တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်)
ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဦးစိုးမင်းစမ်း
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ကျွန်တော်သည် မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဦးစိုးမင်းစမ်း ဖြစ်ပါသည်။
ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့နယ်တောင်ဘက်ရှိ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးစခန်းအနီး မော်တော်ယာဉ်ပိတ်ဆို့မှုများ ဖြစ်ပေါ်နေသည်မှာ ကာလကြာရှည်နေပြီဖြစ်ပါသည်။ နယ်စပ်ကုန်စည် စီးဆင်းမှုရပ်တန့်နေသည့်အတွက် ယခု ၃၊ ၄ လအတွင်း ပိတ်ဆို့မှုအနည်းငယ်သာရှိသော်လည်း အစိုးရသစ်တက်လာပြီး များမကြာမီအချိန်ကာလတွင် ကုန်စည်စီးဆင်းမှုလမ်းကြောင်းကြီးသည် ပြန်လည်သက်ဝင်လာပြီး လမ်းပိတ်ဆို့မှုများ ထပ်မံဖြစ်ပေါ်လာမည်ကို တွေ့မြင်နေရပါသည်။ အဆိုပါ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်စခန်းနေရာတွင် လမ်းပိတ်ဆို့မှုဖြစ်ပေါ်ရခြင်းကြောင့် ခရီးသည်တင်ယာဉ်ကြီးများနှင့် ကိုယ်ပိုင်ယာဉ်ငယ်များသည် လမ်းပိတ်ဆို့မှုအကြား ၁ နာရီခွဲနှင့် ၃ နာရီအကြားထိ ကြာမြင့်စွာ လမ်းပိတ်ဆို့မှုများနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ကြရပြီး၊ သက်ကြီးရွယ်အိုများနှင့် အရေးပေါ်လူနာတင်ယာဉ်များအတွက် များစွာအခက်အခဲဖြစ်ပေါ်ခဲ့ရသည်ကို တွေ့မြင်ခဲ့ရပါသည်။
ယခင်ကပို့ကုန်စစ်ဆေးရေးအတွက် သီးသန့်ထားရှိခြင်းမရှိဘဲ သွင်းကုန်နှင့်ပို့ကုန် အမျိုးအစား ၂ ခုစလုံးအား ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းမကြီး၏ ဘယ်ဘက်ခြမ်းတွင်သာ ဆောင်ရွက်ထားရှိခဲ့သော်လည်း ယခုအခါ ပို့ကုန်စစ်ဆေးရေးအတွက်ပါ လမ်း၏ ဘယ်ညာနှစ်ဖက်စလုံးတွင် ဆောင်ရွက်ထားပြီးဖြစ်သည်ကို တွေ့ရှိရပါသည်။ သို့ရာတွင် အဆိုပါ လမ်းပိတ်ဆို့မှုအား သွင်းကုန်စစ်ဆေးရေးစခန်းနှင့် ပို့ကုန်စစ်ဆေးရေးစခန်း ၂ ခု စီမံဆောင်ရွက်ထားရုံဖြင့် လုံလောက်မည်မဟုတ်ဘဲ၊ ယာဉ်ငယ်သွားလမ်း၊ ခရီးသည်တင်ယာဉ်ကြီးများအတွက်လမ်း၊ ကုန်တင်ယာဉ်များစစ်ဆေးခံရန်အတွက် သီးသန့်ရပ်နားရန်လမ်းဟူ၍ သီးခြားဆောင်ရွက်နိုင်မှသာ ညောင်ခါးရှည် အမြဲတမ်းစစ်ဆေးရေးဂိတ်အနီး ယာဉ်ပိတ်ဆို့မှုအား ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း တွေ့ရှိရပါသည်။
သို့ဖြစ်ပါ၍ ကုန်တင်ယာဉ်ကြီးများသည် သက်ဆိုင်ရာသွင်းကုန်စစ်ဆေးရေးဂိတ်နှင့်ပို့ကုန် စစ်ဆေးရေးဂိတ်များတွင် ဝင်ရောက်အစစ်ဆေးမခံမီ ၎င်းကုန်တင်ယာဉ်ကြီးများ ရပ်တန့်ရန်အတွက် ညောင်ခါးရှည်စစ်ဆေးရေးစခန်းအား ဗဟိုထားကာ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်စခန်းမှ ဝေါဘက်ခြမ်းသို့ အရှည်မိုင်ဝက်၊ ညောင်ခါးရှည် စစ်ဆေးရေးဂိတ်စခန်းမှ စစ်တောင်းတံတားဘက်ခြမ်းသို့ အရှည်မိုင်ဝက်၊ လမ်းအရှည်စုစုပေါင်း တစ်မိုင်ခန့်အား လက်ရှိ ၄ လမ်းသွားမှ ၈ လမ်းသွားအထိ တိုးချဲ့ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်ရှိ/မရှိ လေးစားစွာဖြင့်မေးမြန်း တင်ပြအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ အဋ္ဌမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်)
ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဦးစိုးမင်းစမ်း မေးမြန်းသည့်
ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဦးစွာပထမ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ခင်ဗျား။
ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် ဖြစ်ပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား
ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျား
ကျွန်တော်အနေဖြင့် မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)၊ ဦးစိုးမင်းစမ်းမှ မေးမြန်းထားတဲ့ “ပဲခူးတိုင်းဒေသကြီး၊ ဝေါမြို့တောင်ဘက်ရှိ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ညောင်ခါးရှည်အမြဲတမ်းစစ်ဆေးရေးဂိတ်အနီး ယာဉ်ပိတ်ဆို့မှုများ ဖြေရှင်းနိုင်ရန်အတွက် ညောင်ခါးရှည်စစ်ဆေးရေးစခန်းအား ဗဟိုထားကာ ဝေါဘက်ခြမ်းသို့ အရှည်မိုင်ဝက်၊ စစ်တောင်းတံတားဘက်ခြမ်းသို့ အရှည်မိုင်ဝက်၊ လမ်းအရှည်စုစုပေါင်း (၁)မိုင်ခန့်အား လက်ရှိ (၄) လမ်းသွားမှ (၈) လမ်းသွားအထိ တိုးချဲ့ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း”နှင့် စပ်လျဉ်းတဲ့ မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာ ဖြစ်ပါတယ်။
လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားတဲ့ ရန်ကုန်-မော်လမြိုင် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှ ဝေါဘက်ခြမ်းသို့ အရှည်မိုင်ဝက်၊ စစ်တောင်းတံတားဘက်ခြမ်းသို့ အရှည်မိုင်ဝက်၊ စုစုပေါင်း (၁) မိုင်ခန့်သည် ပြည်ထောင်စုမှ စီမံခန့်ခွဲသောလမ်းဖြစ်ပြီး ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီလီမိတက်မှ B.O.T စနစ်ဖြင့် ဆောင်ရွက်လျက်ရှိတဲ့ ဘုရားကြီး-ကျိုက်ထို လမ်းပိုင်းရဲ့ စစ်တောင်းတံတား (မုပ္ပလင်) ချဉ်းကပ်လမ်းမိုင်တိုင် (၀) မိုင်မှ (၆) မိုင် (၃) ဖာလုံအတွင်းရှိ ညောင်ခါးရှည် စစ်ဆေးရေးဂိတ် အဝင်/အထွက်ပိုင်းဖြစ်ပါတယ်။ လက်ရှိလမ်းအခြေအနေကတော့ စစ်တောင်းတံတား (မုပ္ပလင်) ချဉ်းကပ်လမ်း မိုင်တိုင် (၀) မိုင်မှ (၂) မိုင် အထိ (၂) မိုင်အား ယာဉ်ကြောပိတ်ဆို့မှု မရှိစေရေးအတွက် (၄၈) ပေအကျယ် ကတ္တရာကွန်ကရစ်လမ်းတိုးချဲ့ဆောင်ရွက်ထားပြီးဖြစ်ပါတယ်။
ညောင်ခါးရှည်စစ်ဆေးရေးဂိတ်အနီး ယာဉ်ကြောပိတ်ဆို့မှုဖြစ်ပွားရခြင်းမှာ စစ်ဆေးရေးဂိတ်ရဲ့ လုပ်ငန်းစဉ်များအရ ယာဉ်စစ်ဆေးမှုဆောင်ရွက်စဉ် ယာဉ်များစစ်ဆေးမှုခံယူရန် စနစ်တကျတန်းစီမှုမရှိဘဲ ယာဉ်တစ်စီးနှင့်တစ်စီး ကျော်တက်ဝင်ရောက်ခြင်းကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါတယ်။
လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျား
ညောင်ခါးရှည်စစ်ဆေးရေးဂိတ်အနီး ယာဉ်ကြောပိတ်ဆို့မှုများမရှိစေရေးအတွက် ယာဉ်များ လက်ယာဘက်ယာဉ်ကြောမှ တစ်စီးနှင့်တစ်စီးကျော်တက်မောင်းနှင်ခြင်းမပြုဘဲ သတ်မှတ်ယာဉ်ကြောအတိုင်း စနစ်တကျတန်းစီ အစစ်ဆေးခံရန် အသိပေး၊ သတိပေးဆိုင်းဘုတ်များအား ရွှေသံလွင်ဟိုင်းဝေးကုမ္ပဏီလီမိတက်မှ စိုက်ထူဆောင်ရွက်သွားမှာဖြစ်ပြီး လတ်တလောအနေဖြင့် စစ်ဆေးရေးဂိတ်အား ဗဟိုထားကာ ဝေါဘက်ခြမ်းသို့ အရှည်မိုင်ဝက်၊ စစ်တောင်းတံတားဘက်ခြမ်းသို့ အရှည်မိုင်ဝက်၊ လမ်းအရှည် စုစုပေါင်း (၁) မိုင်အား B.O.T ကုမ္ပဏီမှ လာမည့်ပွင့်လင်းရာသီတွင် တစ်ဖက်လျှင် ယာဉ်သွားလမ်း (၁)လမ်းစီ ထပ်မံတိုးချဲ့ ဆောင်ရွက်စေရေး စီမံပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျား။