Share this

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးခင်မောင်ဝင်း၏ "တောင်သူလယ်သမားတစ်ဦး၏ စိုက်ပျိုးစရိတ်ချေးငွေအား တစ်ဧကလျှင် ချေးငွေတစ်သိန်းခွဲ ချေးပေးခဲ့ရာမှ တစ်ဧကလျှင် ချေးငွေ ငါးသိန်းနှင့်အထက် တိုးမြှင့်ချေးပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း"

Thursday, June 18, 2026 - 13:55
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

 

U Khin Maung Win

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ သတ္တမနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်)

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁)  ဦးခင်မောင်ဝင်း မေးမြန်းသည့်

ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့်မေးခွန်း

 

တောင်သူလယ်သမားအများစုဟာ အကြွေးသံသရာတွင် နစ်မွန်းနေကြပါသည်။ သူတို့ဘဝတိုးတက်ဖို့အတွက် အကြွေးကင်းအောင် အထူးဆောင်ရွက်ပေးဖို့ လိုအပ်လျက်ရှိပါသည်။ မြေပြုပြင်ရခြင်း၊ မျိုးကောင်းမျိုးသန့်ဝယ်ယူရခြင်း၊ စိုက်ပျိုးစရိတ်၊ မြေသြဇာ၊ ပိုးသတ်ဆေးများအသုံးပြုရခြင်း၊ ရိတ်သိမ်းစရိတ်အားလုံးအပေါ် စပါးတစ်ဧက ကုန်ကျစရိတ်မှာ (၇) သိန်းခွဲခန့်ရှိပါသည်။ ချေးငွေတိုးမြှင့်ပေးမှသာလျှင် တောင်သူတို့ဘဝ အကြွေးကင်းလာကာ ဘဝတိုးတက်မြှင့်မားလာမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ချေးငွေလိုအပ်သည့် တောင်သူလယ်သမားတိုင်းအား စိုက်ပျိုးစရိတ်ချေးငွေများ တိုးမြှင့်ပေးနိုင်ပါရန် အစီအစဉ်ရှိ/ မရှိ မေးမြန်းတင်ပြအပ်ပါသည်။  

 


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ သတ္တမနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်)

မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁)  ဦးခင်မောင်ဝင်း မေးမြန်းသည့်

ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက် 

 

အားလုံးမင်္ဂလာပါ။ လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်‌တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

ကျွန်မကတော့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးခင်မောင်ဝင်း၏ “တောင်သူလယ်သမားတစ်ဦး၏ တစ်ဧကအပေါ် စိုက်ပျိုးစရိတ်ချေးငွေ တစ်ဧက (၁)သိန်းခွဲမှ တစ်ဧကချေးငွေ (၅) သိန်းနှင့်အထက် ချေးငွေပေးနိုင်ပါရန်” မေးခွန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြားမှာ ဖြစ်ပါတယ်။

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူလယ်သမားများ၏  လယ်ယာစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းတွင် လိုအပ်သော ငွေကြေးအရင်းအနှီးအတွက်  မိုး၊ ဆောင်း၊ မိုးကြို ကာလအလိုက် စိုက်ပျိုးရေးဆိုင်ရာ အရင်းအနှီးများရရှိစေရန် နှစ်စဉ်စိုက်ပျိုးစရိတ်ချေးငွေများနှင့် ဖွံ့ဖြိုးရေးချေးငွေများကို နိုင်ငံတော်၏ မူဝါဒ၊ လမ်းညွှန်ချက်များနှင့်အညီ သက်သာသောအတိုးနှုန်းဖြင့် ပံ့ပိုးထုတ်ချေးပေးလျက်ရှိပါတယ်။

မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က နိုင်ငံတစ်ဝှမ်းရှိ တောင်သူများသို့ ယခင်နှစ်က စိုက်ပျိုးစရိတ်ချေးငွေအဖြစ် စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါသီးနှံများအတွက် ၁ ဧက လျှင် ကျပ် ၁၅၀,၀၀၀ နှုန်း၊ အခြားသီးနှံ (၁၈) မျိုးအတွက် ၁ ဧက လျှင် ကျပ် ၁၀၀,၀၀၀ နှုန်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော်သီးနှံများအတွက် ၁ ဧက လျှင် ကျပ် ၁၀၀,၀၀၀ နှုန်းဖြင့် ထုတ်ချေးခဲ့ပါတယ်။

ယခုအခါ စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်များ ကြီးမြင့်လာသည့်အတွက် တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းတွင် အဓိကလိုအပ်သည့် မျိုးစေ့၊ ‌မြေသြဇာ၊ ပိုးသတ်ဆေးစသည့် သွင်းအားစုများ ပိုမိုဝယ်ယူအသုံးပြုနိုင်ရန်နှင့် မြေယာပြုပြင်ခြင်းမှ ရိတ်သိမ်းခြင်းအထိ ကုန်ကျစရိတ်အား အထိုက်အလျောက်ကာမိစေရန်အတွက် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် စိုက်ပျိုးစရိတ်ချေးငွေနှုန်းထား တိုးမြှင့်ထုတ်ချေးခြင်းကို ဆောင်ရွက်ခဲ့ပါတယ်။

တောင်သူများသို့ စိုက်ပျိုးစရိတ်ချေးငွေကို ယခင်နှစ်ကထက် ပျမ်းမျှ  ၂ ဆဖြင့် စပါး၊ ဂျုံနှင့် ချည်မျှင်ရှည်ဝါသီးနှံများအတွက် ၁ ဧက လျှင် ကျပ် ၃၀၀,၀၀၀ နှုန်း၊ အခြားသီးနှံ(၁၈) မျိုးအတွက် ၁ ဧကလျှင် ကျပ် ၂၅၀,၀၀၀ နှုန်း၊ ပန်းနှမ်း၊ ဆီမုန်ညင်း၊ ဂုန်လျှော်အတွက် ၁ ဧကလျှင် ကျပ် ၁၅၀,၀၀၀ နှုန်းဖြင့် ၂၀၂၆ခုနှစ်၊ မေလ(၁၂) ရက်နေ့မှစ၍ ထုတ်ချေးပေးလျက်ရှိပြီး အတိုးနှုန်းကို ယခင်အတိုင်း ပြောင်းလဲမှုမရှိဘဲ ၁ နှစ်လုံးတွင်မှ ၅ % (၁ လ လျှင် ၄၂ ပြား)သာဖြစ်၍ သက်သာသောနှုန်းထားဖြစ်ပါတယ်။

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှာ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ် (၄၅၅.၅၀) ဘီလီယံ ထုတ်ချေးနိုင်ခဲ့ပါတယ်။ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၁၁၅၈.၆၂) ဘီလီယံ လျာထားထုတ်ချေးသွားမှာ ဖြစ်ပါတယ်။ ချေးငွေနှုန်းထားတိုးမြင့်မှုကြောင့် ‌တောင်သူများအနေဖြင့် စိတ်ဝင်စားမှုနှင့် ချေးငွေရယူမှု ပိုမိုများပြားလာတဲ့အတွက် ယခင်နှစ် ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့အထိ တောင်သူ (၆၁,၅၃၆) ဦး၏ စိုက်ဧက (၄၀၈,၀၇၂) အတွက် မိုးချေးငွေ ကျပ် (၅၈.၄၈၉) ဘီလီယံ ထုတ်ချေးခဲ့ရာမှ ယခုနှစ် ၂၀၂၆ ခုနှစ်၊ ဇွန်လ (၁၂) ရက်နေ့အထိ တောင်သူ (၁၇၃,၂၃၃) ဦး၏ စိုက်ဧက (၁,၁၂၁,၀၅၃) အတွက် မိုးချေးငွေကျပ် (၃၃၁.၃၀၇) ဘီလီယံ ထုတ်ချေးနိုင်ခဲ့သဖြင့် ယခင်နှစ် အလားတူကာလထက်  တောင်သူဦးရေ (၁၁၁,၆၉၇) ဦး၊ စိုက်ဧက(၇၁၂,၉၈၁) နှင့် ချေးငွေပမာဏ ကျပ် (၂၇၂.၈၁၈) ဘီလီယံကျော် ပိုမိုထုတ်ချေးနိုင်ခဲ့ပါတယ်။  မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေကို ယခင်နှစ်များက မေလ (၁၉) ရက်နေ့ဝန်းကျင်ခန့်တွင် စတင်ထုတ်ချေးခဲ့ရာမှ ယခုနှစ်တွင် မေလ ၁၂ ရက်နေ့မှစ၍ ထုတ်ချေးပေးခဲ့ပါတယ်။

စိုက်ပျိုးစရိတ်ချေးငွေထုတ်ချေးရာမှာ တောင်သူများပိုင်ဆိုင်တဲ့ လယ်ယာမြေလုပ်ပိုင် ခွင့်ပြုလက်မှတ်(ပုံစံ-၇)မူရင်းကို လယ်ယာမြေဥပဒေ၊ နည်းဥပဒေနှင့်အညီ ဘဏ်သို့အာမခံ(အပေါင်)အဖြစ် ပေးအပ်ပြီး တောင်သူတစ်ဦးချင်း အာမခံသည့်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။ ယခုနှစ်ချေးငွေထုတ်ချေးရာမှာ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ်(ပုံစံ-၇)အား အရောင်းအဝယ် ပြုလုပ်ထားသည့်အတွက်ကြောင့်ဖြစ်စေ၊ အမွေဆက်ခံရရှိထားသည့်အတွက်ကြောင့်ဖြစ်စေ (ပုံစံ-၇) အမည်ပေါက်မဟုတ်သည့် တောင်သူများအတွက် (၁)နှစ်အတွင်း (ပုံစံ-၇) အမည်ပေါက်ပြောင်းလဲရေး ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိခံဝန်ချက်ဖြင့် ချေးငွေထုတ်ချေးပေးမှု ဖြေလျှော့ဆောင်ရွက်ထားကြောင်း တင်ပြအပ်ပါသည်။

သို့ဖြစ်ပါ၍ ယခုနှစ် မေလတွင် ချေးငွေနှုန်းထားတိုးမြှင့်ထုတ်ချေးပေးထားပါသဖြင့် စိုက်ပျိုးစရိတ်ချေးငွေ ၁ ဧကလျှင် (၅) သိန်းအထက် ချေးပေးနိုင်ရန်အတွက် လတ်တလောတွင် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်ရှင်။