တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ နဝမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်)
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ဦးခင်မောင်တင့်
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အားလုံးမင်္ဂလာပါခင်ဗျာ-
ကျွန်တော်ကတော့ ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၃) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့် ဖြစ်ပါသည်။
ကျွန်တော်၏မဲဆန္ဒနယ်မြေဖြစ်သော တိုက်ကြီးမြို့နယ်အတွင်းရှိ မလေးရှားဝိုင်ကျေးရွာအုပ်စု ပျဉ်းမချိုကျေးရွာ၊ မင်္ဂလာရပ်ကွက် နှင်းဆီမြိုင်ကျေးရွာ၊ ကင်းမထီးကျေးရွာအုပ်စု ရွှေညောင်ပင်ကျေးရွာနှင့် လိပ်လော့ကျေးရွာ၊ ဖလုံဘူတာကျေးရွာအုပ်စု အလယ်မြောင်ကျေးရွာနှင့် ကြို့ပင်ကျေးရွာ၊ ရေတွင်းကုန်းကျေးရွာအုပ်စု အေးမြသာယာကျေးရွာတို့သည် သစ်တောဧရိယာမြေပေါ်တွင် ကျူးကျော်နေထိုင်လာခဲ့ကြသည်မှာ နှစ်ပေါင်းများစွာကြာမြင့်ပြီး ဘုရား၊ ပုထိုး၊ စေတီများ၊ ဘုန်းတော်ကြီးကျောင်းများနှင့်ဖြစ်တည်လျက်ရှိသော ရွာများဖြစ်ကြပါသည်။
သို့ဖြစ်ပါ၍ အဆိုပါ ကျေးရွာများအား သစ်တောဧရိယာမြေမှပယ်ဖျက်ပြီး ကျေးရွာပိုင်မြေအဖြစ် ပြုလုပ်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ လေးစားစွာ တင်ပြအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ နဝမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်)
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ဦးခင်မောင်တင့်
မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ်(၃)မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်တင့်၏ ကြယ်ပွင့်ပြမေးခွန်းအပေါ် ရှင်းလင်းတင်ပြခွင့်ပြုနိုင်ပါရန် တင်ပြအပ်ပါတယ်။
တိုက်ကြီးမြို့နယ်၊ မလေးရှားဝိုင်ကျေးရွာအုပ်စု ပျဉ်းမသျှိုကျေးရွာနှင့် မင်္ဂလာရပ်ကွက်တွင်ပါဝင်သည့် နှင်းဆီမြိုင်ကျေးရွာတို့သည် တောင်လျှိုင်ရိုးမကြိုးဝိုင်းတွင်လည်းကောင်း၊ ကင်းပတီးကျေးရွာအုပ်စု ရွှေညောင်ပင်ကျေးရွာ၊ ဖလုံဘူတာကျေးရွာအုပ်စု အလယ်မြောင်ကျေးရွာနှင့် ကြို့ပင်ကျေးရွာ၊ ရေတွင်းကုန်းကျေးရွာအုပ်စု အေးမြသာယာကျေးရွာတို့သည် မာဂရီကြိုးဝိုင်းတွင်လည်းကောင်း၊ ကင်းပတီးကျေးရွာအုပ်စု၊ လိပ်လော့ကျေးရွာသည် ဥက္ကံကြိုးဝိုင်းတွင်လည်းကောင်း ကျရောက်လျက်ရှိပါတယ်။
တိုက်ကြီးမြို့နယ်တွင် တောင်လှိုင်းရိုးမကြိုးဝိုင်းကို ၂-၆-၁၈၈၀ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၄၃/၁၈၈၀ ဖြင့်လည်းကောင်း၊ မာဂရီကြိုးဝိုင်းကို ၂၃-၅-၁၈၇၈ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၆၃/၁၈၇၈ ဖြင့်လည်းကောင်း၊ ဥက္ကံကြိုးဝိုင်းကို ၁၈-၉-၁၈၈၀ ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၆၃/၁၈၈၀ ဖြင့်လည်းကောင်း သတ်မှတ်ခဲ့ပါတယ်။
နိုင်ငံတော်သမ္မတရုံး၏လမ်းညွှန်ချက်အရ ၂၀၁၃ ခုနှစ်တွင် ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့များဖြင့် သစ်တောမြေအတွင်း နှစ်ကာလကြာရှည်စွာ ဝင်ရောက်လုပ်ကိုင်သူများအိမ်ခြေ ၅၀ အထက် ရွာမြေစာရင်း၊ အိမ်ခြေ ၅၀ အောက်ရွာမြေစာရင်းနှင့် အိမ်ခြေ ၅၀ အောက်ပြန့်ကျဲနေသော ကျေးရွာများစာရင်းတို့အား ကွင်းဆင်းကောက်ယူခဲ့ရာ အဆိုပါစာရင်းများအရ မာဂရီကြိုးဝိုင်းအတွင်း ကျရောက်လျက်ရှိသော ရေတွင်းကုန်းကျေးရွာအုပ်စု အေးမြသာယာကျေးရွာမှလွဲ၍ ကျန်ကျေးရွာများသည် ကွင်းဆင်းကောက်ယူမှုစာရင်းတွင် ပါဝင်ပါတယ်။
မလေးရှားဝိုင်ကျေးရွာအုပ်စု ပျဉ်းမသျှိုကျေးရွာသည် ၂၀၀၆ ခုနှစ်ခန့်မှစ၍ ကျေးရွာအဖြစ် တည်ရှိလာကာ အိမ်ခြေ ၇၂ အိမ်၊ အိမ်ထောင်စု ၇၅ စု၊ လူဦးရေ ၃၂၅ ဦး၊ ဘုန်းတော်ကြီးကျောင်း ၃ ကျောင်းရှိကာ အဆိုပါ ကျေးရွာမြေ ၇၈.၀၀ ဧကသည် တောင်လှိုင်ရိုးမ သစ်တောကြိုးဝိုင်းမြေအတွင်း ပါဝင်နေပါတယ်။
မင်္ဂလာရပ်ကွက်၊ နှင်းဆီမြိုင်ရွာသည် ၁၉၉၀ ပြည့်နှစ်ခန့်မှစ၍ ကျေးရွာအဖြစ်တည်ရှိလာကာ အိမ်ခြေ ၂၄၀ အိမ်၊ အိမ်ထောင်စု ၂၄၀ စု၊ လူဦးရေ ၉၈၀ ဦးခန့်ရှိပြီး လူနေအိမ်မြေဧရိယာ ၈၀.၀၀ ဧကခန့်၊ ဘုန်းကြီးကျောင်း ၃ ကျောင်းမြေဧရိယာ ၁၀.၀၀ ဧကခန့်၊ စုစုပေါင်း ၉၀.၀၀ ဧကခန့်ရှိကာ တောင်လှိုင်ရိုးမသစ်တောကြိုးဝိုင်းမြေအတွင်း ပါဝင်နေပါတယ်။
ကင်းပတီးကျေးရွာအုပ်စုအတွင်းရှိ ရွှေညောင်ပင်ကျေးရွာသည် ၂၀၁၂ ခုနှစ်ခန့်မှစ၍ ကျေးရွာအဖြစ်တည်ရှိလာကာ အိမ်ခြေ ၇၈ အိမ်၊ အိမ်ထောင်စု ၇၈ စု၊ လူဦးရေ ၂၇၃ ဦး ၊ ဘုန်းတော်ကြီးကျောင်း ၁ ကျောင်းရှိပြီး ကျေးရွာမြေ ၄၅.၀၀ ဧက၊ ဘုန်းကြီးကျောင်းမြေအဖြစ် ၃.၀၀ ဧက၊ ဆေးခန်းမြေ၊ မူလတန်းကျောင်းမြေနှင့် ကျေးရွာအတွက်အသုံးပြုရန် ရွာပိုင်မြေ ၃.၀၀ ဧက၊ စုစုပေါင်း ၅၁.၀၀ ဧကအသုံးပြုလျက်ရှိသော အဆိုပါမြေသည် မာဂရီသစ်တောကြိုးဝိုင်းအတွင်း ပါဝင်နေပါတယ်။
ကင်းပတီးကျေးရွာအုပ်စုအတွင်းရှိ ယခင်လိပ်လော့ကျေးရွာ (ယခု မြိုင်ဟေဝန်ကျေးရွာ) သည် ၁၉၆၆ ခုနှစ်ခန့်မှစ၍ ကျေးရွာအဖြစ်တည်ရှိလာကာ အိမ်ခြေ ၁၁၈ အိမ်၊ အိမ်ထောင်စု ၁၂၀ စု၊ လူဦးရေ ၃၂၀ ဦးခန့်နေထိုင်လျက်ရှိပြီး ရွာမြေအဖြစ်အသုံးပြုထားသော ၃၀.၀၀ ဧကခန့်သည် ဥက္ကံသစ်တော ကြိုးဝိုင်းအတွင်း ပါဝင်နေပါတယ်။ လိပ်လော့ကျေးရွာမြေနေရာသည် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မြန်မာ့သစ်လုပ်ငန်းသို့ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေးအခြေပြု ခရီးသွားလုပ်ငန်း(မြိုင်ဟေဝန်ဆင်စခန်း)အဖြစ် ဆောင်ရွက်ရန်အတွက် ဆင်စခန်းနှင့် ဆင်စားကျက်မြေအဖြစ် ခွင့်ပြုထားသည့် မြေဧရိယာ ၃၃ ဧကအတွင်း ကျရောက်နေသည့်အတွက် သစ်တောကြိုးဝိုင်းမြေအဖြစ် ပယ်ဖျက်ပေးနိုင်ခြင်းမရှိပါကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဖြေကြားထားရှိပါတယ်။
ဖလုံဘူတာကျေးရွာအုပ်စု၊ အလယ်မြောင်ကျေးရွာသည် ၁၉၆၁ ခုနှစ်ခန့်မှစ၍ ကျေးရွာအဖြစ်တည်ရှိလာကာ အိမ်ခြေ ၄၃ အိမ်၊ အိမ်ထောင်စု ၄၉ စု၊ လူဦးရေ ၁၇၀ ဦးခန့် နေထိုင်လျက်ရှိပြီး ရွာမြေ ၁၅.၀၀ ဧကခန့်၊ ခရစ်ယာန်ကျောင်းမြေ ၁.၀၀ ဧက၊ စုစုပေါင်း ၁၆.၀၀ ဧကခန့် အသုံးပြုလျက်ရှိသော အဆိုပါမြေသည် မာဂရီသစ်တောကြိုးဝိုင်းအတွင်း ပါဝင်နေပါတယ်။
ဖလုံဘူတာကျေးရွာအုပ်စု၊ ကြို့ပင်ကျေးရွာသည် ၁၉၈၃ ခုနှစ်ခန့်မှစ၍ ကျေးရွာအဖြစ်တည်ရှိလာကာ အိမ်ခြေ ၃၀ အိမ်၊ အိမ်ထောင်စု ၃၄ စု၊ လူဦးရေ ၁၄၀ ဦးနေထိုင်လျက်ရှီပြီး ရွာမြေ ၂၅.၀၀ ဧကနှင့် စိုက်ပျိုးမြေ ၅.၀၀ ဧက၊ စုစုပေါင်း ၃၀.၀၀ခန့် အသုံးပြုထားသော အဆိုပါမြေသည် မာဂရီသစ်တောကြိုးဝိုင်းအတွင်း ပါဝင်နေပါတယ်။
ရေတွင်းကုန်းကျေးရွာအုပ်စု၊ အေးမြသာယာကျေးရွာသည် ၂၀၀၇ ခုနှစ်ခန့်မှစ၍ ကျေးရွာအဖြစ်တည်ရှိလာကာ အိမ်ခြေ ၅၅ အိမ်၊ အိမ်ထောင်စု ၅၅ စု၊ လူဦးရေ ၁၇၂ ဦးရှိပြီး ရွာမြေ ၁၄.၅၀ ဧကနှင့် ဘုန်းကြီးကျောင်းမြေ ၂.၀၀ ဧကနှင့် သုဿန်မြေ ၁.၀၀ ဧက၊ စုစုပေါင်း ၁၇.၅၀ ဧက ခန့် အသုံးပြုထားသော အဆိုပါမြေသည် မာဂရီသစ်တောကြိုးဝိုင်းအတွင်း ပါဝင်နေပါတယ်။
သစ်တောမြေဧရိယာမြေမှပယ်ဖျက်၍ ကျေးရွာမြေအဖြစ် ဆောင်ရွက်လိုသည့် ကျေးရွာ ၇ ရွာ သည် ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာထုတ်ပြန်ထားသည့် ကျေးရွာများစာရင်းတွင် မပါဝင်ပါကြောင်းနှင့် ယင်းကျေးရွာ ၇ ရွာအနက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ သစ်တောကြိုးဝိုင်းမြေအဖြစ် ပယ်ဖျက်ပေးနိုင်ခြင်းမရှိသည့် ကင်းပတီးကျေးရွာ အုပ်စု လိပ်လော့ကျေးရွာ (ယခုမြိုင်ဟေဝန်ကျေးရွာ)မှလွဲ၍ ကျန် ၆ ရွာအား သစ်တောကြိုးဝိုင်းမြေမှ ကျေးရွာမြေအဖြစ် ဆောင်ရွက်နိုင်ရန်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ နှင့်အညီ ဆောင်ရွက်ရမှာဖြစ်ပါတယ်။
မြို့ရွာများ စနစ်တကျဖွဲ့စည်းခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာကျေးရွာမှတင်ပြချက်အပေါ် သက်ဆိုင်ရာမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ အမှုတွဲပြုစုပြီး ခရိုင်/ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ တင်ပြရမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အစည်းအဝေးတွင် တင်ပြဆုံးဖြတ်ချက်ရယူကာ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီဆောင်ရွက်နိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ကထောက်ခံ၍ နိုင်ငံတော်သမ္မတထံခွင့်ပြုချက်ရရှိရေးတင်ပြရမှာ ဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတ၏ခွင့်ပြုချက်ရရှိပါက ကြိုးဝိုင်းအတွင်းကျရောက်နေသော သစ်တောကြိုးဝိုင်းမြေများအား သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ကျေးရွာမြေအဖြစ် အသုံးပြုရန် သစ်တောဥပဒေ၊ နည်းဥပဒေများအရ ခွင့်ပြုပါက မြို့၊ ကျေးရွာတိုးချဲ့ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ အမှုတွဲပြုစုပြီး သက်ဆိုင်ရာ မြို့နယ်/ ခရိုင်/ ရန်ကုန်တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာတို့မှတစ်ဆင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)၊ ပြည်ထဲရေးဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်ရမှာဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ သစ်တောကြိုးဝိုင်းမြေမှ ကျေးရွာမြေအဖြစ် ဆောင်ရွက်လိုသည့် တိုက်ကြီးမြို့နယ်ရှိ တင်ပြပါကျေးရွာ ၇ ရွာအနက်မှ လိပ်လော့ကျေးရွာမြေနေရာသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဆင်စခန်းနှင့် ဆင်စားကျက်မြေအဖြစ် အသုံးပြုရန် ခွင့်ပြုထားသည့် မြေဧရိယာ ၃၃ ဧကအတွင်း ကျရောက်နေပါသောကြောင့် သစ်တောမြေအဖြစ် ပယ်ဖျက်ပေးနိုင်ခြင်းမရှိပါကြောင်းနှင့် ကျန်ကျေးရွာ ၆ ရွာအား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များရရှိမှသာလျှင် ကျေးရွာအဖြစ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်များအရ ရှင်းလင်းဖြေကြားအပ်ပါတယ်။