တတိယအကြိမ်အမျိုးသားလွှတ်တော်
ဒုတိယပုံမှန်အစည်းအဝေး၊ ပဥ္စမနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်)
ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့်မေးခွန်း
လပ္ပတ္တာမြို့နယ်အတွင်းရှိ လပ္ပတ္တာတောင်ကျွန်း၊ လပ္ပတ္တာမြောက်ကျွန်း၊ ဘီတွက်ကျွန်းအပိုင်း(၁)နှင့် ဘီတွက်ကျွန်းအပိုင်း(၃)ရှိ ရေငန်တား ကျွန်းပတ်တာများနှင့် ရေထိန်းတံတားများကို လွန်ခဲ့သောနှစ်ပေါင်း (၄၀)ခန့်က တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး လယ်သမားများနှင့် ကျေးလက်နေပြည်သူများကို နှစ်ပေါင်းများစွာ အကျိုးပြုခဲ့ကြပါတယ်။ လပ္ပတ္တာတောင်ကျွန်းတွင် တာမိုင်(၂၀.၅)မိုင်ရှိပြီး ရေတံခါး(၃)ခု၊ ၄ ပေ ရေထွက်ပေါက် (၁၅)ပေါက် ရှိပါသည်။ လပ္ပတ္တာမြောက်ကျွန်းတွင် တာမိုင်(၃၈.၃၆)မိုင်ရှိပြီး ရေတံခါး(၁၀)ခု၊ (၄) ပေ ရေထွက်ပေါက် (၅၂)ပေါက် ရှိပါသည်။ ဘီတွက်ကျွန်းအပိုင်း (၁)တွင်တာ မိုင်(၁၅)မိုင်ရှိပြီး ရေတံခါး (၂)နှစ်ခု၊ (၄)ပေ ရေထွက်ပေါက်(၁၀)ပေါက်ရှိပါသည်။ ဘီတွက်ကျွန်းအပိုင်း (၃)တွင် တာမိုင်(၃၀)မိုင်ရှိပြီး ရေတံခါး(၅)ခု၊ (၄)ပေရေထွက်ပေါက် (၁၄) ပေါက်ရှိပါသည်။ တာလျော၊ တာနိမ့်ခြင်းနှင့် ရေတံခါးများကို နှစ်အလိုက် ပြုပြင်ထိန်းသိမ်းလာခဲ့တာ ယခုအချိန်ထိ အကျိုးပြုနေဆဲဖြစ်ပါသည်။ သို့သော် နှစ်ကာကြာမြင့်လာတော့ ရေငန်တားပတ်တာများက အသားကျသွားသော်လည်း ရေထိန်းတံခါးအချို့ ယိုယွင်းလာပါတယ်။ ရေငန်တိုက်စားမှုနှင့် ရာသီဥတုဒဏ်ကြောင့် တံခါးရွက်များပျက်စီးလာပြီး ပြင်ပရေငန်များစိမ့်ဝင်မှုရှိလာသောကြောင့် တံခါးရွက်များ ပျက်စီးလာပြီး ပြင်ပရေငန်များစိမ့်ဝင်မှုရှိလာသောကြောင့် တာအတွင်းရေအရည်အသွေး ကျဆင်းကာ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ကျွဲနွားများအပါအဝင် တိရစ္ဆာန်များ သောက်သုံးရေအတွက် အခက်အခဲဖြစ်လာပါတယ်။ သို့ဖြစ်ပါ၍ ရေထိန်းတံခါးများ ပြင်ပရေငန်များ ဝင်ရောက်မှုမရှိစေရန် ပြုပြင်ပေးခြင်း(သို့) လိုအပ်ပါက အသစ်တည်ဆောက်ပေးခြင်းတို့ကို ဆောင်ရွက်ပေးရန် မေးမြန်းတင်ပြခြင်းဖြစ်ပါတယ်။
ထို့အတူ တာအတွင်းမှ ချောင်းမြောင်းများမှာလည်း နှစ်ကာလကြာမြင့်လာသည့်အလျောက် အနည်းကျပိတ်ဆို့လာကာ ချောင်းကော၊ မြောင်းကောများ ဖြစ်လာကြပါတယ်။ နှစ်အလိုက် တူးဖော်မှုလုပ်ငန်းများ ဆောင်ရွက်ကြသော်လည်း ဆောင်ရွက်ရန်လိုအပ်ချက်များစွာ ကျန်ရှိနေပါသေးတယ်။ သို့ဖြစ်ပါ၍ အစီအစဉ်များရေးဆွဲပြီး ဦးစားပေးအတိုင်း ဘဏ္ဍာရေးနှစ်အလိုက် ချောင်းကော၊ မြောင်းကောများ တူးဖော်ပေးရန် မေးမြန်းတင်ပြခြင်းဖြစ်ပါသည်။
တတိယအကြိမ်အမျိုးသားလွှတ်တော်
ဒုတိယပုံမှန် အစည်းအဝေး၊ ပဥ္စမနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်)
ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိန်လင်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ဧည့်သည်တော်ကြီးများခင်ဗျား။
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဖြစ်ပါတယ်။
အချက်အလက်များဖြင့် တင်ပြနိုင်ရန် Power Point အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။
၁။ ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၅)မှ အမျိုးသားလွတ်တော်ကိုယ်စားလှယ် ဦးထိန်လင်း၏ လပ္ပတ္တာမြို့နယ်၊ ရေငန်တား ကျွန်းပတ်တာများအတွင်းရှိ ရေတံခါးများ ပြုပြင်ပေးရန်နှင့် ချောင်းကော မြောင်းကောများကို ဘဏ္ဍာရေးနှစ်အလိုက် အစီအစဉ်များရေးဆွဲပြီး ဦးစားပေးအစီအစဉ်အတိုင်း တူးဖော်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောက်ဝန်ကြီးဌာနမှ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမှာဖြစ်ပါတယ်။
၂။ ဧရာဝတီတိုင်းဒေသကြီး၊ လပ္ပတ္တာမြို့နယ်အတွင်းရှိ ရေငန်တားကျွန်းပတ်တာများမှ လပ္ပတ္တာမြို့နယ်၊ ဘီတွဒ်ကျွန်း အပိုင်း(၁) တာနှင့် ဘီတွဒ်ကျွန်း အပိုင်း(၃)တာတို့ကို အောက်မြန်မာ စပါးစိုက်ပျိုးမှုတိုးတက်ဖွံ့ဖြိုးရေးစီမံကိန်း အပိုင်း(၁)ဖြင့် ၁၉၈၄ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါတယ်။
၃။ ကျွန်းပတ်တာအတွင်း ပိုလျှံမိုးရေများအား စွန့်ထုတ်နိုင်ရန်နှင့် ကျွန်းပြင်ပမှ ရေငန်ဝင်ရောက်မှုကာကွယ်ရန်အတွက် ဘီတွဒ်ကျွန်း အပိုင်း(၁)တာတွင် ရေတံခါး(၂)လုံးနှင့် ဘီတွဒ်ကျွန်း အပိုင်း(၃)တာတွင် ရေတံခါး(၅)လုံး ထည့်သွင်းတည်ဆောက်ထားခဲ့ပါတယ်။
၄။ ထို့အတူ လပ္ပတ္တာတောင်ကျွန်းတာနှင့် လပ္ပတ္တာမြောက်ကျွန်းတာတို့ကိုလည်း အောက်မြန်မာပြည် စပါးစိုက်ပျိုးမှုတိုးတက်ဖွံ့ဖြိုးရေးတိုးတက်ဖွံ့ဖြိုးရေးစီမံကိန်း အပိုင်း(၂)ဖြင့် ၁၉၈၉ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပါတယ်။ လပ္ပတ္တာတောင်ကျွန်းတာတွင် ရေတံခါး(၃)လုံးနှင့် လပ္ပတ္တာမြောက်ကျွန်းတာတွင် ရေတံခါး(၁၁)လုံး ထည့်သွင်းတည်ဆောက်ထားခဲ့ပါတယ်။
၅။ ဘီတွဒ်ကျွန်း အပိုင်း(၁) အကျိုးပြုဧရိယာ(၆၁၀၅)ဧက၊ ဘီတွဒ်ကျွန်း အပိုင်း(၃) အကျိုးပြုဧရိယာ(၉၃၇၈)ဧက၊ လပ္ပတ္တာမြောက်ကျွန်း အကျိုးပြုဧရိယာ (၂၆၈၂၃)ဧက၊ လပ္ပတ္တာတောင်ကျွန်းအကျိုး အကျိုးပြုဧရိယာ(၁၁၈၀၉)ဧကတို့ကို ကာကွယ်ထားရှိပါတယ်။
၆။ လပ္ပတ္တာဒေသသည် ပင်လယ်နှင့်ထိစပ်နေသော ဒေသဖြစ်ပါသဖြင့် မိုးစပါးစိုက်ပျိုးမှု အောင်မြင်ဖြစ်ထွန်းစေရန်အတွက် ကျွန်းပတ်တာများဖြင့် ကာကွယ်တည်ဆောက်ထားရပါတယ်။
၇။ ကျွန်းပတ်တာများတွင် မိုးရာသီ၌ ကျွန်းတွင်းပိုလျှံမိုးရေများအား စွန့်ထုတ်နိုင်ရန် ရေနုတ်မြောင်းများ တူးဖော်ထားပြီး ရေတံခါးများထည့်သွင်းတည်ဆောက်ထားပါတယ်။
၈။ အဆိုပါ ရေတံခါးများတွင် တပ်ဆင်ထားသော ရေတံခါးရွက်များမှာ နှစ်ကာလကြာမြင့်လာပြီဖြစ်၍ ကြံ့ခိုင်မှုအားနည်းလာခြင်း၊ ရေတံခါးရွက်များရှိ ရေလုံသားရေပြားများသည်လည်း ယိုယွင်းပျက်စီးလာ၍ ရေစိမ့်ထွက်လာခြင်း၊ ရေတံခါးအဖွင့်အပိတ်ပြုလုပ်သည့် ဂီယာအုံများ ပျက်စီးယိုယွင်းလာခြင်းစသည်တို့ ဖြစ်ပေါ်လာလျက်ရှိပါသဖြင့် ပျက်စီးမှုများအပေါ် မူတည်၍ ပြုပြင်ထိန်းသိမ်းခဲ့ရပါတယ်။
၉။ ကျွန်းပတ်တာများအတွင်းရှိ ချောင်းမြောင်းများသည်လည်း သဲနုန်းပို့ချမှုကြောင့် တိမ်ကောပြီး ရေစီးရေလာအခြေအနေ အားနည်းလာကာ ဒေသတွင်းတွင် မိုးသည်းထန်စွာ ရွာသွန်းချိန်များ၌ မိုးစပါးစိုက်ခင်းများ ရေကြီးနစ်မြုပ်မှု ဖြစ်ပေါ်လေ့ရှိပါတယ်။
၁၀။ ဌာနအနေဖြင့် မိုးစပါးစိုက်ခင်းများ ရေနစ်မြုပ်ထိခိုက်မှုမရှိစေရန် ကျွန်းပတ်တာ ပြုပြင်ခြင်း၊ ရေတံခါးရေလုံအောင်ပြုပြင်ခြင်း၊ ချောင်းကောမြောင်းကောတူးဖော်ခြင်းတို့ကို ဘဏ္ဍာရေးနှစ်အလိုက် ဦးစားပေးအစီအစဉ်များရေးဆွဲကာ ပြည်ထောင်စုနှင့် တိုင်းဒေသကြီးတို့၏ ခွင့်ပြုရန်ပုံငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ ပြုပြင်ပေးလျက်ရှိပါတယ်။
၁၁။ ၂၀၀၈ ခုနှစ်၊ မေလ (၂) ရက်နေ့တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ်ကြောင့် လပွတ္တာ မြို့နယ်အတွင်း ထိခိုက်ပျက်စီးခဲ့သည့် ရေငန်တားတာ(၁၀)ခု၊ အလျား (၁၉၉.၉၉) မိုင်၊ ကာကွယ်ဧက (၉၇၉၅၃) ဧက အပါအဝင် တာတမံစုစုပေါင်း (၁၄)ခု၊ အလျား (၂၅၇.၀၃) မိုင်ကို ပြုပြင်ပြီးစီးခဲ့ရာ လယ်မြေဧက (၁၂၃၇၃၄) ဧကကို ရေငန်ဝင်ရောက်ခြင်းနှင့် ရေဘေးအန္တရာယ်မှ ကာကွယ်နိုင်ခဲ့ပါတယ်။
၁၂။ ပြုပြင်ခဲ့သော ရေဘေးကာကွယ်ရေးတာများအတွင်း ရေနုတ်ကောင်းမွန်စေရေးနှင့် ရေချိုရရှိရေးအတွက် ရေတံခါးအသစ် (၇) လုံးကိုလည်း ထပ်မံထည့်သွင်း တည်ဆောက်ပေးခဲ့ပါတယ်။
၁၃။ အလားတူ လပွတ္တာမြို့နယ်၏ အရှေ့မြောက်ဘက် ရွေးမြစ်နှင့် ပြာမလော့မြစ်ကြာ လယ်ယာမြေများအား မိုးရာသီရေကြီးနစ်မြုပ်မှုနှင့် ရေငန်ဝင်ရောက်မှုမှ ကာကွယ်ရည်ရွယ်၍ ဆောင်ရွက်လျက်ရှိသော ရေငန်တားတာစီမံကိန်းတွင် ကျွန်းအပိုင်း (၉) ရှိပြီး လယ်ယာမြေဧရိယာ စုစုပေါင်း (၄၅၀၀၀) ဧကအား ရေငန်ဝင်ရောက်မှုမှ ကာကွယ်နိုင်မည်ဖြစ်ပါတယ်။
၁၄။ အဆိုပါစီမံကိန်းအား (၂၀၁၂-၂၀၁၃) ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့ရာ (၂၀၂၅- ၂၀၂၆) ခုနှစ်အထိ ကျွန်းအပိုင်း (၂-က)၊ (၂-ခ) နှင့် ကျွန်းအပိုင်း (၄) တို့ကို ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီး ရေငန်ကာကွယ်ဧရိယာမှာ (၁၈၃၀၀)ဧက ဖြစ်ပါတယ်။
၁၅။ ရွေးမြစ်နှင့် ပြာမလော့မြစ်အကြား ရေငန်တားတာ တည်ဆောက်ခြင်းစီမံကိန်းတွင် စုစုပေါင်းဆောင်ရွက်ရန် တာအလျား မိုင် (၁၇၀) မိုင်ရှိသည့်အနက် ယနေ့အထိ အလျား (၅၆.၅) မိုင် ဆောင်ရွက်ပြီးစီးခဲ့ပြီး တည်ဆောက်ရန် ရေတံခါးစုစုပေါင်း (၃၁) လုံးတွင် (၁၃) လုံး ဆောင်ရွက်ပြီးဖြစ်ပါတယ်။
၁၆။ လပ္ပတ္တာမြို့နယ်အတွင်းရှိ ကျွန်းပတ်တာများနှင့် ရေတံခါးများတည်နေရာပြပုံ ဖြစ်ပါတယ်။
၁၇။ လပ္ပတ္တာမြို့နယ်အတွင်းနှင့် ကျွန်းပတ်တာအတွင်း သီးထပ်စိုက်ပျိုးနိင်ပြီး ရေချိုရရှိနိုင်သော ဧရိယာများတွင် နွေစပါးစိုက်ပျိုးရေ လုံလောက်စွာပေးဝေနိင်ရေးအတွက် ရေနုတ်မြောင်းတူးဖော်ခြင်းလုပ်ငန်းများကို ဦးစားပေးဆောင်ရွက်လျက်ရှိရာ နှစ်အလိုက်ရရှိသော ရန်ပုံငွေဖြင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ်မှ (၂၀၂၅-၂၀၂၆) ဘဏ္ဍာရေးနှစ်အထိ (၆) နှစ်တာကာလအတွင်း ချောင်းကောမြောင်းကော ရေနုတ်မြောင်းတူးဖော်ခြင်းခြင်းလုပ်ငန်း(၄၂)ခု၊ ရေတံခါးအသစ် တည်ဆောက်ခြင်းလုပ်ငန်း(၂)ခုနှင့် ရေတံခါးပြုပြင်ခြင်းလုပ်ငန်း(၁၂) ခု၊ စုစုပေါင်း (၅၆) ခု ဆောင်ရွက်ပြီးဖြစ်ပါတယ်။
၁၈။ လပ္ပတ္တာမြို့နယ်၊ လပ္ပတ္တာတောင်ကျွန်း၊ လပ္ပတ္တာမြောက်ကျွန်း၊ ဘီတွဒ်ကျွန်းအပိုင်း(၁)၊ ဘီတွဒ်ကျွန်းအပိုင်း(၃) အတွင်းရှိ ရေတံခါးစုစုပေါင်း(၂၁)လုံးအနက် (၇)လုံးအား ပြုပြင်ထားရှိပြီး ဖြစ်ပါတယ်။
၁၉။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် ဘီတွဒ်ကျွန်းအပိုင်း(၃)တာရှိ ကတောက်ဆပ်ရေတံခါးပြုပြင်ခြင်းလုပ်ငန်းကို ပြုပြင်ပေးသွားမည်ဖြစ်ပြီး ဆက်လက်ပြုပြင်ရန် ကျန်ရှိသော ရေတံခါး (၁၃)လုံးဖြစ်ပါတယ်။
၂၀။ ပြုပြင်ပြီး၊ ပြင်ပြင်ဆဲနှင့် ပြုပြင်ရန်ကျန်ရှိသော ရေတံခါးများ၏ တည်နေရာပြပုံ ဖြစ်ပါတယ်။
၂၁။ ထို့အပြင် ယခုဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဘီတွဒ်ကျွန်း အပိုင်း(၄) တာအတွင်း နွေစပါးစိုက်ပျိုးရေး လုံလောက်စွာပေးဝေနိုင်ရေးအတွက် ရေနုတ်မြောင်းတူးဖော်ခြင်း လုပ်ငန်း(၃)ခုနှင့် ရေတံခါးများပြုပြင်ခြင်းလုပ်ငန်း(၄)ခု၊ ရွေးမြစ်နှင့် ပြာမလော့မြစ်ကြား ရေငန်တား တာကျွန်းအပိုင်း (၅) ၏ တာအလျား (၁၁) မိုင် တာမြေကြီးဖို့ခြင်းလုပ်ငန်းတို့အား ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
၂၂။ ဘီတွဒ်ကျွန်းအပိုင်း(၄)တာအတွင်း နွေစပါးစိုက်ပျိုးရေ လုံလောက်စွာပေးဝေနိင်ရေးအတွက် ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်း(၃) ခုနှင့် ရေတံခါးပြုပြင်ခြင်းလုပ်ငန်း(၄)ခု တည်နေရာပြပုံ ဖြစ်ပါတယ်။
၂၃။ လပ္ပတ္တာခရိုင်၊ ရွေးမြစ်နှင့် ပြာမလော့မြစ်အကြား ရေငန်တားကာတည်ဆောက်ခြင်း စီမံကိန်းတည်နေရာပြပုံ ဖြစ်ပါတယ်။
၂၄။ သို့ဖြစ်ပါ၍ Slide-10 (၁၀)တွင် ဖော်ပြထားသည့် လပ္ပတ္တာမြို့နယ်၊ လပ္ပတ္တာတောင်ကျွန်း၊ လပ္ပတ္တာမြောက်ကျွန်း၊ ဘီတွဒ်ကျွန်းအပိုင်း(၁)၊ ဘီတွဒ်ကျွန်းအပိုင်း(၃)အတွင်းတွင် ပြုပြင်ရန် ကျန်ရှိသော ရေတံခါး(၁၃) လုံးကို ပြုပြင်နိုင်ရန် (၂၀၂၇-၂၀၂၈) ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု/တိုင်းဒေသကြီး သို့မဟုတ် သင့်လျော်ရာ ရန်ပုံငွေတစ်ရပ်ရပ်မှ တင်ပြတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုပေါ်မူတည်ပြီး ဦးစားပေးအလိုက် ပြုပြင်ပေးရန် စီစဉ်ထားရှိပါကြောင်းနဲ့ ရေငန်တားကျွန်းပတ်တာများအတွင်းရှိ ချောင်းကော၊ မြောင်းကော တူးဖော်ခြင်းလုပ်ငန်းများကိုလည်း ဘဏ္ဍာရေးနှစ်အလိုက်ဦးစားပေးအစီအစဉ်အတိုင်း လျာထားသတ်မှတ်ပြီး ဆောင်ရွက်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။