသွားမှာဖြစ်ပါတယ်။ နေရောင်ခြည်ကောင်းမွန်စွာရရှိ၍ ဘက်ထရီအားပြည့်ချိန်များတွင် နံနက် (၀၉:၀၀)နာရီမှ ညနေ (၁၆:၀၀)နာရီ အထိ ၇ နာရီအား ဆိုလာဖြင့်လည်းကောင်း၊ ညနေ(၁၆:၀၀)နာရီမှ ညနေ(၁၈:၀၀)နာရီနှင့် ည (၂၃:၀၀)နာရီမှ နောက်တစ်နေ့နံနက် (၀၉:၀၀) နာရီအထိ ၁၂နာရီအား ဘက်ထရီဖြင့်လည်းကောင်း၊ ဆိုလာနှင့် ဘက်ထရီကို အသုံးပြု၍ တစ်နေ့ပျမ်းမျှ ၂၀ နာရီ ထုတ်လုပ်ဖြန့်ဖြူးပေးသွားမှာ ဖြစ်ပါတယ်။ ခန္တီးမြို့ ဆိုလာဓာတ်အားပေးစက်ရုံတွင် တပ်ဆင်ထားသော 2MW Backup Battery Bank မှာ ဝန်အားပြည့်သုံးစွဲပါက တစ်ရက်လျှင် အများဆုံး ၃ နာရီခန့်သာ သုံးစွဲနိုင်မည်ဖြစ်ပြီး သုံးစွဲဝန်အားနည်းသည့် အချိန်များတွင် တစ်ရက် ၁၀ နာရီခန့် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။
ခန္တီးမြို့အား ၂၄ နာရီ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရန် နေရောင်ခြည်စွပ်အင်တစ်ခုတည်းဖြင့် လုံလောက်မှုမရှိသဖြင့် ဆိုလာဓာတ်အားပေးစက်ရုံတွင် Hybrid စနစ်ထည့်သွင်း တည်ဆောက်ခဲ့ခြင်းဖြစ်ပါတယ်။ ခန္တီးမြို့အား ၂၄ နာရီ ဓာတ်အား ဖြန့်ဖြူးမည်ဆိုပါက ဘက်ထရီသက်တမ်းနှင့် ဆိုလာသက်တမ်း အပြည့်အဝသုံးစွဲနိုင်ရန်အတွက် နေရောင်ခြည်ကောင်းစွာမရရှိသောနေ့များနှင့် ဘက်ထရီအား ၅၀ ရာခိုင်နှုန်းအောက် ရောက်ရှိချိန်များတွင် ဒီဇယ်ဓာတ်အားပေးစက်များ မောင်းနှင်ရန်လိုအပ်မှာ ဖြစ်ပါတယ်။
ခန္တီမြို့ပေါ် ရပ်ကွက် ၃ ခုမှ ပြည်သူ ၉၀ ဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ၊ လောကသစ္စာကုမ္ပဏီမှ တာဝန်ရှိသူများ ၁၈-၃-၂၀၂၆ ရက်တွင်လည်းကောင်း၊ ခန္တီးမြို့ပေါ် ရပ်ကွက် ၃ ခုမှ ပြည်သူ ၁၅၅ ဦး၊ ခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလျှပ်စစ်အင်ဂျင်နီယာ၊ လောကသစ္စာကုမ္ပဏီ (MD) တို့သည် ၂၅-၃-၂၀၂၆ ရက်တွင်လည်းကောင်း ဓာတ်အားခနှုန်းထား လျှော့ချနိုင်ရေးအတွက် ခန္တီးမြို့တွင် ညှိနှိုင်းဆွေးနွေးခဲ့ကြပြီး၊ အများသဘောတူပါက ဆိုလာဓာတ်အားပေးစက်ရုံမှ ဆိုလာနှင့် ဘက်ထရီကိုသာအသုံးပြု၍ ဓာတ်အားဖြန့်ဖြူးပေးမည်ဖြစ်ပြီး တစ်ယူနစ်အား ၉၀၀ ကျပ်ဖြင့် သာကောက်ခံသွားမှာ ဖြစ်ကြောင်း လောကသစ္စာကုမ္ပဏီမှ တင်ပြခဲပါတယ်။ ခန္တီးမြို့နေ ပြည်သူ ၁၃၆၆ ဦးတို့မှလည်း ယင်းအဆိုပြုချက်အား သဘောတူညီကြောင်း လက်မှတ်ရေးထိုး တင်ပြခဲ့ပါတယ်။
လောကသစ္စာကုမ္ပဏီမှလည်း စာချုပ်အရ တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ ဆိုလာဓာတ်အား ပေးစက်ရုံမှထွက်ရှိသည် ဓာတ်အားအတွက် တစ်ယူနစ်လျှင် ၁၅၀ ကျပ်နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသို့ (Royality Fee) ခိုင်ကြေးအဖြစ် တစ်ယူနစ် ၅ ကျပ်နှုန်း ပေးချေရမှာ ဖြစ်ပါတယ်။
လောကသစ္စာကုမ္ပဏီသည် ခန္တီးမြို့တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ယခင်တပ်ဆင်ထားသည့် မီတာအဟောင်းများကို လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းတွင် လက်ရှိတပ်ဆင်အသုံးပြုလျက်ရှိသည့် နောက်ဆုံးပေါ် AMI မီတာများဖြင့် ကုမ္ပဏီမှ အကုန်အကျခံ၍ လဲလှယ်တပ်ဆင်ပေးခဲ့ပြီး ဖြစ်ပါတယ်။
ခန္တီးမြို့သည် မိုးရာသီနှင့်ဆောင်းရာသီကာလတွင် နေရောင်ခြည်ကောင်းမွန်စွာ မရရှိသဖြင့် အဆိုပါကာလများတွင် ဆိုလာမှဓာတ်အား ထုတ်လုပ်ပေးနိုင်မှု နည်းပါးနိုင်ပြီး၊ ဘက်ထရီအားသွင်းရန်လည်း နည်းပါးနိုင်သဖြင့် အဆိုပါရက်များတွင် အချိန်အနည်းငယ်သာ ဓာတ်အားဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။ ဆိုလာနှင့် ဘက်ထရီမှ ထုတ်လုပ်သော ဓာတ်အားဖြင့်သာ ဓာတ်အားဖြန့်ဖြူးပေးမည်ဆိုပါက ခန္တီးမြို့တွင် လျှပ်စစ်မီးအသုံးပြုနိုင်မှုသည် နေရောင်ခြည်ရရှိမှုပေါ်တွင် အဓိကမူတည်နေမည်ဖြစ်၍ အရေးကြီးနေရာများအား ၂၄ နာရီ ဓာတ်အားပေးစက်များကိုပါ တစ်နေ့လျှင် အနည်းဆုံး ၂ နာရီခန့် မောင်းနှင်ဓာတ်အားပေးရန် လိုအပ်မည်ဖြစ်ပြီး၊ ဒီဇယ်ဆီ တစ်ဂါလံဖြင့် စက်မောင်းနှင်ပါက စက်ထွက် ၁၄ ယူနစ်ခန့်သာ အများဆုံးအသုံးပြုနိုင်ပြီး ဒီဇယ်ဆီ တစ်ဂါလံလျှင် ဒေသပေါက်ဈေး ၄၄၀၀၀ ကျပ်ခန့်ရှိခြင်း ကြောင့် တစ်ယူနစ်ဈေး ၃၁၄၃ ကျပ်ခန့် ကျသင့်မှာ ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ ဆိုလာနှင့်ဘက်ထရီကိုသာ အသုံးပြု၍ ခန္တီးမြို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်းဆောင်ရွက်ပါက ၂၄ နာရီ ဓာတ်အားရရှိနိုင်မည် မဟုတ်ပါကြောင်း၊ ဓာတ်အားထုတ်လုပ်နိုင်မှုသည် နေရောင်ခြည်ရရှိမှုအပေါ်တွင် အလုံးစုံမှီခိုနေရခြင်းကြောင့် တစ်ရက်နှင့်တစ်ရက် ဓာတ်အားရရှိချိန် မတူညီနိုင်ပါကြောင်း၊ နေရောင်ခြည်လုံလောက်စွာ မရရှိသော အချိန်များတွင် ဓာတ်အားပြတ်တောက်မှုများရှိနိုင်ပါကြောင်းနှင့် အဆိုပါအခြေအနေဖြင့် ဓာတ်အားခတစ်ယူနစ် (တစ်ကီလိုဝပ် နာရီ) ဈေးနှုန်းကို ၉၀၀ ကျပ်ဖြင့် လျှော့ချကောက်ခံနိုင်ရန်အတွက် ခန္တီးမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရောင်းချခြင်းဆိုင်ရာ သဘောတူစာချုပ်ကို ပြန်လည်ချုပ်ဆိုသွားရန် အစီအစဉ်ရှိပါကြောင်း စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြေကြားအပ်ပါတယ်။