Share this

ဦးခင်မောင်မြင့်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇)၏ "ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စုရှိ တောင်ပိုင်း လေးရွာဖြစ်သော ဆီဆုံဂနိုင်ကျေးရွာ၊ စံပယ်ကုန်းကျေးရွာ၊ တောင်သူကုန်းကျေးရွာ၊ တောင်ထိပ်ကျေးရွာများအား လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ် ရှိ/မရှိသိရှိလိုခြင်း" နှင့် စပ်လျဉ်းသည့် မေးခွန်း

Wednesday, June 3, 2026 - 13:40
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Khin Maung Myint

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ဒုတိယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၃ ရက်)

ရှမ်းပြည်နယ်(အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်

မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ရှမ်းပြည်နယ် (အချိုးကျကိုယ်စားပြုစနစ်) မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် မေးမြန်းသည့် "ရှမ်းပြည်နယ် တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့၊ ကျောက်ဂူကျေးရွာအုပ်စုရှိ တောင်ပိုင်း လေးရွာဖြစ်သော ဆီဆုံဂနိုင်ကျေးရွာ၊ စံပယ်ကုန်းကျေးရွာ၊ တောင်သူကုန်းကျေးရွာ၊ တောင်ထိပ်ကျေးရွာများအား လျှပ်စစ်မီးသွယ်တန်းပေးရန် အစီအစဉ် ရှိ/မရှိ" ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကျွန်တော် ဒုတိယဝန်ကြီး ဦးအေးကျော်က ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ အင်တောမြို့နှင့် ကျောက်ဂူကျေးရွာအပါ ၆ ရွာ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၁၁ မြို့နယ်နှင့် ကျောက်ဂူကျေးရွာအပါ ကျေးရွာ ၆ ရွာ လျှပ်စစ်ဓာတ်အား ရရှိရေးအတွက် ၁၁ ကေဗွီဓာတ်အားလိုင်း ၂၁ မိုင်ဖြင့်လည်းကောင်း၊ အုန်းခွဲကျေးရွာအုပ်စုရှိ ကျေးရွာ ၄ ရွာ လျှပ်စစ်ဓာတ်အားရရှိရေးအတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၅ မိုင်ဖြင့်လည်းကောင်း၊ ဇော်ဂျီအမှတ်(၂) ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံရှိ ၁၁/၁၁ ကေဗွီ၊ ၂ အမ်ဗွီအေ Isolation Transformer မှ ဓာတ်အားရယူ၍ ဖြန့်ဖြူးပေးလျက်ရှိပါတယ်။ 

မေးမြန်းချက်ပါ ကျောက်ဂူကျေးရွာအုပ်စုရှိ တောင်ပိုင်း ၄ ရွာဖြစ်သော ဆီဆုံဂနိုင်ကျေးရွာ၊ တောင်သူကုန်းကျေးရွာ၊ တောင်ထိပ်ကျေးရွာတို့မှာ အင်တောမြို့နှင့် ကျောက်ဂူကျေးရွာအကြားတည်ရှိပြီး ကျောက်ဂူကျေးရွာမှ ၈ မိုင်အတွင်းတည်ရှိသော ကျေးရွာများဖြစ်ပါတယ်။ ၎င်းကျေးရွာများ ဓာတ်အားရရှိရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့်-

(က) တောင်ထိပ်‌ကျေးရွာတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁.၅၂ မိုင်

( ခ ) တောင်သူကုန်းကျေးရွာတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁ မိုင်

( ဂ ) စံပယ်ကုန်းကျေးရွာတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၁.၅ မိုင်နှင့်

(ဃ) ဆီဆုံဂနိုင်ကျေးရွာတွင် ၄၀၀ ဗို့ ဓာတ်အားလိုင်း ၂.၅ မိုင် အသီးသီးတို့အား တည်ဆောက်ပေးခဲ့ပြီးဖြစ်ပါတယ်။

သို့သော် ဇော်ဂျီအမှတ်(၂) ဓာတ်အားပေးစက်ရုံရှိ ၁၁/၁၁ ကေဗွီ၊ ၂ အမ်ဗွီအေ Isolation Transformer မှာ အမြင့်ဆုံးဝန်အား ၁.၄ မဂ္ဂါဝပ်ရှိနေပြီဖြစ်သည့်အတွက် အဆိုပါ ကျေးရွာ ၄ ရွာ အား ထပ်မံဓာတ်အားဖြန့်ဖြူးပေးနိုင်ခြင်း မရှိခဲ့ပါ။ လက်ရှိ မီးလင်းပြီးဖြစ်သည့် အင်တောမြို့နယ်နှင့် ကျေးရွာ ၁၀ ရွာနှင့် မေးမြန်းချက်ပါ ကျေးရွာ ၄ ရွာ အပါအဝင် စုစုပေါင်း ကျေးရွာ ၂၂ ရွာအထိ တိုးချဲ့ ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ဇော်ဂျီ(၂) ရေအားလျှပ်စစ်စက်ရုံမှ ကျောက်ဂူကျေးရွာအထိ ၆၆ ကေဗွီဓာတ်အားလိုင်း ၁၉ မိုင်နှင့် ၆၆/၁၁ ကေဗွီ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံ (၁)ရုံ တည်ဆောက်သွားရန် လိုအပ်ပြီး ခန့်မှန်းကုန်ကျငွေ ကျပ် ၉.၂၅၂ ဘီလီယံခန့် ကုန်ကျမှာဖြစ်ပါတယ်။ အဆိုပါ ၆၆ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ပြီးမှသာ မေးမြန်းချက်ပါ ဆီဆုံဂနိုင်ကျေးရွာ၊ စံပယ်ကုန်းကျေးရွာ၊ တောင်သူကုန်းကျေးရွာ၊ တောင်ထိပ်ကျေးရွာများအား ဓာတ်အားဖြန့်ဖြူးပေးနိုင်မှာ ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ ဇော်ဂျီ(၂)-ကျောက်ဂူ ၆၆ ကေဗွီ ဓာတ်အားလိုင်း ၁၉ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတည်ဆောက်နိုင်ရေးအတွက် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စုရန်ပုံငွေတွင် ထည့်သွင်းလျာထားပြီး ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် အဆိုပါ ၆၆ ကေဗွီဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ပြီးစီးမှသာ ကျောက်ဂူကျေးရွာအုပ်စုရှိ တောင်ပိုင်း လေးရွာဖြစ်သော ဆီဆုံဂနိုင်ကျေးရွာ၊ စံပယ်ကုန်းကျေးရွာ၊ တောင်သူကုန်းကျေးရွာ၊ တောင်ထိပ်ကျေးရွာတို့အား ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာ ၄ ရွာတွင် ထပ်မံတည်ဆောက်ရန် လိုအပ်သည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းများနှင့် ၁၁/၀.၄ ကေဗွီ ထရန်ဖော်မာတည်ဆောက်ခြင်းလုပ်ငန်းများအား ၆၆ ကေဗွီ ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံတည်ဆောက်ခြင်းလုပ်ငန်းများ ပြီးစီးမည့်ကာလနှင့် ကိုက်ညီအောင် ရှမ်းပြည်နယ်အစိုးရရန်ပုံငွေဖြင့် နှစ်အလိုက်လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြေကြားအပ်ပါတယ်။