ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
နဝမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလဆန်း ၈ ရက်
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်)
[ တနင်္လာနေ့ ]
၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး နဝမနေ့ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၂ ရက်နေ့ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၀၉)ဦး ရှိပြီး (၂၀၆)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။
ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း
၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၃)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူမရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်။
(က) ဦးအောင်လှထွေး၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁)၏ လက်ရှိဆောင်ရွက်နေသော အခွန်စနစ်အရ အခွန်ဘဏ္ဍာရရှိမှု၊ အခွန်ကောက်ခံမှုယန္တရားတွင် နည်းပညာနှင့်လူအင်အား လုံလောက်မှု ရှိ/မရှိ၊ နိုင်ငံတော်အတွက် ရသင့်ရထိုက်သော အခွန်ငွေများရရှိမှု ရှိ/မရှိနှင့် နိုင်ငံတော်အခွန်ဘဏ္ဍာ ပိုမိုရရှိအောင် ဆောင်ရွက်မည့် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင်လည်း လျာထားချက်ပြည့်မီ ကျော်လွန်အောင် ကောက်ခံရရှိရေး၊ ရသင့်ရထိုက်သော အခွန်ငွေများ ပြည့်ဝစွာ ကောက်ခံရရှိရေး၊ အခွန်စီမံခန့်ခွဲမှုတွင် နည်းပညာကို ပိုမိုတိုးချဲ့ကျင့်သုံးရေးတို့ကို စီမံဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့်လည်း အခွန်ယဉ်ကျေးမှု ပိုမိုခိုင်မာလာစေရေးနှင့် အခွန်ထမ်းပြည်သူများအနေဖြင့် အခွန်တာဝန်ကို ကြည်သာပျူငှာစွာ ထမ်းဆောင်လာစေရေးတို့အတွက် ဝိုင်းဝန်းပူးပေါင်း၍ ကူညီဆောင်ရွက်ပေးပါရန် ရှင်းလင်းဖြေကြား ပါသည်။
( ခ ) ဦးခင်မောင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ၏ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည် မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူဦးရေများပြားလာသည့်အတွက် နေထိုင်မှုအဆင်ပြေစေရန် ရွာတိုးချဲ့မြေ ခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူဦးရေများပြားလာသည့်အတွက် နေထိုင်မှုအဆင်ပြေစေရေး ကျေးရွာမြေ တိုးချဲ့ခွင့်ပြုပေးနိုင်ပါရန် သက်ဆိုင်ရာ ကျေးရွာများမှ ပြည်သူများက လျှောက်ထားလာပါက ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပေါင်းစပ်ဖြေကြားချက်အရ ရှင်းလင်း ဖြေကြားပါသည်။
(ဂ) ဦးခင်မောင်တင့်၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၃) ၏ တိုက်ကြီးမြို့နယ်အတွင်းရှိ မလေးရှားဝိုင်ကျေးရွာအုပ်စု ပျဉ်းမချိုကျေးရွာ၊ မင်္ဂလာရပ်ကွက်၊ နှင်းဆီမြိုင်ကျေးရွာ၊ ကင်းပတီးကျေးရွာအုပ်စု ရွှေညောင်ပင်ကျေးရွာနှင့် လိပ်လော့ကျေးရွာ၊ ဖလုံဘူတာကျေးရွာအုပ်စု အလယ်မြောင်ကျေးရွာနှင့် ကြို့ပင်ကျေးရွာ၊ ရေတွင်းကုန်းကျေးရွာအုပ်စု အေးမြသာယာကျေးရွာများအား သစ်တောဧရိယာမြေမှ ပယ်ဖျက်ပြီး ကျေးရွာပိုင်မြေအဖြစ် ပြုလုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က တင်ပြပါကျေးရွာ (၇)ရွာအနက်မှ လိပ်လော့ကျေးရွာမြေနေရာသည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ဆင်စခန်းနှင့် ဆင်စားကျက်မြေအဖြစ် အသုံးပြုရန် ခွင့်ပြုထားသည့် မြေဧရိယာ(၃၃)ဧကအတွင်း ကျရောက်နေပါသောကြောင့် သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးနိုင်ခြင်း မရှိပါကြောင်းနှင့် ကျန်ကျေးရွာ(၆)ရွာအား ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်များ ရရှိမှသာလျှင် ကျေးရွာအဖြစ် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ ပေါင်းစပ်ဖြေကြားချက်များအရ ရှင်းလင်း ဖြေကြားပါသည်။
(ဃ) ဦးရှာမွေလရှဲန်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁) ၏ ရှမ်းပြည်နယ်၊ မိုင်းယောင်းမြို့နယ်၊ မုန်းလိုက်ကျေးရွာအုပ်စု၊ ရှေခင်ကျေးရွာ ကြိုးတံတားအား သံကူကွန်ကရစ်တံတားအဖြစ် ဆောက်လုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က ကျေးလက် ဖွံ့ဖြိုးရေး မဟာဗျူဟာအပေါ် အခြေခံပြီး လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီအဖွဲ့တို့ ပေါင်းစပ်၍ ကျေးရွာ၊ အိမ်ခြေ၊ လူဦးရေ၊ ကျေးလက်နေ ပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု အကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှုတို့ကို ဦးစားပေးရွေးချယ်မှုအပေါ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု သို့မဟုတ် ပြည်နယ်ရရှိရန်ပုံငွေ အပေါ်မူတည်၍ လျာထားတင်ပြမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
( င ) ဦးစိန်ရွှေမင်း၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၄)၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကိုင်းတောကြီးကျေးရွာရှိ တောင်မန်းမြောင်းဘောင် ၇.၆ မိုင် (ပေတိုင်အမှတ် ၄၁၀၀၀)နှင့် ၈ မိုင် (ပေတိုင်အမှတ် ၄၂၀၀၀)ကြားရှိ ပေါင်းတံတားအထိ (၂.၂)မိုင်အရှည်ရှိသော ကုန်ထုတ်လမ်းဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး က လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့တို့ ပေါင်းစပ်၍ ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု အကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှုတို့ကို ဦးစားပေးရွေးချယ်မှုတို့အရ အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု သို့မဟုတ် တိုင်းဒေသကြီး ရရှိရန်ပုံငွေအပေါ်မူတည်၍ ဦးစားပေး အစီအစဉ်အတိုင်း လျာထားပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
အဖွဲ့ဝင်နေရာ အစားထိုးပြင်ဆင်ဖွဲ့စည်းခြင်းကို တင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်း
၅။ အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီတွင် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ဒေါ်ကျော့ယဉ်ဝင်း အစား စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဦးသိန်းလှိုင် အား အဖွဲ့ဝင်နေရာ အစားထိုး ပြင်ဆင်ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်းသည့် တင်ပြချက်ကို အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
ကော်မတီများ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း
၆။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီနှင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီများ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က လွှတ်တော်သို့ ရှင်းလင်းပြောကြားပါသည်။
သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ အမည် စာရင်းတင်ပြခြင်း၊ အတည်ပြုချက်ရယူခြင်းနှင့် ဖွဲ့စည်းကြောင်း ကြေညာခြင်း
၇။ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) ဒေါ်ဇင်ပပဦး က သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။
၈။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၅)ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) ဦးလှသိန်း အား လည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁) ဒေါ်ဇင်ပပဦး အားလည်းကောင်း တာဝန်ပေးအပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တင်ပြပါသည်။
၉။ သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ သတ္တု၊ သယံဇာတနှင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်းသည့် တင်ပြချက်ကိုလည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ အမည် စာရင်းတင်ပြခြင်း၊ အတည်ပြုချက် ရယူခြင်းနှင့် ဖွဲ့စည်းကြောင်း ကြေညာခြင်း
၁၀။ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဦးဇော်မင်းသန်း က ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။
၁၁။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၅)ဦးဖြင့်ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ကရင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဒေါက်တာ စောနေလင်းအောင် အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဦးဇော်မင်းသန်း အားလည်းကောင်း တာဝန်ပေးအပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တင်ပြပါသည်။
၁၂။ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့်စွမ်းအင်ဆိုင်ရာကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်းသည့် တင်ပြချက်ကိုလည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ အမည် စာရင်းတင်ပြခြင်း၊ အတည်ပြုချက်ရယူခြင်းနှင့် ဖွဲ့စည်းကြောင်း ကြေညာခြင်း
၁၃။ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) ဦးဖြိုးဝေလင်း က ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။
၁၄။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၅)ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်စိုး အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁) ဦးဖြိုးဝေလင်း အားလည်းကောင်း တာဝန်ပေးအပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တင်ပြပါသည်။
၁၅။ ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ ဟိုတယ်၊ ခရီးသွားလုပ်ငန်းနှင့် ယဉ်ကျေးမှုဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်းသည့် တင်ပြချက်ကိုလည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
၁၆။ အစည်းအဝေးကို ၁၅:၃၃ နာရီ အချိန်တွင် ရပ်နားပြီး ဒသမနေ့အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက် (ကြာသပတေးနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်