တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ နဝမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်)
မကွေးတိုင်းဒေသကြီး၊၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဦးစိန်ရွှေမင်း
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အားလုံးမင်္ဂလာပါခင်ဗျာ-
ကျွန်တော်ကတော့ မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဦးစိန်ရွှေမင်း ဖြစ်ပါတယ်ခင်ဗျာ။
မင်းဘူးမြို့နယ်၊ ကိုင်းတောကြီးကျေးရွာ၊ ရွာ၏မြောက်ဘက် ၂ မိုင်ခန့်အကွာတွင် တောင်မန်းမြောင်းမကြီးရှိပါသည်။ ထိုတောင်မန်းမြောင်းမကြီး၏ မြောက်ဘက်၌ ၁၂၈၇ ကွင်း၊ ၁၂၈၈(က)၊ ၁၂၈၈(ခ) ကွင်းနှင့် ၁၂၈၉ ကွင်းတို့တွင် ကိုင်းတောကြီးကျေးရွာတောင်သူများ၏ လယ်ဧက (၃၀၀၀) ခန့်ရှိပါသည်။ ထိုလယ်များ သီးနှံပေါ်သည့်အခါ ကျေးရွာသို့ ပြန်လည်သယ်ယူရာတွင် ကိုင်းတောကြီးကျေးရွာအရှေ့ဘက် နန္ဒာရုံကျောင်းမှ စကု-ဆင်ခေါင်းလမ်း၊ ထိုမှ စကု-ဆင်ခေါင်းလမ်းမှ တောင်မန်းမြောင်းဘောင်၊ ထိုမြောင်းဘောင်မှ အနောက်ဘက် ၇.၆ မိုင် (ပေတိုင်အမှတ် ၄၁၀၀) နှင့် ၈ မိုင် (ပေတိုင်အမှတ် ၄၂၀၀၀) ကြားရှိ ပေါင်းတံတားအထိ ၄ မိုင်ကျော် ပတ်သွားကြရပါသည်။
ထို့အပြင် ကိုင်းတောကြီးရွာမြောက်ဘက်၌လည်း ၁၂၈၅ ကွင်း၊ ၁၂၈၆ ကွင်းနှင့် ၁၂၈၉ ကွင်းတို့တွင် ယာမြေဧက (၄၀၀၀) ခန့်ရှိပါသေးသည်။
ကိုင်းတောကြီးကျေးရွာ ရွာမြောက်ဘက်တံခါးအထွက်မှ တောင်မန်းမြောင်းဘောင် ၇.၆ မိုင် (ပေတိုင်အမှတ် ၄၁၀၀၀)နှင့် ၈ မိုင် (ပေတိုင်အမှတ် ၄၂၀၀၀) ကြားရှိ ပေါင်းတံတားအထိ ၂.၂ မိုင်အရှည်ကို ကုန်ထုတ်လမ်းဖောက်လိုက်ပါက အထက်ပါ ၁၂၈၅ ကွင်း၊ ၁၂၈၆ ကွင်းနှင့် ၁၂၈၉ ကွင်းရှိ ယာများ၊ ၁၂၈၇ ကွင်း၊ ၁၂၈၈ (က)၊ ၁၂၈၈(ခ) ကွင်းနှင့် ၁၂၈၉ ကွင်းတို့ရှိ လယ်များမှ သီးနှံများထုတ်ယူရာတွင် ပိုမိုမြန်ဆန်လွယ်ကူသွားနိုင်ပါသည်။
သို့ဖြစ်ပါ၍ မင်းဘူးမြို့နယ်ရှိ ကိုင်းတောကြီးကျေးရွာ၊ ရွာမြောက် ဘက်တံခါးအထွက်မှ တောင်မန်းမြောင်းဘောင် ၇.၆ မိုင် (၄၁၀၀၀ ပေ မှတ်တိုင်) နှင့် ၈ မိုင် (၄၂၀၀၀ ပေမှတ်တိုင်) ကြားရှိ ပေါင်းတံတားအထိ ၂.၂ မိုင်အရှည် ကုန်ထုတ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုပါသဖြင့် လေးစားစွာမေးမြန်းတင်ပြအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ နဝမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်)
မကွေးတိုင်းဒေသကြီး၊၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဦးစိန်ရွှေမင်း
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးနှင့်တကွ တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်စားများ၊ ဖိတ်ကြားထားသောဧည့်သည်တော်များအားလုံး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ကျွန်တော်ကတော့ သမဝါယမနှင့် ကျေးလက်ဖွံဖြိးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသိုက်စိုး ဖြစ်ပါတယ်။
ဦးစိန်ရွှေမင်း၊ မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ် ကိုင်းတောကြီးကျေးရွာရှိ တောင်မန်းမြောင်းဘောင် ၇.၆ မိုင် (ပေတိုင်အမှတ် ၄၁၀၀၀) နှင့် ၈ မိုင် (ပေတိုင်အမှတ် ၄၂၀၀၀) ကြားရှိ ပေါင်းတံတားအထိ (၂.၂) မိုင် အရှည်ရှိသော ကုန်ထုတ်လမ်း ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်ကြယ်ပွင့်ပြမေးခွန်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ပေါင်းစပ်ဖြေကြားခြင်းဖြစ်ပါတယ်။
Power Point အသုံးပြုခွင့်ပြုနိုင်ရန် တင်ပြအပ်ပါတယ်။
တင်ပြပါပုံကတော့ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကိုင်းတောကြီးကျေးရွာ ကုန်ထုတ်လမ်း တည်နေရာပြမြေပုံဖြစ်ပါတယ်။
တင်ပြပါပုံကတော့ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကိုင်းတောကြီးကျေးရွာ ကုန်ထုတ်လမ်း မြေပြင်မှတ်တမ်းဓာတ်ပုံများ ဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကိုင်းတောကြီးကျေးရွာ ကုန်ထုတ်လမ်းသည် ကျေးရွာ၏မြောင်ဘက်မှစ၍ တောင်မန်းမြောင်းဘောင်အထိ ၁.၇ မိုင်ခန့် အရှည်ရှိသည့် လမ်းဖြစ်ပါတယ်။ လမ်းဘေးဝဲယာ၌ တောင်သူ ၃၅ ဦး (လယ်-၇ ဦး၊ ယာ-၂၈ ဦး)၏ လယ် ၇၂ ဧက၊ ယာ ၁၄၄ ဧက၊ စုစုပေါင်းလယ်ယာ ၂၁၆ ဧက ရှိပါတယ်။
၂၀၂၁-၂၀၂၂ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကိုင်းတောကြီးကျေးရွာအတွက် ကုန်ထုတ်လမ်းအရှည် ၁ မိုင်၊ ၁.၂ ဖာလုံ ဖောက်လုပ်ပေးခဲ့ပြီး အဆိုပါလမ်းပေါ်တွင် Slab Culvert ၁ စင်း နှင့် Pipe Culvert ၂ စင်းကို တိုင်းဒေသကြီးရန်ပုံငွေကျပ် ၄၀.၂၂ သန်းဖြင့် ဆောင်ရွက်ပေးခဲ့ပါတယ်။ လယ်ယာ ဧက ၁၉၀ ကို အကျိုးပြုစေခဲ့ပါတယ်။
ကိုင်းတောကြီးကျေးရွာတွင် ၂၀၁၆-၂၀၁၇ ခု၊ ဘဏ္ဍာရေးနှစ်၌ မြစိမ်းရောင်ကျေးရွာစီမံကိန်း ၁ ယူနစ်အား စီမံကိန်းမတည်ရန်ပုံငွေကျပ်သိန်း ၃၀ ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ယခုအခါ စီမံကိန်းလည်ပတ်ရန်ပုံငွေကျပ် ၆၈.၂၈၂၈ သန်းဖြင့် ဆက်လက်ဆောင်ရွက်လျက်ရှိပါတယ်။
၂၀၂၃-၂၀၂၄ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ၁ ယူနစ် ကို ကျေးရွာအတွက် စီမံကိန်းချထားပေးခဲ့ပါတယ်။ စီမံကိန်းထောက်ပံ့ငွေကျပ် ၁၅ သန်း၊ ပြည်သူထည့်ဝင်ငွေကျပ် ၁.၅၄ သန်း၊ စုစုပေါင်းငွေကျပ် ၁၆.၅၄ သန်းဖြင့် ၉၈၀ ပေ x ၁၄ ပေ x ၂ ပေရှိ ကုန်ထုတ်လမ်းပြုပြင်ခြင်း၊ ၁၈ ပေ x ၆ ပေ x ၆ ပေရှိ Slab Culvert ၁ စင်းတည်ဆောက်ခြင်း၊ ရေသန့်စင်စက်တပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ပါတယ်။
ကိုင်းတောကြီးကျေးရွာ ကုန်ထုတ်လမ်း၏ လက်ရှိလမ်းအကျယ်မှာ မှတ်တမ်းဓာတ်ပုံများအရ ပျမ်းမျှ ၁၀ ပေ ခန့်သာရှိကြောင်း တွေ့ရှိရပါတယ်။
ကုန်ထုတ်လမ်းဖောက်လုပ်ရန် လမ်းနယ်အကျယ်ပေ ၃၀ ရှိရန် လိုအပ်ပါတယ်။ လမ်းအကျယ်ပြည့်မီစေရန်အတွက် သက်ဆိုင်ရာ တောင်သူများ၊ ကျေးရွာလမ်းကော်မတီများနှင့် မြေနေရာရရှိရေးကို ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ပါတယ်။ မြေနေရာရရှိရေးအတွက်ကိုလည်း လွှတ်တော်ကိုယ်စားလှယ်ကြီးက စည်းရုံးဆောင်ရွက်ပေးနိုင်ရန် မေတ္တာရပ်ခံအပ်ပါတယ်။
မြေနေရာရရှိပါက ကျေးလက်ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကြိုအင်ဂျင်နီယာလုပ်ငန်းများဖြစ်သည့် ကွင်းဆင်းတိုင်းတာခြင်း၊ လမ်းဒီဇိုင်းပုံထုတ်ခြင်းနှင့် အသေးစိတ်ခန့်မှန်းခြေ တွက်ချက်ခြင်းများ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။
အဆိုပါလုပ်ငန်းစဉ်များဆောင်ရွက်ပြီးပါက လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့တို့နှင့်ပေါင်းစပ်၍ ကျေးလက်နေပြည်သူလူထု၏ လူမူစီးပွားဘဝဖွံဖြိုးတိုးတက်မှု အကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှုတို့ကို ဦးစားပေးရွေးချယ်မှုတို့အရ အနီးစပ်ဆုံးဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု (သို့မဟုတ်) တိုင်းဒေသကြီးရရှိရန်ပုံငွေအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အတိုင်း လျာထားပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။