Share this

ဦးခင်မောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ၏ "မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ စိုက်ပျိုးမြေဧရိယာများ ရေအပြည့်အဝရရှိစေရန်နှင့် စိုက်ပျိုးရေကို ပမာဏလုံလောက်စွာ သိုလှောင်နိုင်ရန်အတွက် သင်းတွဲမြောင်းဖျားတွင်ရှိသော စွန်ရဲကန်အား ပြုပြင်ထိန်းသိမ်းပေးရန် အစီအစဉ် ရှိ/မရှိ"နှင့် စပ်လျဉ်းသည့် မေးခွန်း

Friday, June 12, 2026 - 13:12
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ



U Khin Maung Win

 

တတိယအကြိမ်အမျိုးသားလွှတ်တော်

ဒုတိယပုံမှန် အစည်းအဝေး၊ ပဥ္စမနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်)

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးခင်မောင်ဝင်း ၏ မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့်မေးခွန်း

 

ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဇော်ဂျီရေသောက်စနစ် သင်းတွဲမြောင်းဖျားရှိ စွန်ရဲကန်အား ပြုပြင်ထိန်းသိမ်းပေးနိုင်ပါရန်တင်ပြခြင်း -

စွန်ရဲကန်သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဇော်ဂျီရေ သောက်စနစ်၊ သင်းတွဲရေလွှဲဆည်၏ သင်းတွဲမြောင်းအဆုံး စွန်ရဲကျေးရွာအနီးတွင် တည်ရှိပါသည်။ ကန်၏ဧရိယာအကျယ်မှာ (၁၄၆၀)ဧက ကျယ်ဝန်းပါသည်။ စွန်ရဲကန်မှ ရေထုတ်တံခါးဖြင့် ရှမ်းကန်မြောင်းအတွင်းသို့ ရေထည့်ကာ လယ်ဧက (၂၅၀၅)ဧကကို စိုက်ပျိုးရေးပေးဝေနေသော ကန်ကြီးတစ်ခုဖြစ်ပါသည်။

ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုးရေအသုံးပြုနေသည့်အပြင် သောက်သုံးရေအဖြစ်လည်း အသုံးပြုကြပါသည်။ ရေသယံဇာတများ၊ ရေပျော်ငှက်များ၊ ဆောင်းခိုငှက်များနှင့် ဇီဝမျိုးကွဲများ ပေါကြွယ်ဝပြီး သဘာဝရေမြေအနေအထား ကောင်းမွန်သည့် ကန်တစ်ကန်ဖြစ်ပါသည်။

အနော်ရထာမင်းလက်ထက်မှစ၍ တည်ရှိလာသော ကန်တစ်ကန်လည်းဖြစ်ပါသည်။ ၂၀၁၃ ခုနှစ်တွင် စွန်ရဲကန်၏ တောင်ဘက်အပိုင်းဧရိယာကိုပြုပြင်ရန် ရန်ပုံငွေရရှိခဲ့သဖြင့် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းကို ဆောင်ရွက်နိုင်ခဲ့ပါသည်။ စွန်ရဲကန်၏ မြောက်ဖက်နှင့် အလယ်ပိုင်းဧရိယာများကို သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိခဲ့ပါ။

သို့ဖြစ်ပါ၍ ကန်အတွင်း စိုက်ပျိုးရေပျိုးရေပမာဏ လုံလောက်အောင် သိုလှောင်နိုင်ရန်နှင့် စိုက်ပျိုးမြေများအား ရေအပြည့်အဝပေးနိုင်ရန်အတွက် စွန်ရဲကန်သဲနုန်းတူးဖော်ခြင်း လုပ်ငန်းအား ဆောင်ရွက်ပေးနိုင်ပါရန် မေးမြန်အပ်ခြင်းဖြစ်ပါတယ်ခင်ဗျား-


 

တတိယအကြိမ် အမျိုးသားလွှတ်တော်

ဒုတိယပုံမှန် အစည်းအဝေး၊ ပဥ္စမနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်)

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးခင်မောင်ဝင်း ၏ မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ဧည့်သည်တော်ကြီးများ ခင်ဗျား။

မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါကြောင်းနှင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဖြစ်ပါတယ်။

အချက်အလက်များဖြင့် တင်ပြနိုင်ရန်အတွက် Power Point အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။

၁။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၏ စဉ့်ကိုင်မြို့နယ် ဇော်ဂျီရေသောက်စနစ်၊ သင်းတွဲမြောင်းဖျားရှိ စွန်ရဲကန်အား သဲနုန်းများ တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမှာ ဖြစ်ပါတယ်။

၂။ လွှတ်တော်ကိုယ်စားလှယ်မေးခွန်ပါ စွန်ရဲကန်သည် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းတည်ရှိပြီး ကန်ဧရိယာ (၁၄၆၀) ဧကခန့်၊ ကန်ရေပြည့်သိုလှောင်နိုင်သည့် ပမာဏ (၁၁၉၈၂) ဧကပေ၊ ကန်ရေပြည့်အနက် (၁၀)ပေရှိပြီး ဇော်ဂျီရေသောက်စနစ်၊ သင်းတွဲရေလွှဲဆည်၏ သင်းတွဲမြောင်းအဆုံးမှ စွန်ရဲကန်အတွင်းသို့ ရေဖြည့်သွင်း၍ ရှမ်းကန်ရေပေးမြောင်းမှတစ်ဆင့် စိုက်ပျိုးမြေ (၂၄၄၄) ဧကခန့်ကို စိုက်ပျိုးရေပေးဝေလျက် ရှိပါတယ်။ စွန်ရဲကန်မှာ မြန်မာနိုင်ငံအပူပိုင်းဒေသတွင် သဘာဝအတိုင်း တည်ရှိနေသာ ရေချိုရေဝပ်ဒေသ အင်းအမျိုးအစားဖြစ်ပြီး ငါးလုပ်ငန်းဦးစီးဌာန ထိန်းသိမ်းထားရှိကာ ရေသယံဇာတ ရေပျော်ငှက်များ၊ ဆောင်းခိုငှက်များနှင့် ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသည့်အပြင် သဘာဝရေမြေအနေအထား ကောင်းမွန်သည့် ဧရိယာတစ်ခုဖြစ်သောကြောင့် သဘာဝအခြေခံ ခရီးသွားလုပ်ငန်းများ လုပ်ဆောင်သည့် နေရာတစ်ခုဖြစ်ပါတယ်။

၃။ ဌာနမှ တည်ဆောက်ထိန်းသိမ်းထားရှိသည့် ကျိုင်းခမ်းရေလှောင်တမံ၊ ဇော်ဂျီရေလှောင်တမံနှင့် မြို့ကြီးရေလှောင်တမံတို့အတွင်း ရေပိုမိုသိုလှောင်ထားရှိပြီး ဇော်ဂျီရေသောက်စနစ်အတွင်း စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်းခြင်းကြောင့် သင်းတွဲရေလွှဲဆည်၏ သင်းတွဲမြောင်းမှတစ်ဆင့် စွန်ရဲကန်အတွင်းသို့ ရေပိုမိုဖြည့်သွင်းလျက်ရှိသည့်အပြင် (၂၀၂၁) ခုနှစ်မှစတင်၍ စဉ့်ကိုင်မြို့နယ်အတွင်း မိုးရွာသွန်းမှုများပြားသည့်အတွက် ကန်အတွင်းစီးဝင်သည့် လင်းဝှက်ချောင်းမှလည်း ရေဝင်ရောက်မှု ကောင်းမွန်လျက်ရှိပါတယ်။ ၂၆-၄-၂၀၂၆ ရက်နေ့တွင် စွန်ရဲကန်အတွင်းရေ အနက်(၈) ပေနှင့် သိုလှောင်ရေ ပမာဏမှာ (၉၁၇၇) ဧကပေအထိ သိုလှောင်ထားရှိပါတယ်။

၄။ ၂၀၁၃ ခုနှစ်တွင် စဉ့်ကိုင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဦးကြည်ပြုံးမှ ပထမအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝး၌ “တိမ်ကောနေသော စွန်ရဲကန်အတွင်းရှိ သဲနုန်းများ ပြန်လည်တူးဖော်ပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိ” ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခဲ့ပါတယ်။ ထိုသို့ မေးမြန်းခဲ့မှုနှင့်စပ်လျဉ်း၍ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ (၂၀၁၂-၂၀၁၃) ဘဏ္ဍာရေးနှစ်တွင် ရန်ပုံငွေတင်ပြတောင်းခံ၍ စွန်ရဲကန်အတွင်း သဲနုန်းတူးဖော်ရန် ဦးစားပေးလျာထားသည့် မြေကြီးကျင်း (၄)သိန်းကျော်အနက် မြေကြီးကျင်းပေါင်း (၁)သိန်းကို သဲနုန်း တူးဖော်ဆောင်ရွက်နိုင်ခဲ့ပါတယ်။

၅။ (၂၀၁၈)ခုနှစ်တွင် စဉ့်ကိုင်မြို့နယ် မဲဆန္ဒနယ်မြေအမှတ်-၂ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်မှ “ကျန်ရှိ မြေကြီးကျင်းများအား ဆက်လက်တူးဖော်နိုင်ရန်အတွက်” ကြယ်ပွင့်မပြမေးခွန်း ဆက်လက်မေးမြန်းခဲ့ပါတယ်။ အဆိုပါ မေးခွန်းအပေါ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ လုပ်ငန်းဆောင်ရွက်ရန်အတွက် ၎င်းကာလ ဒေသပေါက်ဈေးနှုန်းဖြင့် ခန့်မှန်းခြေစာရင်း ရေးဆွဲတင်ပြခဲ့ရာ ကျပ်(၇)ဘီလီယံခန့် ထပ်မံကုန်ကျမည်ဖြစ်၍ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လမ်းညွှန်ချက်အရ ကုန်ကျစရိတ်နှင့် အကျိုးအမြတ် မမျှတမှုကြောင့် စွန်ရဲကန်အတွင်း သဲနုန်းတူးဖော်ခြင်းကို ဆက်လက်ဆောင်ရွက်ခြင်း မပြုခဲ့ပါကြောင်း တင်ပြအပ်ပါတယ်။ (၂၀၂၄)ခုနှစ်၊ စက်တင်ဘာလ အတွင်း ရာဂီမုန်တိုင်းရေကြီးရေလျှံမှု ဖြစ်စဉ်များကြောင့် ကန်အတွင်း အချို့နေရာများတွင် သဲနုန်းပို့ချပြီး တိမ်ကောမှုရှိခဲ့သော်လည်း သင်းတွဲမြောင်းမှတစ်ဆင့် နှစ်စဉ် စိုက်ပျိုးရာသီတစ်လျောက် ရေဖြည့်သွင်းနိုင်လျက်ရှိသောကြောင့် စွန်ရဲကန်၏ စိုက်ပျိုးရေးပေးဝေမှုကို ထိခိုက်ခြင်း မရှိခဲ့ပါ။ ယခုလက်ရှိ အခြေအနေအရ စွန်ရဲကန်အား မူလရေဝပ်ဧရိယာ ပြန်လည်ရရှိအောင် သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက မြေကြီးလုပ်ငန်းပမာဏ စုစုပေါင်း ကျင်း(၉)သိန်းကျော်ခန့် ဆောင်ရွက်ရမည်ဖြစ်ပြီး လက်ရှိဒေသ ပေါက်ဈေးနှုန်းအရ ရန်ပုံငွေ ကျပ်(၂၀)ဘီလီယံခန့် ကုန်ကျနိုင်မှာ ဖြစ်ပါတယ်။

၆။ (၂၀၂၆) ခုနှစ်၊ စွန်ရဲကန်၏ လက်ရှိအခြေအနေပြ Google Map၊ စွန်ရဲကန်အတွင်း သဘာဝအတိုင်း ကြာပင်များဖြစ်တည်နေပုံနှင့် စွန်ရဲကန်ရဲ့ လက်ရှိအခြေအနေပြ ဓာတ်ပုံဖြစ်ပါတယ်။

၇။ သို့ဖြစ်ပါ၍ စွန်ရဲကန်အတွင်း ရေဝင်ရောက်မှု ပိုမိုကောင်းမွန်စေရန်အတွက် ကန်အတွင်းရေကူဖြည့်တင်းသည့် သင်းတွဲမြောင်းနှင့် ရေဝင်ချောင်းဖြစ်သည့် လင်းဝှက်ချောင်း ရေလမ်းတို့အား ဌာနမှ ထိန်းသိမ်းစီမံလျက်ရှိသလို ဒေသခံပြည်သူများမှလည်း ဝိုင်းဝန်းထိန်းသိမ်းပေးနိုင်ရေး စည်းရုံးဆောင်ရွက်ပေးပါရန် တင်ပြအပ်ပါတယ်။ (၂၀၂၁) ခုနှစ်မှစတင်၍ စွန်ရဲကန်အတွင်း ကန်ရေပြည့်ပမာဏနီးပါးအထိ ရေသိုလှောင်ထားနိုင်ပြီး မိုးသီးနှံ၊ နွေသီးနှံ စိုက်ဧကများအား စိုက်ပျိုးရေပြည့်ဝစွာ ပေးဝေနိုင်လျက်ရှိခြင်း၊ စွန်ရဲအင်းမွေးမြူရေးဇုန်နှင့် အနီးပတ်ဝန်းကျင် ကျေးရွာများသို့ သောက်သုံးရေလုံလောက်စွာ ပေးဝေနိုင်လျက်ရှိခြင်း၊ စွန်ရဲကန်၏မူလရေဝပ်ဧရိယာ ပြန်လည်ရရှိအောင် သဲနုန်းတူးဖော်လျှင် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ ကြီးမားများပြားပြီး ရန်ပုံငွေလိုအပ်ချက်လည်း များပြားလွန်းခြင်းတို့ကြောင့် ယခုလက်ရှိအခြေအနေအရ စွန်ရဲကန်အား သဲနုန်းတူးဖော်ဆောင်ရွက်ရန် သင့်လျော်မှုမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။