ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
စတုတ္ထနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၁၂ ရက်
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်)
[ကြာသပတေးနေ့]
၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂၀၉)ဦးရှိပြီး (၂၀၈)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။
ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း
၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၁)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူ မရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသား လွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်။
(က) ဦးသိန်းလှိုင်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၇) ၏ မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ ကိုဓဥပဒေကို ပြုစုထုတ်ဝေ၍ ကိုဓဥပဒေပြဋ္ဌာန်းချက်ပါအတိုင်း လိုက်နာကျင့်သုံးစေရေး ဆောင်ရွက်နိုင်ပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုအပေါ် မည်သို့အရေးယူ ဆောင်ရွက် ထားသည်ကို သိရှိလိုခြင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က မြန်မာနိုင်ငံ အဆောက်အအုံဆိုင်ရာ စံချိန်စံညွှန်း လမ်းညွှန်ချက်များ ၂၀၂၅ (Myanmar National Building Code-2025) အား မဖြစ်မနေလိုက်နာကျင့်သုံး ဆောင်ရွက်နိုင်ရန်အတွက် ဆောက်လုပ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို လည်း ၄-၂-၂၀၂၆ ရက်နေ့တွင် ပြည်ထောင်စုအစိုးရအဖွဲ့၏ သဘောတူညီချက်အရ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီဥပဒေအမှတ် ၅/၂၀၂၆ ဖြင့် ထုတ်ပြန်ကြေညာခဲ့ပြီး နည်းဥပဒေများ ဆက်လက်ရေးဆွဲလျက်ရှိပါကြောင်းနှင့် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုအပေါ် ရှင်းလင်းဖော်ပြခဲ့သည့်အတိုင်း ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားပါသည်။
(ခ) စိုင်းဝင်းခိုင်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၀)၏ ရှမ်းပြည်နယ်၊ တန့်ယန်းမြို့တွင်း လမ်းပန်းဆက်သွယ်မှု သာယာကောင်းမွန်ရေးအတွက် မဟာဗျူဟာလမ်းဖြစ်သည့် “နောင်ဖာ”မိန်းလမ်းမကြီး အရှည် (၅၀၀၀)ပေ၊ အကျယ်(၂၀)ပေ၊ အမြင့်(၈)လက်မအား ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က တန့်ယန်း-နောင်ဖာလမ်းရဲ့ တန့်ယန်းမြို့နယ်အတွင်း ပေ ၅၀၀၀ အရှည်(၈)လက်မထု ပြုပြင်ခြင်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး ရှမ်းပြည်နယ်၏ ဒေသန္တရစီမံကိန်းတွင် ထည့်သွင်း၍ ပြည်နယ်ရန်ပုံငွေ လျာထားပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
(ဂ) ဦးအောင်ကျော်မင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၄) ၏ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်းကွန်ရက် များအား မိုးရာသီကာလအတွင်း ပျက်စီးမှုများဖြစ်ပေါ်ပါက အချိန်နှင့်တစ်ပြေးညီ ပြုပြင်ထိန်းသိမ်းနိုင်မည့် ချက်ချင်းပျက်/ ချက်ချင်းပြင် (Immediate Repair/ Routine Maintenance) မူဝါဒချမှတ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ လမ်းကွန်ရက်များကို ချက်ချင်းပျက်၊ ချက်ချင်းပြင်စနစ်ဖြင့် မိုးတွင်းကာလတွင် လမ်းပေါက်များနှင့် လမ်းပျက်စီးမှု များကို ထိန်းသိမ်းပြုပြင်ခြင်းများဆောင်ရွက်ရန် မူဝါဒချမှတ်ထားရှိပြီး လက်ရှိတွင် လမ်းပျက်စီးမှုများကိုလည်း ပြင်ဆင်ထိန်းသိမ်းခြင်း ပုံစံ(၂)မျိုးဖြစ်သည့် ကြိုတင်ရော ကျောက်ကတ္တရာ(Premix) ဖြင့် ဖာထေးခြင်း၊ ကျောက်ဖြည့် သဲညှပ်စနစ် (Waterbound) ဖြင့် လမ်းပေါက်ဖာထေးခြင်းများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် သတ်မှတ်တန်ချိန်ထက် ပိုမိုတင်ဆောင်ဖြတ်သန်းသော ယာဉ်များကိုလည်း ကာကွယ်တားဆီးသွားမည်ဖြစ်ပြီး မိုးကုန်ပြီး ပွင့်လင်းရာသီရောက်ရှိသည့်အခါတွင် လမ်းပျက်စီးမှုပေါ်မူတည်၍ ရန်ပုံငွေလျာထားကာ ရန်ပုံငွေရရှိမှုပေါ်မူတည်ပြီး ပြုပြင်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
(ဃ) ဦးအောင်ကျော်မင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၄) ၏ နိုင်ငံတော်ဘဏ္ဍာငွေဖြင့် ဆောင်ရွက်သော တည်ဆောက်ရေးလုပ်ငန်းများ၌ တင်ဒါစနစ်ဖြင့် ရွေးချယ်ရာတွင် တင်ဒါစည်းမျဉ်းစည်းကမ်းများ ပြည့်စုံမှန်ကန်ပြီး တစ်ပြေးညီဖြစ်စေရေး ဆောင်ရွက် ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က တင်ဒါနှင့် ပတ်သတ်၍ လမ်းညွှန်ချက်များ အနေဖြင့် ယခင်နိုင်ငံတော်သမ္မတရုံးမှ ထုတ်ပြန်ခဲ့သည့် အစိုးရဌာနအဖွဲ့အစည်း များ၏ တည်ဆောက်ခြင်း၊ ပစ္စည်းဝယ်ယူခြင်း၊ ဝန်ဆောင်မှုရယူခြင်း၊ ငှားရမ်းခြင်း နှင့် ရောင်းချခြင်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် တင်ဒါလုပ်ထုံး လုပ်နည်း ညွှန်ကြားချက်အမှတ် (၁/၂၀၁၇)၊ တည်ဆောက်ရေးလုပ်ငန်းများ အတွက် နိုင်ငံတော်ဘဏ္ဍာရန်ပုံငွေ တောင်းခံခြင်းနှင့် တင်ဒါဆိုင်ရာ စံသတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းဆိုင်ရာ ညွှန်ကြားချက်အမှတ် (၇/၂၀၂၀)၊ အစိုးရ၏ ဝယ်ယူခြင်း၊ နိုင်ငံပိုင်ပစ္စည်းများ ထုခွဲခြင်းနှင့် ငှားရမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုက်နာရမည့် ညွှန်ကြားချက်အမှတ်(၁/၂၀၂၂)၊ ငလျင်နှင့်ပတ်သက်၍ မန္တလေးငလျင်ကြီးဒဏ်သင့် နိုင်ငံပိုင်အဆောက်အဦများအား ပြုပြင်ခြင်းနှင့် ပြန်လည်တည်ဆောက်ခြင်းဆိုင်ရာ ညွှန်ကြားချက်အမှတ် (၁/၂၀၂၅) တို့ကို ထုတ်ပြန်ထားပြီးဖြစ်ပါ၍ လမ်းညွှန်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းကို တင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်း
၅။ အမျိုးသားလွှတ်တော် ဥပဒေကြမ်းကော်မတီ၊ လွှတ်တော်အခွင့်အရေးကော်မတီ၊ အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များစိစစ်ရေးကော်မတီနှင့် နိုင်ငံတကာဆက်ဆံရေး ကော်မတီများတွင် အဖွဲ့ဝင်နေရာများ အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်းသည့် တင်ပြချက် ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
အတည်ပြုချက်ရယူခြင်းနှင့် အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီဖွဲ့စည်းကြောင်း ကြေညာခြင်း
၆။ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီတွင်ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်းသည့် တင်ပြချက်ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်းနှင့် အမည်စာရင်း တင်ပြခြင်း
၇။ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးဝင်းလှိုင် က ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။
၈။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ ကျန်းမာရေးနှင့် အားကစားဆိုင်ရာ ကော်မတီကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၅)ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဒေါက်တာနိုင်လင်းအားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဒေါက်တာအမ်ဇော်လတ်(ခ)ဆမ်းမားကို့(စ်) အားလည်းကောင်း တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တင်ပြပါသည်။
၉။ အစည်းအဝေးကို ၁၁:၀၄ နာရီ အချိန်တွင် ရပ်နားပြီး ပဉ္စမနေ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက် (သောကြာနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်