Share this

ဦးအောင်ကျော်မင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ၏ "နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများ၌ တင်ဒါစနစ်ဖြင့် ရွေးချယ်ရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်းများ ပြည့်စုံမှန်ကန်ပြီး တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ" သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

Thursday, June 11, 2026 - 14:45
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Aung Kyaw Min

 

တတိယအကြိမ်အမျိုးသားလွှတ်တော်

ဒုတိယပုံမှန် အစည်းအဝေး၊ စတုတ္ထနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဦးအောင်ကျော်မင်း ၏ မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့် မေးခွန်း

 

နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများ၌ တင်ဒါစနစ်ဖြင့် ရွေးချယ်ရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်းများ ပြည့်စုံမှန်ကန်ပြီး တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခြင်း။

(က) နောက်ခံအကြောင်းအရင်း

နိုင်ငံတော်ရန်ပုံငွေဖြင့် ဆောင်ရွက်ရသည့် လမ်း၊ တံတားနှင့် အဆောက်အဦများ တည်ဆောက်ရေးလုပ်ငန်းများတွင် တင်ဒါခေါ်ယူရာ၌ ဌာနတစ်ခုနှင့်တစ်ခု၊ ဒေသတစ်ခုနှင့်တစ်ခု၊ တင်ဒါစည်းမျဉ်းသတ်မှတ်ချက်များ ကွဲပြားနေတတ်သည်ကို တွေ့ရှိရပါသည်။

အချို့သော တင်ဒါစည်းမျဉ်းများသည် လုပ်ငန်းရှင်ကြီးများအတွက်သာ အသာစီးရစေပြီး ဒေသခံလုပ်ငန်းရှင်ငယ်များ ယှဉ်ပြိုင်နိုင်စွမ်း မရှိစေရန် ကန့်သတ်ထားသကဲ့သို့ ဖြစ်နေနိုင်ပါသည်။ ထို့အပြင် တင်ဒါစိစစ်ရွေးချယ်မှုအပိုင်းတွင်လည်း ပွင့်လင်းမြင်သာမှု (Transparency) အားနည်းခြင်းကြောင့် ပြည်သူ့ဘဏ္ဍာငွေများ လေလွင့်မှုများနှင့် အရည်အသွေးမပြည့်မှီသော လုပ်ငန်းများဖြစ်ပေါ်စေတတ်ပါသည်။

တင်ဒါစည်းမျဉ်းများသည် ခိုင်မာမှုရှိပြီး အကတိကင်းစင်သော၊ အားလုံး တစ်ပြေးညီပါဝင်ယှဉ်ပြိုင်နိုင်သော စံနမူနာပြ တင်ဒါစနစ် (Standardized Bidding System) တစ်ခုဖြစ်ရန် အလွန်အရေးကြီးပါသည်။

(ခ) မေးခွန်း

သို့ဖြစ်၍ နိုင်ငံတော်၏ အများပြည်သူဆိုင်ရာ ဘဏ္ဍာရေးစီမံခန့်ခွဲမှု ပိုမိုကောင်းမွန်စေရန်နှင့် တရားမျှတမှုရှိစေရန်အတွက် အောက်ပါအတိုင်း ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိလိုပါသည်-

(၁) ချွင်းချက်အဖြစ် ခွင့်ပြုထားသည့် ကိစ္စရပ်များမှလွဲ၍ နိုင်ငံတဝန်းလုံးရှိ တင်ဒါခေါ်ယူသည့်ဌာနအားလုံးတွင် အသုံးပြုရမည့် တစ်ပြေးညီ စံသတ်မှတ်ချက် တင်ဒါစည်း မျဉ်းများ(Standardized Bidding Documents – SBDs) များကို ခိုင်မာစွာချမှတ်ပေးရန် အစီအစဉ် ရှိ/မရှိ။

(၂) တင်ဒါရွေးချယ်ရာတွင် ဈေးနှုန်းတစ်ခုတည်းကိုသာ အဓိကမထားဘဲ အရည်အသွေး (Technical Quality)၊ အတိတ်မှလုပ်ဆောင်ချက် (Track Record)၊ နိုင်ငံတော်အပေါ်သစ္စာစောင့်သိမှုနှင့်ဒေသခံဖြစ်မှု စသည့်အချက်များကို တိကျသည့် အမှတ်ပေးစနစ် (Scoring System)ဖြင့် ပွင့်လင်းမြင်သာစွာ ရွေးချယ်ပေးရန် အစီအစဉ် ရှိ/မရှိ။

(၃) တင်ဒါအောင်မြင်သွားသော ကုမ္ပဏီများ၏ အချက်အလက်များနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများကို ပြည်သူလူထုက အလွယ်တကူသိရှိနိုင်ရန်အတွက် ဖော်ပြပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါသည်။


 

တတိယအကြိမ် အမျိုးသားလွှတ်တော်

ဒုတိယပုံမှန် အစည်းအဝေး၊ စတုတ္ထနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) ဦးအောင်ကျော်မင်း ၏ မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်ရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၄)၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်မင်းမှ မေးမြန်းတဲ့ “ချွင်းချက်အဖြစ် ခွင့်ပြုထားသည့် ကိစ္စရပ်များမှလွဲ၍ နိုင်ငံတစ်ဝန်းလုံးရှိ တင်ဒါခေါ်ယူသည့် ဌာနအားလုံးတွင် အသုံးပြုရမည့် တစ်ပြေးညီ စံသတ်မှတ်ချက် တင်ဒါစည်းမျဉ်းများ (Standardized Bidding Documents-SBDs)များကို ခိုင်မာစွာချမှတ်ပေးရန် အစီအစဉ်ရှိ/မရှိ” မေးခွန်းနှင့် စပ်လျဉ်း၍ ဖြေကြားသွားမှာ ဖြစ်ပါတယ်။

လေးစားအပ်ပါသောဥက္ကဋ္ဌကြီးခင်ဗျား

Power Point ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျား။

တင်ဒါနှင့်ပတ်သက်၍ လမ်းညွှန်ချက်များအနေဖြင့် ယခင်နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည့် အစိုးရဌာန၊ အဖွဲ့အစည်းများ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်းနှင့် ရောင်းခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံးလုပ်နည်း ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)၊ တည်ဆောက်ရေးလုပ်ငန်းများအတွက် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ တောင်ခံခြင်းနှင့် တင်ဒါဆိုင်ရာ စံသတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်အမှတ် (၇/၂၀၂၀)၊ အစိုးရ၏ ဝယ်ယူခြင်း၊ နိုင်ငံပိုင်ပစ္စည်းများ ထုခွဲခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၂)၊ ငလျင်နှင့်ပတ်သက်၍ မန္တလေးငလျင်ကြီးဒဏ်သင့် နိုင်ငံအဆောက်အအုံများအား ပြုပြင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းဆိုင်ရာ ညွှန်ကြားချက်အမှတ် (၁/၂၀၂၅) တို့ကို ထုတ်ပြန်ထားပြီးဖြစ်ပါ၍ လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမှာဖြစ်ပါတယ်။

“တင်ဒါရွေးချယ်ရာတွင် ဈေးနှုန်းတစ်ခုတည်းကိုသာ အဓိကမထားဘဲ အရည်အသွေး (Techinal Quality)၊ အတိတ်မှ လုပ်ဆောင်ချက် (Track Record)၊ နိုင်ငံတော်အပေါ်သစ္စာစောင့် သိမှုနှင့် ဒေသခံဖြစ်မှု စသည့်အချက်များကို တိကျသည့် အမှတ်ပေးစနစ် (Scoring System)ဖြင့် ပွင့်လင်းမြင်သာစွာ ရွေးချယ်ပေးရန် အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် မေးခွန်းအား ဆက်လက်ဖြေကြားလိုပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား

တင်ဒါဖွင့်ဖောက်ရွေးချယ်ရာတွင် ဈေးနှုန်းတစ်ခုတည်းကိုသာ အဓိကမထားဘဲ ရွေးချယ်ခြင်းနှင့် ပတ်သက်၍ ယခင် နိုင်ငံတော်သမ္မတရုံးညွှန်ကြားချက်အမှတ် (၇/၂၀၂၀)၊ စာပိုဒ်-၆၂တွင် ကျပ်သန်း ၃၀၀ နှင့်အောက်နည်းပညာအောင်မြင်သည့် အဖွဲ့များ၏ ဈေးနှုန်းအဆိုပြုလွှာအား ဖွင့်ဖောက်၍ ဈေးနှုန်းအနိမ့်ဆုံးတင်သွင်းသူကို ရွေးချယ်ရမည်ဟူ၍လည်းကောင်း၊ စာပိုဒ်-၆၃တွင် ကျပ်သန်း ၃၀၀ အထက်ရှိသော တည်ဆောက်ရေးလုပ်ငန်းများအတွက် (အနည်းဆုံးဈေးနှုန်းကိုသာ ရွေးချယ်ရမည် မဟုတ်ဘဲ) နည်းပညာစံချိန်စံညွှန်း ကိုက်ညီသော တင်ဒါသွင်းသူများအနက်မှ (နည်းပညာရမှတ်နှင့် ဈေးနှုန်းရမှတ်) စုစုပေါင်းရမှတ် အများဆုံးရရှိသည့် တင်ဒါတင်သွင်းသူကို ရွေးချယ်ရမည်ဟူ၍လည်းကောင်း ပါရှိသည့်အပြင် နည်းပညာရမှတ်နှင့် ဈေးနှုန်းရမှတ်တို့၏ ရာခိုင်နှုန်းသတ်မှတ်ချက်များကိုပါ ဖော်ပြထားပြီးဖြစ်ပါတယ်။

ဒါ့အပြင် စာပိုဒ်-၉၂ မှ ၉၈ အထိ စာပိုဒ်များတွင် ဒေသအတွင်းရှိ အသေးစားနှင့် အလတ်စားဆောက်လုပ်ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်နိုင်စေရန်နှင့် ပြည်တွင်းလုပ်သားနှင့် ထုတ်ကုန်များကို ပိုမိုငှားရမ်းသုံးစွဲကြစေရန်၊ တင်ဒါတင်သွင်းသူ၏ ဘဏ္ဍာရေးအခြေအနေနှင့် အလားတူ လုပ်ငန်းအတွေ့အကြုံလိုအပ်ချက်အမှတ်များကို အတိုးအလျော့သတ်မှတ်နိုင်သည်ဟု ဖော်ပြထားပြီးဖြစ်ပါသဖြင့် ၎င်းညွှန်ကြားချက်များအတိုင်းလိုက်နား၍ အမှတ်ပေးစနစ် သတ်မှတ် ရွေးချယ်သွားရမှာ ဖြစ်ပါတယ်။

“တင်ဒါအောင်မြင်သွားသော ကုမ္ပဏီများ၏ အချက်အလက်များနှင့် လုပ်ငန်းပြီးစီးမှုအခြေအနေများကို ပြည်သူလူထုက အလွယ်တကူသိရှိနိုင်ရန်အတွက် ဖော်ပြပေးရန် အစီအစဉ် ရှိ/မရှိ” နှင့်စပ်လျဉ်းသည့် မေးခွန်းအား ဆက်လက်ဖြေကြားလိုပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား

တင်ဒါအောင်မြင်သွားသော ကုမ္ပဏီများ၏ အချက်အလက်များနှင့် လုပ်ငန်းပြီးစီးမှု အခြေအနေများကို ပြည်သူလူထုက အလွယ်တကူသိရှိနိုင်ရန်အတွက် ယခင်နိုင်ငံတော်သမ္မတရုံး၊ ညွှန်ကြားချက်အမှတ်(၇/၂၀၂၀)၊ စာပိုဒ်-၁၁၀ နှင့် စာပိုဒ်-၁၁(က) တို့တွင် တင်ဒါအောင်မြင်သူများစာရင်းနှင့် တည်ဆောက်ရေးလုပ်ငန်းတိုးတက်မှုများကို အများပြည်သူလွယ်လင့်တကူသိရှိနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာန၏ ကြော်ငြာသင်ပုန်း Website တွင် လွှင့်တင်ထားရမည်ဟုပါရှိပြီး ဖြစ်ပါသဖြင့် ကိုယ်စားလှယ်တော်ကြီး မေးမြန်းသည့် အချက်များအားလုံးမှာ လက်ရှိတွင် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။ မရှင်းလင်းသည်များနှင့် ထပ်မံသိရှိလိုပါက ဝန်ကြီးဌာနသို့ လာရောက်ဆွေးနွေးနိုင်ပါကြောင်း ဖိတ်ကြားအပ်ပါတယ်ခင်ဗျား။

အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။