တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်)
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးခင်မောင်ဝင်း
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
လေးစားရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအားလုံးမင်္ဂလာပါခင်ဗျာ-
ကျွန်တော်ကတော့ မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဦးခင်မောင်ဝင်း ဖြစ်ပါတယ်ခင်ဗျာ။
ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်အတွင်းရှိ ခရုတုတ်ကျေးရွာသည် ပန်းလောင်မြစ်ကမ်းပါးတွင် တည်ရှိပြီး နှစ်စဉ်မိုးရာသီရေကြီးရေလျှံမှုများကြောင့် ကမ်းပါးပြိုသည့် သဘာဝဘေးဒဏ်များအား ကြုံတွေ့ခံစားကြရပါသည်။ ထို့ကြောင့် အဆိုပါကမ်းပါးပြိုသည့် ဘေးအန္တရာယ်ကြောင့် ကျေးရွာနေလူထုအနေဖြင့် ကျေးရွာမြေဆုံးရှုံးခြင်းနှင့် လူနေအိမ်မျောပါဆုံးရှုံးခြင်းများအား ကြုံတွေ့ခံစားရနိုင်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါ ကမ်းပါးပြိုသည့် ဘေးအန္တရာယ်ကြောင့် ကျေးရွာမြေဆုံးရှုံးခြင်းနှင့် လူနေအိမ်မျောပါဆုံးရှုံးခြင်းများမှ ကာကွယ်နိုင်ရန် ခရုတုတ်ကျေးရွာတစ်လျှောက် ပန်းလောင်မြစ်ကမ်းပါးထိန်းခြင်းလုပ်ငန်းများဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိ မဲဆန္ဒရှင်များကိုယ်စား မေးမြန်းတင်ပြအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်)
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးခင်မောင်ဝင်း မေးမြန်းသည့်
ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့်တကွ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအားလုံး၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များနှင့် ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျား။
မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးခင်မောင်ဝင်း၏ ကြယ်ပွင့်ပြမေးခွန်းအပေါ် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့်ပေါင်းစပ်၍ ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအောင်မြိုင်က ပြန်လည်ဖြေကြားမှာ ဖြစ်ပါတယ်။
ပန်းလောင်မြစ်သည် နွေရာသီရေနည်းချိန်တွင် ကင်းတံတားဆည်မှ စိုက်ပျိုးရေလွှတ်ချိန်၌သာ ရေစစ်မျဉ်းအထက်တွင်တည်ရှိ၍ ရေစီးဆင်းမှုရှိသော်လည်း များသောအားဖြင့် ရေစစ်မျဉ်းအောက်တွင်သာတည်ရှိနေသောမြစ်တစ်ခု ဖြစ်ပါတယ်။ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဖြစ်ပွားခဲ့သော ရာဂီမုန်တိုင်းဒဏ်ကြောင့် ကင်းတားဆည်စိုးရိမ်ရေမှတ်အထက် မြင့်တက်လာခဲ့သဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ဆည်ကျိုးပေါက်မည့်အခြေအနေကို ကာကွယ်နိုင်ရန်အလို့ငှာ ပုံမှန်ထက် ရေပိုလွှတ်ခဲ့ရသည့်အပြင် ပန်းလောင်မြစ်၏ ရေဝေရေလဲဧရိယာမှ ရေများဝင်ရောက်လာသည့်အတွက် ပန်းလောင်မြစ်တစ်လျှောက် ကျေးရွာများသည် ထူးခြားစွာ ရေကြီးမှုအား ခံစားခဲ့ရကြောင်း သိရှိရပါတယ်။
ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ကွင်းဆင်းစစ်ဆေးချက်အရ ခရုတုတ်အရှေ့ရွာတွင် ကမ်းပြိုသည့် အလျားမှာ ပေ ၈၆၀ ခန့်ရှိပြီး ခရုတုတ်အနောက်ရွာတွင် ကမ်းပြိုသည့်အလျားမှာ ပေ ၁,၅၀၀ ခန့်ရှိကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ မတ်လအတွင်း လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြောင့် ပန်းလောင်မြစ်ကမ်းဘေး ကျေးရွာများ၌ အက်ကွဲကြောင်းများဖြစ်ပေါ်ပြီး မြစ်ရေတက်ချိန်တွင် အဆိုပါ အက်ကွဲကြောင်းများအတွင်း ရေဝင်ရောက်သဖြင့် မြစ်ရေကျဆင်းချိန်တွင် ကျေးရွာကမ်းပါးများမှာ ၅ ပေ မှ ၆ ပေခန့် ပြိုကျမှုများ ဖြစ်ပေါ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိရပါသည်။
အဆိုပါ ခရုတုတ်အရှေ့နှင့် ခရုတုတ်အနောက် ကျေးရွာနှစ်ခုအား ကမ်းပြိုမှုမှကာကွယ်နိုင်ရန် စုစုပေါင်းအလျား ပေ ၂,၄၀၀ ခန့်ကို ကွန်ကရစ်ပိုင်တိုင်အခြေပြု ကျောက်ဖြည့်မြေထိန်းနံရံ (Gabion Wall) ဖြင့် တည်ဆောက်ကာကွယ်ပေးရမည်ဖြစ်ပြီး ကုန်ကျစရိတ်မှာ ကျပ် ၂,၅၅၀ သန်းခန့် ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးခင်မောင်ဝင်း၏ မေးခွန်းနှင့်စပ်လျဉ်း၍ ပန်းလောင်မြစ်ကမ်းပြိုကာကွယ်ရေးသည် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြစ်ငယ်၊ ချောင်းငယ်တစ်ခုတွင်ဖြစ်သဖြင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ရမည့်လုပ်ငန်းတစ်ခု ဖြစ်ပါသည်၊ ခရုတုတ်အရှေ့နှင့် ခရုတုတ်အနောက်ကျေးရွာနှစ်ခုအား ကမ်းပြိုမှုမှ ကာကွယ်နိုင်ရန် စုစုပေါင်း ကမ်းပြိုအလျား ၂,၄၀၀ ပေခန့်အတွက် ကုန်ကျစရိတ် ကျပ် ၂,၅၅၀ သန်းခန့်ကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဘဏ္ဍာရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လျာထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ဖြေကြားထားပါကြောင်းနှင့် ပို့ဆောင်ရေးဝန်ကြီးဌာနမှလည်း လုပ်ငန်းဆောင်ရွက်ချိန်တွင် နည်းပညာအကူအညီများ ပံ့ပိုးပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။