တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ သတ္တမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးခင်မောင်ဌေး မေးမြန်းသည့်
ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါ၊ ထီးလင်း၊ ဆောမြို့နယ်များရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများသည် မြန်မာ့စီးပွားရေးဘဏ်များတွင် လစာထုတ်ယူမရရှိခဲ့တာ ကြာမြှင့်ခဲ့ပါသည်။ မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်းရှိ မြို့နယ်များတွင် အကြမ်းဖက် PDF များမှ မြို့နယ်အသီးသီးတွင် အဖျက်လုပ်ငန်းများကို နေ့စဉ်လုပ်ဆောင်နေကြသဖြင့် ယခင်က ပခုက္ကူမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်မှ ခရိုင်အတွင်းရှိ မြို့နယ်များကို လစဉ်မော်တော်ယာဉ်များဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့အစောင့်အရှောက်များဖြင့် လုံခြုံရေးယူပြီး သွားရောက်ထုတ်ယူပြီး အငြိမ်းစားဝန်ထမ်းများကို လစဉ်ပင်စင်များထုတ်ပေးခဲ့ပါသည်။
၂၀၂၂ ခုနှစ် နောက်ပိုင်းမှစ၍ တပ်မတော်ရဟတ်ယာဉ်များဖြင့် မြို့နယ်အသီးသီးသို့ တပ်မတော်မှ သယ်ယူပံ့ပိုးကူညီပေးလို့ အဆင်ပြေစွာ လစဉ်ထုတ်ယူရရှိပါသည်။ သို့သော် ယခုနောက်ပိုင်းတွင် အကြောင်းအမျိုးမျိုးကြောင့် တပ်မတော်ရဟတ်ယာဉ်များဖြင့် ပင်စင်လစာများကို သယ်ယူပို့ဆောင်နိုင်ခြင်းမရှိတော့ပါ။
ဂန့်ဂေါမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားဦးရေ (၂၀၀၀) ကျော်ရှိပါသည်။ ပင်စင်စားလူဦးရေ (၁၅၀၀) ကျော်မှာ ဂန့်ဂေါမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ယူပြီး ကျန်ပင်စင်စားဦးရေ (၄၅၀)ကျော်မှာ ပုဂ္ဂိုလိကဘဏ်နှင့်ချိတ်ဆက်ပြီး ၂၀၂၅ ဒီဇင်ဘာလအထိ ထုတ်ယူရရှိခဲ့ပြီး ပုဂ္ဂိုလိကဘဏ် (၂)ခုသည်လည်း ယခုဖွင့်လှစ်နိုင်ခြင်းမရှိသဖြင့် လစဉ်ထုတ်ယူနိုင်ခြင်းမရှိတော့ပါ။ ယခုနှစ် ၂၀၂၆ ဇန်နဝါရီလမှ ယခုမတ်လ(၃)လကြာမြင့်သည်အထိ ထုတ်ယူမရရှိတော့ပါ။
ထီးလင်းမြို့နယ်အနေဖြင့် ပင်စင်စားဦးရေ(၇၀၀)ကျော်ရှိပြီး ၂၀၂၅ အောက်တိုဘာလမှ ယနေ့အချိန် ၂၀၂၆ မတ်လအထိ (၆)လကြာ ထုတ်ယူခွင့်မရရှိသောကြောင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ စားဝတ်နေရေးအတွက် အလွန်ခက်ခဲစွာ စားသောက်နေထိုင်ကြရပါသည်။
ဆောမြို့နယ် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများသည်လည်း (၆)လခန့် ကြာမြင့်စွာ ထုတ်ယူမရရှိကြောင်း သိရှိရပါသည်။
သို့ဖြစ်ပါသောကြောင့် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်၊ ဆောမြို့နယ်အသီးသီးရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ စားဝတ်နေရေး အဆင်ပြေစေရန် လစဉ်ထုတ်ယူခွင့်ရရှိရေးအတွက် လေးစားစွာဖြင့် ကြယ်ပွင့်ပြမေးခွန်းမေးမြန်းခြင်းဖြစ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ သတ္တမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ဦးခင်မောင်ဌေး မေးမြန်းသည့်
ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်မကတော့ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း ဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဌေး၏ “မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်များရှိ နိုင်ငံဝန်ထမ်းအငြိမ်းစားများ လစာထုတ်ယူရရှိနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးခွန်းနှင့် ပတ်သက်၍ ရှင်းလင်းဖြေကြားအပ်ပါတယ်။
မြန်မာ့စီးပွားရေးဘဏ်သည် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်အတွင်းရှိ ဂန့်ဂေါမြို့နယ်၊ ထီးလင်းမြို့နယ်နှင့် ဆောမြို့နယ်များရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများ၏ လစာများအပါအဝင် ငွေလိုအပ်ချက်များကို ပခုက္ကူဘဏ်ခွဲက လစဉ် မော်တော်ယာဉ်များဖြင့် သယ်ယူဖြည့်တင်းပေးခဲ့ပါတယ်။
နယ်မြေဒေသ အခြေအနေအရ မော်တော်ယာဉ်ဖြင့် ငွေသယ်ယူရန် အခက်အခဲရှိလာသည့်အတွက် တပ်မတော်ရဟတ်ယာဉ် အကူအညီဖြင့် ဘဏ္ဍာငွေသယ်ယူ၍ အငြိမ်းစားလစာများ ထုတ်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။
သို့ရာတွင် အကြောင်းအမျိုးမျိုးကြောင့် ဘဏ္ဍာငွေများကို လစဉ်သယ်ယူရန် အခက်အခဲရှိလာသည့်အတွက် အငြိမ်းစားလစာများကို မိမိဘဏ်ခွဲများ၏ ငွေသားလက်ကျန်မှ ခွဲဝေထုတ်ပေးခဲ့ပါတယ်။ ယင်းဘဏ်ခွဲများမှ အငြိမ်းစားအချို့သည် ပခုက္ကူမြို့အပါအဝင် အခြားမြို့များသို့ ပြောင်းရွှေ့နေထိုင်နေကြသဖြင့် နီးစပ်ရာဘဏ်ခွဲများတွင် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်လွှဲစာဖြင့် လည်းကောင်း၊ Myanmar Mobile Money (MMM) စနစ်ဖြင့် လည်းကောင်း၊ အင်တာနက်ရရှိသည့် ဘဏ်ခွဲများတွင် Centralized e-Pension စနစ်ဖြင့်လည်းကောင်း အငြိမ်းစားလစာများကို ထုတ်ယူနေကြပါတယ်။
မြန်မာ့စီးပွားရေးဘဏ်၊ ဂန့်ဂေါဘဏ်ခွဲက ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ အငြိမ်းစားဦးရေ (၅၉၀၆)ဦး၊ ငွေကျပ် (၁၃၆၈.၈၉၁)သန်း၊ ထီးလင်းဘဏ်ခွဲက အငြိမ်းစားဦးရေ (၈)ဦး၊ ငွေကျပ် (၁၂.၃၅၈)သန်းနှင့် ဆောဘဏ်ခွဲက အငြိမ်းစားဦးရေ (၁၉၈)ဦး၊ ငွေကျပ် (၉၁.၇၆၉)သန်းကို ဘဏ်ခွဲများ၏ ငွေလက်ကျန်မှ ထုတ်ပေးခဲ့ပါတယ်။
မြန်မာ့စီးပွားရေးဘဏ်၊ ဂန့်ဂေါဘဏ်ခွဲသည် ယခုအခါ ပခုက္ကူခရိုင်ဘဏ်ခွဲထံမှ ဘဏ္ဍာငွေ သယ်ယူခဲ့ပြီးဖြစ်သဖြင့် ၂၀၂၆ ခုနှစ်၊ ဧပြီလအတွက် အငြိမ်းစားဦးရေ (၄၇၈)ဦး၊ ငွေကျပ် (၈၄.၈၂၃)သန်း၊ ၂၀၂၆ ခုနှစ် မေလအတွက် အငြိမ်းစားဦးရေ (၁၈၁၄)ဦး၊ ငွေကျပ် (၁၀၆၆.၀၇၃)သန်းအား ငွေသားဖြင့်ထုတ်ပေးခြင်း၊ အငြိမ်းစား (၄၇၀)ဦးအား Myanmar Mobile Money (MMM) စနစ်ဖြင့် အငြိမ်းစားလစာ လွှဲပြောင်းထုတ်ယူခြင်များ ဆောင်ရွက်ပေးထားပြီးဖြစ်ပါတယ်။
မြန်မာ့စီးပွားရေးဘဏ်၊ ထီးလင်းဘဏ်ခွဲအနေဖြင့် လတ်တလာတွင် ဘဏ္ဍာငွေသယ်ယူနိုင်ခြင်း မရှိသေးသော်လည်း လက်ကျန် ဘဏ္ဍာငွေများမှ ၂၀၂၆ ခုနှစ်၊ ဧပြီလအတွက် အငြိမ်းစားဦးရေ (၁၁၉) ဦး၊ ငွေကျပ် (၁၅၃.၁၃) သန်းအား လည်းကောင်း၊ ၂၀၂၆ ခုနှစ်၊ မေလအတွက် အငြိမ်းစားဦးရေ (၁၃၇)ဦး၊ ငွေကျပ် (၁၅၂.၁၂၈) သန်းအားလည်းကောင်း ထုတ်ပေးခဲ့ပါတယ်။
အလားတူ မြန်မာ့စီးပွားရေးဘဏ်၊ ဆောဘဏ်ခွဲအနေဖြင့် လတ်တလောတွင် ဘဏ္ဍာငွေ သယ်ယူနိုင်မှု မရှိသေးသော်လည်း လက်ကျန်ဘဏ္ဍာငွေများမှ ၂၀၂၆ ခုနှစ်၊ မတ်လအထိ အငြိမ်းစားဦးရေ (၁၉၈)ဦး၊ ငွေကျပ် (၉၁.၇၆၉)သန်း ထုတ်ပေးခဲ့ပါတယ်။ ၎င်းအပြင် ပခုက္ကူမြို့တွင် သွားရောက်နေထိုင်သည့် ဆောဘဏ်ခွဲမှ အငြိမ်းစား(၁၀၃)ဦးက ပခုက္ကူဘဏ်ခွဲတွင် ဆန္ဒအလျှောက် အငြိမ်းစားလစာ ထုတ်ယူလိုကြောင်း တင်ပြလာသဖြင့် ထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပါတယ်။
မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့်အပြင် အဆိုပါဘဏ်ခွဲများ တည်ရှိရာမြေများတွင် နေထိုင်ကြသည့် အငြိမ်းစားများ၏ အခက်အခဲကို နားလည်စာနာပါကြောင်း၊ အငြိမ်းစားလစာများ လစဉ်အခက်အခဲမရှိထုတ်ယူနိုင်ရေးအတွက် လစဉ်ဘဏ္ဍာငွေသယ်ယူနိုင်ရေး ကြိုးပမ်းဆောင်ရွက်ပေးလျက်ရှိပါကြောင်း တင်ပြလိုပါတယ်။
လတ်တလောဖြစ်ပေါ်နေသော အခြေအနေများအရ ဒေသနေ အငြိမ်းစားများ၏ အငြိမ်းစားလစာများ အခက်အခဲမရှိထုတ်ပေးနိုင်ရေးအတွက် ဘဏ်လက်ကျန်ငွေများမှ ထုတ်ပေးနိုင်ရန်စီစဉ်ဆောင်ရွက်ပေးနေသကဲ့သို့ ဒေသပြင်ပတွင် ကိုယ်တိုင်သော်လည်းကောင်း၊ ကိုယ်စားလှယ်ဖြင့်သော်လည်းကောင်း၊ Myanmar Mobile Money (MMM) စနစ်ကို အသုံးပြု၍လည်းကောင်း၊ ငွေလွှဲပို့သည့် နည်းလမ်းများ အသုံးပြု၍လည်းကောင်း ထုတ်ယူနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါတယ်။
ဒါ့အပြင် ပုံမှန်အခြေအနေ ရောက်ရှိသွားသည့်အခါ ဒေသမှာအင်တာနက်လိုင်းကောင်းမွန်စွာရရှိပါက Centralized e-Pension စနစ်တွင်းသို့ ထည့်သွင်း၍ အငြိမ်းစားလစာများ ထုတ်ယူရာတွင် ယခုထက်ပိုမိုအဆင်ပြေချောမွေ့အောင် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်ရှင့်။
ကျေးဇူးတင်ပါတယ်ရှင့်။