Share this

ဦးမျိုးသန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၆)၏ “ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ပြာကတက်ကျေးရွာအုပ်စုအတွင်းရှိ ပြာကတက်-ဆင်လူးလမ်း (၄)မိုင် (၅)ဖာလုံလမ်းပေါ်ရှိ ခနွယ်ရိုးတံတားအား အနီးစပ်ဆုံးဘတ်ဂျက် သို့မဟုတ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း အစီအစဉ် ရှိ/မရှိ”နှင့်စပ်လျဉ်းသည့်မေးခွန်း

Thursday, June 18, 2026 - 15:15
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

 

U Myo Thant

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ သတ္တမနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆)  ဦးမျိုးသန့်

မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း

 

လေးစားရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာပါခင်ဗျာ-

ကျွန်တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) မှ ဦးမျိုးသန့် ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် ပြာကတက်ကျေးရွာရှိ ဟင်္သာတ-ပုသိမ် လမ်းပိုင်းနှင့် ဆက်သွယ်လျက်ရှိသော ပြာကတက်-ဆင်လူး(၄မိုင် ၅ ဖာလုံ)လမ်းပေါ်ရှိ ခနွယ်ချောင်းသည် ၄ မိုင် ၅ ဖာလုံလမ်း၏ ထက်ဝက်တွင်ရှိနေပြီး လူနှင့်ဆိုင်ကယ်များသာ သွားလာနိုင်သော ကိုယ်ထူကိုယ်ထ သစ်သားတံတားသာဖြစ်သဖြင့် လယ်ယာထွက်ကုန်သီးနှံများ သယ်ဆောင်ရာတွင်လည်းကောင်း၊ လယ်ယာသုံးစက်များဖြင့် ရိတ်သိမ်းထွန်ယက်ရာတွင်လည်းကောင်း၊ တံတားအား ရှောင်ကွင်းသွားလာနေရသဖြင့် အပိုကုန်ကျစရိတ်များခြင်း၊ ခရီးဖင့်၍ အချိန်ကုန်လူပင်ပန်းခြင်းတို့ကြောင့် ခနွယ်ရိုးချောင်းကူးတံတား ဆောက်ပေးရန် ဒေသခံပြည်သူများ၏ တင်ပြမှုကြောင့် ၂၀၂၅-၂၀၂၆ ဘတ်ဂျက်တွင် ချဉ်းကပ်လမ်း ပေ(၃၀)အပါ သံကူကွန်ကရစ် တံတားပေ(၁၀၀) အား ဝန်ကြီးဌာနမှ ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ပြည်သူများသို့ ဝန်ခံကတိပြု အကြောင်းကြားစာပေးပို့ပြီး မြေစမ်းသပ်ခြင်းအပါအဝင် လိုအပ်သော စစ်ဆေးမှုများအား ကျေးလက်လမ်းတံတားမှ ဆောင်ရွက်ပြီးဖြစ်ပါသည်။

အနီးဆုံးဘတ်ဂျက် (သို့မဟုတ်)  ၂၀၂၇-၂၀၂၈ ခုနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုပါကြောင်း မေးမြန်းအပ်ပါသည်။

 


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ သတ္တမနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၆)  ဦးမျိုးသန့် မေးမြန်းသည့်

 ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံးစိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဦးစွာ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ကျွန်တော်ကတော့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသိုက်စိုး ဖြစ်ပါတယ်။

ဦးမျိုးသန့်၊ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆)၏ “ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ပြာကတက်ကျေးရွာအုပ်စုအတွင်းရှိ ပြာကတက်-ဆင်လူးလမ်း (၄)မိုင် (၅)ဖာလုံလမ်းပေါ်ရှိ ခနွယ်ရိုးတံတားအား အနီးစပ်ဆုံးဘတ်ဂျက် သို့မဟုတ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်း အစီအစဉ် ရှိ/မရှိ” နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ပေါင်းစပ်ဖြေကြားခြင်းဖြစ်ပါတယ်။

Power Point အသုံးပြုခွင့်ပြုနိုင်ရန် တင်ပြအပ်ပါတယ်။ (တင်ပြပါပုံကတော့ ........)

တင်ပြပါပုံကတော့ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ ပြာကတက်-ငစုံစု- ခနွယ်လမ်းပေါ်ရှိ ခနွယ်ချောင်းကူးတံတား (၆၅ ပေ * ၆ ပေ) လက်ရှိ မြေပြင်တံတားပုံဖြစ်ပါတယ်။

ဟင်္သာတမြို့နယ်၊ ပြာကတက်ဆင်လူးလမ်းပေါ်ရှိ ခနွယ်ရိုးချောင်းကူးတံတားသည် ၁၉၉၅ ခုနှစ်တွင် ဒေသခံပြည်သူများမှ ကိုယ်ထူကိုယ်ထတည်ဆောက်ခဲ့သော အလျား ၆၅ ပေ၊ အကျယ် ၆ ပေ၊ အမြင့် ၁၂ ပေရှိသော သစ်သားတံတားဖြစ်ပြီး တိုင်းဒေသကြီးမှ စီမံခန့်ခွဲသောလမ်းပေါ်ရှိ တံတားဖြစ်ပြီး ပြည်ထောင်စုမှ ပြင်ဆင်ထိန်းသိမ်းခြင်း ဆောင်ရွက်ပေးလျက်ရှိသော တံတားဖြစ်ပါတယ်။

အဆိုပါတံတားအား ရေလမ်းကြောင်း ပြောင်းလဲမှုအခြေအနေအရ ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်နိုင်ရန် ပြည်သူများမှ တင်ပြလာမှုအပေါ် ၂၀၂၄-၂၀၂၅ ခု ဘဏ္ဍာရေးနှစ်တွင် အကြိုအင်ဂျင်နီယာလုပ်ငန်းဖြစ်သော မြေစမ်းသပ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါတယ်။

အဆိုပါ သစ်သားတံတားအား အရှည် (၁၀၀)ပေ၊ အကျယ်(၂၀)ပေ ကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ပေးရန် ၂၀၂၅-၂၀၂၆ နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်များတွင် ဆောက်လုပ်ပေးရန်လျာထားတင်ပြခဲ့သော်လည်း တိုင်းဒေသကြီးအတွင်း ရန်ပုံငွေခွဲဝေရရှိမှုအခြေအနေ အကျိုးပြုမှုဦးစားပေးအဆင့်အရ ‌ဆောင်ရွက်ပေးနိုင်ခြင်း မရှိခဲ့သေးပါ။

၎င်းသစ်သားတံတားသည် မြေပြင်ကွင်းဆင်းတွေ့ရှိချက်အရ ခန့်မှန်း (၂)နှစ်ခန့် ဆက်လက်အသုံးပြုနိုင်ပြီး ကွန်ကရစ်တံတားအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးမည်ဆိုပါက ခန့်မှန်းကုန်ကျငွေ ကျပ် ၁၁၀၀ သန်း (၁.၁ ဘီလီယံ) ခန့် ကုန်ကျမည်ဖြစ်ပြီး ကျေးရွာ (၂၃)ရွာ၊ အိမ်ခြေ (၁၄၄၄) အိမ်၊ လူဦးရေ (၅၈၄၁) ဦး အကျိုးပြုမည် ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာအပေါ် အခြေခံပြီး လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့တို့ပေါင်းစပ်၍ ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေ၊ ကျေးလက်နေ ပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှု ဦးစားပေးအလိုက် ရွေးချယ်မှုအပေါ် ၂၀၂၇-၂၀၂၈ ဘဏ္ဍရေးနှစ်တွင် ရန်ပုံငွေလျာထားတင်ပြသွားမည်ဖြစ်ပြီး ပြည်ထောင်စု (သို့မဟုတ်) တိုင်းဒေကြီး ရရှိရန်ပုံငွေအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။