တတိယပုံမှန် အစည်းအဝေး၊ ပဥ္စမနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်)
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁) ဦးခင်မောင်ဝင်း ၏ မေးမြန်းသည့်
ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် ကင်းတားလက်၊ ယာရေသောက်စနစ်နှင့် ပန်းလောင်ရေသောက်စနစ်မြောင်းများအားလည်းကောင်း၊ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဇော်ဂျီရေသောက်စနစ်မြောင်းများအားလည်းကောင်း သဲနုန်းတူးလုပ်ငန်းများအား နှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ထိုကဲ့သို့ နှစ်စဉ်ဆောင်ရွက်ပေးမှုများရှိသော်လည်း ရေမြောင်းများအဆုံးထိ ရေစီးရေလာကောင်းမှသာ အဆိုပါ လယ်/ယာမြေများအားလုံးအတွက် ရေလုံလောက်စွာရရှိမည် ဖြစ်ပါသည်။ ထို့ကြောင့် အဆိုပါ လယ်/ယာရေသောက်စနစ်မြောင်းများအတွက် သဲနုန်းတူးလုပ်ငန်းများအား နှစ်စဉ်အကြိမ်ကြိမ် နေရာအကန့်အသတ်ဖြင့် လုပ်ဆောင်နေမှုအစား အထူးရန်ပုံငွေခွင့်ပြုကာ တစ်ကြိမ်တစ်ခါတည်းဖြင့် ရေမြောင်းအစမှအဆုံးထိ ထိရောက်စွာ လုပ်ဆောင်ပေးသင့်သည်ဟု ထင်မြင်ယူဆမိပါသည်။ ထို့ကြောင့် ကျောက်ဆည်ခရိုင်အတွင်းရှိ မြစ်သားမြို့နယ်၊ ကျောက်ဆည်နယ်နှင့် စဉ့်ကိုင်မြို့နယ် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ စိုက်ပျိုးရေပြည့်ဝစွာရရှိရန်နှင့် ဒေသ၏စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုအောင်မြင်ထိရောက်စေရန်အတွက် အဆိုပါရေမြောင်းများ အစမှအဆုံးထိ သဲနုန်းများတူးဖော်ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းတင်ပြအပ်ပါသည်။
ဒုတိယပုံမှန် အစည်းအဝေး၊ ပဥ္စမနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၂ ရက်)
မန္တလေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးခင်မောင်ဝင်း၏ ကြယ်ပွင့်ပြမေးခွန်းနှင့် ပတ်သက်၍
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများ၊ ဧည့်သည်တော်ကြီးများခင်ဗျား မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဖြစ်ပါတယ်။
အချက်အလက်များဖြင့် တင်ပြနိုင်ရန်အတွက် Power Point အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါသည်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၏ ကျောက်ဆည်ခရိုင်အတွင်းရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုထိရောက်စေရန်အတွက် လယ်/ယာ ရေသောက်စနစ်မြောင်းများအား သဲနုန်းများတူးဖော်ပြုပြင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမှာဖြစ်ပါတယ်။
ကျောက်ဆည်ခရိုင်တွင် ဇော်ဂျီရေသောက်စနစ်နှင့် ကင်းတားရေသောက်စနစ်ဟူ၍ ရေသောက်စနစ်(၂)ခုဖြင့် စိုက်ပျိုးရေပေးဝေလျက်ရှိပါတယ်။ ကင်းတားရေသောက်စနစ်အနေဖြင့် မြစ်သားမြို့နယ်တွင် တူးမြောင်းမကြီး(၈)ခု၊ လက်တံမြောင်း(၃၂)ခု၊ လက်တံခွဲမြောင်း(၁၈)ခု၊ တူးမြောင်းအလျားစုစုပေါင်း(၉၁) မိုင်၊ ဇော်ဂျီရေသောက်စနစ်အနေဖြင့် ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်တို့တွင် တူးမြောင်းမကြီး (၉) ခု၊ လက်တံမြောင်း (၃၂)ခု၊ လက်တံခွဲမြောင်း (၃၀)ခု၊ တူးမြောင်းအလျားစုစုပေါင်း (၂၂၀) မိုင်၊ ၎င်းရေသောက်စနစ်တူး မြောင်းများမှ စိုက်ပျိုးမြေဧရိယာ စုစုပေါင်း (၁၂၈၄၀၀) ဧကအား စိုက်ပျိုးရေ ပေးဝေလျက်ရှိပါတယ်။
ကျောက်ဆည်ခရိုင်အတွင်းရှိ ကင်းတားရေသောက်စနစ်နှင့် ဇော်ဂျီရေသောက်စနစ်တို့ရဲ့ တည်နေရာပြမြေပုံဖြစ်ပါတယ်။
အဆိုပါရေသောက်စနစ်များမှ စိုက်ပျိုးရေပေးဝေရာတွင် အလေအလွှင့်မရှိ ကောင်းမွန်ထိရောက်စေရန်နှင့် မြောင်းဆုံးမြောင်းဖျားအထိ ရေရရှိစေရန်အတွက် တူးမြောင်းများနှင့် ဆက်စပ်ရေပေးအဆောက်အအုံများအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများအနေဖြင့် ရေပေးမြောင်းများအတွင်း သဲနုန်းတူးဖော်ခြင်း၊ မြောင်းပေါင်အားဖြည့်ခြင်း၊ ရေပေးအဆောက်အအုံများ ပြုပြင်မွမ်းမံခြင်းနှင့် ရေကြီးနစ်မြုပ်မှု လျော့နည်းစေရေးအတွက် ရိုးချောင်းများတူးဖော်ခြင်းလုပ်ငန်းများကို ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်ဖြင့် နှစ်စဉ်ဆောင်ရွက်ပေးလျက် ရှိပါတယ်။
(၂၀၂၄)ခုနှစ်၊ စက်တင်ဘာလအတွင်း ရာဂီမုန်တိုင်းအရှိန်ကြောင့် ဖြစ်ပေါ်ခဲ့သော ရေကြီးမှုဖြစ်စဉ်တွင် တူးမြောင်းများ ရေလွှမ်းမိုး ရေတိုက်စားခံရခြင်း၊ သဲနုန်းပို့ချခြင်းများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်ရေးအတွက် ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းများအား ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီးရန်ပုံငွေများဖြင့် ဆောင်ရွက်ခဲ့ပါတယ်။
လက်ရှိတွင်လည်း ရေပေးဝေမှုထိရောက်စနစ်ကျစေရန်အတွက် အဆိုပါ ရေပေးမြောင်းများမှ ရေလှည့်စနစ်ဖြင့် ခွဲဝေဆောင်ရွက်ခြင်း၊ စိုက်ကွင်းများအထိ ရေရောက်ရှိရေးဌာနနှင့် တောင်သူများ ပူးပေါင်းဆောင်ရွက်ခြင်းတို့ဖြင့် နွေသီးနှံဧကများကို လျာထားချက် ပြည့်မီစွာ စိုက်ပျိုးရေအပြည့်အဝပေးဝေလျက်ရှိပါတယ်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် မြစ်သားမြို့နယ်ရှိ တောမြောင်းလက်တံမြောင်း၊ ရှမ်းပိုက်လက်တံမြောင်းနှင့် ပါပျိုမိုင်နာမြောင်း၊ ကျောက်ဆည်မြို့နယ်ရှိ သရက်ချိုလက်တံခွဲမြောင်း၊ စဉ့်ကိုင်မြို့နယ်ရှိ ပလိပ်မြောင်း၊ လက်ဝဲလက်တံမြောင်း၊ ခမောက်လက်တံမြောင်း၊ နတ်သူရဲလက်တံမြောင်း၊ နတ်မိန်းမလက်တံမြောင်၊ မင်းရဲမြောင်းစသည့် ရေပေးမြောင်း (၁၀)ခုအား သဲနုန်းတူးဖော်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ရေပေးအဆောက်အအုံ (၉)ခု ပြုပြင်ဆောင်ရွက်ရန် လျာထားပြီးဖြစ်ပါတယ်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီး(ငွေလုံးငွေရင်း)ရန်ပုံငွေဖြင့် ဇော်ဂျီရေသောက်စနစ်နှင့် ကင်းတားရေသောက်စနစ်အတွင်း သဲနုန်းတူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်မည့် ရေပေး မြောင်းများပြမြေပုံ ဖြစ်ပါတယ်။
မြစ်သားမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်တို့မှာ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး(ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် သဲနုန်းတူးဖော်ခြင်းလုပ်ငန်းဆောင်ရွက်မည့် ရေပေးမြောင်း များ၏ မှတ်တမ်းဓာတ်ပုံများ ဖြစ်ပါတယ်။
ထပ်မံ၍ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်တို့အတွင်းရှိ ကင်းတားရေသောက်စနစ်နှင့် ဇော်ဂျီရေသောက်စနစ်တို့တွင် တူးမြောင်းမကြီး (၁၆)ခု၊ လက်တံမြောင်း (၄၇) ခု၊ လက်တံခွဲမြောင်း (၁၉) ခုတို့၏ အချို့သောနေရာများ၏ မြောင်းအင်အားပြည့် ရေပို့လွှတ်သယ်ဆောင်နိုင်ရန်အတွက် သဲနုန်းတူးဖော်ခြင်း၊ မြောင်းပေါင်အားဖြည့်ခြင်းနှင့် အချို့သော ရေပေးအဆောက်အအုံများ ပြုပြင်ခြင်းတို့ကို ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါတယ်။ ပြုပြင်ရမည့် ရေပေးမြောင်း အရေအတွက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းပမာဏ များပြားသည့်အတွက် ရန်ပုံငွေခွဲဝေရှိသည့် အခြေအနေအပေါ်မူတည်၍ သဲနုန်းပို့ချမှု များပြားလျက်ရှိသော ရေပေးမြောင်းများနှင့် ဆက်စပ်ရေပေးအဆောက်အအုံ ပြုပြင်ခြင်းလုပ်ငန်းများအား မြောင်းဆုံးမြောင်းဖျားအထိ ရေရရှိစေရန် ရည်ရွယ်၍ ဦးစားပေးအစီစဉ်ဖြင့် နှစ်အလိုက် လျာထားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်အတွင်းရှိ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများရှိ အဓိကသီးနှံ(၁၄) မျိုး ရေရရှိမှု ပိုမိုထိရောက်စေရန်အတွက် ရေပေးတူးမြောင်းများ၏ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် အပိုင်းများအား သဲနုန်းတူးဖော်ခြင်း၊ ရေပေးအဆောက်အအုံများ ပြုပြင်တည်ဆောက်ခြင်းလုပ်ငန်းများကို နှစ်စဉ်ရရှိသော ပြင်/ထိန်းရန်ပုံငွေမှ လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။