တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ဒသမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်)
ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) စိုင်းဝင်းခိုင်
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
တိုင်းပြည်ချမ်းသာမှုသည် ပြည်သူလူထုစိတ်ချမ်းသာမှုဟု ဆိုပါသည်။ နိုင်ငံတစ်နိုင်ငံ တိုးတက်ဖွံ့ဖြိုးမှုကို တိုင်းတာတဲ့အခါ (ဂျီဒီပီ) တစ်ခုတည်းနှင့် မလုံလောက်ပေ။ ပြည်သူလူထုတွေ စိတ်ချမ်းသာမှုနှင့် ကျန်းမာရေးမည်သို့ရှိသလဲဆိုသည့် ပေတံနှင့် တိုင်းတာသင့်သည်။ နိုင်ငံတိုးတက်မှုကို အရင်က (ဂျီဒီပီ)နှင့် တစ်ဦးချင်းဝင်ငွေနှင့်တိုင်းတာတာထက် စီးပွားရေးနှင့် တိုင်းတာမရသည့် ကျန်းမာရေး၊ ပညာရေး၊ ပတ်ဝန်းကျင်လွတ်လပ်မှုတွေနှင့်ပါ တွက်ချက်တိုင်းတာရန် လိုအပ်ပါသည်။
နိုင်ငံ၏ချမ်းသာမှုသည် သယံဇာတပစ္စည်းမဟုတ်ပေ။ ငွေကြေး၊ သစ်တော၊ ဓာတ်ငွေ့မဟုတ်ပေ။ နိုင်ငံ၏ချမ်းသာမှုသည် ပြည်သူလူထု၏ ကျန်းမာရေးအဆင့်အတန်း ကောင်းမွန်ခြင်းပင် ဖြစ်ပါသည်။ ကျန်းမာရေးကောင်းမွန်သည့် ပြည်သူလူထုများ များစွာရှိပါမှ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ပြီဟုပြောရန် အသင့်ဖြစ်ပြီဟု ပညာရှိများက ဆိုကြပါသည်။
ပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး အစစအရာရာ အဆင်ပြေစေရန် အစိုးရအဖွဲ့အစည်းက အရေးပါလှသည်။ အစိုးရအဖွဲ့အစည်းက လူတစ်ဦးချင်းစီ၏ ကျန်းမာရေးအခွင့်အရေးကို အာမခံပေးနိုင်တဲ့ အဖွဲ့အစည်းဖြစ်ရပါမည်။ လူမှုရေးတရားမျှတမှုရှိပြီး ပြည်သူ၏ လွတ်လပ်မှု၊ စိတ်ချမ်းသာမှုရှိမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ပြီဟု ပြောဆိုနေကြပါသည်။
နိုင်ငံတော်သမ္မတကြီး၏ မဟာဗျူဟာ အန္တိမရည်မှန်းချက်မှာ နိုင်ငံတော်သာယာဝပြောရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အနာဂတ်ကို ပိုင်စိုးမည့်မျိုးဆက်သစ်တို့ အင်အားရှိရေးဖြစ်ပါသည်။ သို့ကြောင့် မြို့ရွာတိုင်းမှာ ကျန်းမာသန်စွမ်းသည့်လူများ ပေါ်ပေါက်လာရေးအတွက် ဆေးရုံဆေးခန်းများစွာရှိရပါမည်။
မျက်မှောက်ကာလများစွာသော နိုင်ငံတို့၏ တိုးတက်မှုသည် ရုပ်ပိုင်းဆိုင်ရာကြီးပွားချမ်းသာမှုကို ရှေးရူသောလုပ်ဆောင်မှုများသာဖြစ်သည်။ နိုင်ငံတစ်နိင်ငံ ကြီးပွားချမ်းသာတိုးတက်စေရန်အတွက် အဓိကလိုအပ်ချက်မှာ နည်းပညာ၊ အတတ်ပညာတတ်မြောက်သော ကျန်းမာသန်စွမ်းသည့် လူသားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်လာရန် ဖြစ်ပါသည်။
တန့်ယန့်မြို့နေ ရဟန်းရှင်လူ မိဘပြည်သူများ၏ ဆန္ဒအမှန်မှာ လူဦးရေ တစ်သိန်းတစ်သောင်းဦးရေခန့်ရှိသည့် တန့်ယန်းမြို့ ၂၅-ခုတင်ဆေးရုံကြီးမှ ၅၀-ခုတင်ဆံ့ ခေတ်မီဖွံ့ဖြိုးသည့်ဆေးရုံကြီး ပေါ်ပေါက်လာရေးနှင့် လိုအပ်နေသော အထူးကုဆရာဝန်ကြီး၊ လက်ထောက်ဆရာဝန်၊ သွားဆရာဝန်၊ ဆရာ/ဆရာမကြီးများနှင့် ဆေးရုံပစ္စည်းများ၊ ခေတ်မီအထောက်အကူပြုပစ္စည်းများ ပြည့်စုံစွာတည်ရှိရန်ဖြစ်ပြီး ၎င်းကိစ္စအား အဓိကဦးစားပေးဆောင်ရွက်စေလိုကြောင်း လူထုတွေ့ဆုံပွဲတွင် လူထုများက ဆန္ဒရှိကြပြီး သက်ဆိုင်ရာဌာနသို့တင်ပြတောင်းဆိုပေးပါရန် တင်ပြလာပါသည်။
တင်ပြလာသည့်စာပါအတိုင်း ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့အတွင်း လူထုများ၏ ဆန္ဒအမှန်သိရှိနိုင်ရန် လွှတ်တော်ကိုယ်စားလှယ်ကိုယ်တိုင်က ပကတိအခြေအနေများကို ကွင်းဆင်းလေ့လာခြင်း၊ စာဖြင့်တင်ပြလာသော လူထုများကို တွေ့ဆုံဆွေးနွေးခြင်းများပြုလုပ်ခဲ့ပါသည်။
သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းများကို ပြည်သူလူထုများ၏ကိုယ်စား မေးမြန်းအပ်ပါသည်-
(က) တန့်ယန်းမြို့အတွက် ခုတင်-၂၅ ဆံ့ ဆေးရုံမှ ခုတင်-၅၀ ဆံ့ဆေးရုံအဖြစ် အကောင်အထည်ဖော်ပေးရန် သက်ဆိုင်ရာအစိုးရဝန်ကြီးဌာနများမှ ညွှန်ကြားပေးရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုပါသည်။
(ခ) အစီအစဉ်မရှိပါက ဘယ်အတွက်ကြောင့်နည်း။
(ဂ) အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ညွှန်ကြားပြီး ဆောင်ရွက်ပေးမည်နည်း။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ဒသမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်)
ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) စိုင်းဝင်းခိုင်
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး ကိုယ်၏ကျန်းမာခြင်း၊ စိတ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာပထမဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်းဖြစ်ပါတယ်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့တွင် (၂၅)ခုတင်ဆံ့ဆေးရုံးမှ ခုတင်(၅၀)ဆံ့ဆေးရုံးအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိ နှင့်စပ်လျဉ်းသည့် ရှမ်းပြည်နယ်၊ မဲဆန္ဒနယ်အမှတ်(၁၀) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် စိုင်းဝင်းခိုင်၏ ကြယ်ပွင့်ပြမေးခွန်းနှင့်ပတ်သက်၍ ပြန်လည်ဖြေကြားသွားမှာဖြစ်ပါတယ်။
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ တန့်ယန်းမြို့တွင် (၂၅)ခုတင်ဆံ့မြို့နယ် ဆေးရုံ(၁)ရုံ၊ ဝိန်းကောင်တိုက်နယ်ဆေးရုံ၊ မန်ပန်တိုက်နယ်ဆေးရုံ၊ မန်ကတ်တိုက်နယ်ဆေးရုံးနှင့် မိုင်းကောင်တိုက်နယ်ဆေးရုံ၊ စုစုပေါင်း ဆေးရုံ(၅)ရုံ ဖွင့်လှစ်ထားရှိပြီးဖြစ်ပါတယ်။ တန့်ယန်းပြည်သူ့ဆေးရုံတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာရီရီထွေးနှင့် သွားဘက်ဆိုင်ရာ ဆရာဝန်(၂)ဦး၊ သူနာပြု(၁၈)ဦး၊ (ဓာတ်ခွဲ၊ ဓာတ်မှန်၊ ဆေးစပ်၊ ဆေးမှတ်တမ်း၊ ကျွမ်းကျင်ဝန်ထမ်း - ၅ ဦး) နှင့် စီမံအထောက်အကူပြုဝန်ထမ်းများအပါအဝင် စုစုပေါင်း (၃၄)ဦး တာဝန်ထမ်းဆောင်လျက်ရှိပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ ဆေးရုံများ ခုတင်အဆင့်မြှင့်တင်ခြင်းဆောင်ရွက်ရာမှာ ဒေသလိုအပ်ချက်၊ ဆေးရုံ၏ (၃)နှစ်တာကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုအခြေအနေ၊ ဝန်ကြီးဌာန၏ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဖြည့်ဆည်းပေးနိုင်မှုတို့အပေါ်မူတည်၍ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဒေသလိုအပ်ချက်အနေနဲ့ ဒေသဖွံ့ဖြိုးလာမှုကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးရမယ့်လူဦးရေများပြားလာသည့်အခါတွင်လည်းကောင်း၊ ဒေသဖွံ့ဖြိုးမှုနောက်ကျပြီး သွားလာရေးအခက်အခဲအရ လူနာများအခြားဒေသသို့ သွားရောက်ဆေးကုသမှုခံယူရန် ခက်ခဲမှုရှိပါကလည်းကောင်း ဦးစားပေးဆောင်ရွက်ပေးပါတယ်။
ဆေးရုံးရဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေမှာတော့ (၃) နှစ်တာကာလအတွင်း ဆေးရုံတက်ကုသမှုခံယူသော အတွင်းလူနာအရေအတွက် တစ်နှစ်ထက်တစ်နှစ် များပြားလာခြင်း၊ (၃)နှစ်ကာလအတွင်း ပျမ်းမျှနေ့စဉ် ဆေးရုံတက်လူနာဦးရေမှာ ဆေးရုံး၏ သတ်မှတ်ခုတင်အရေအတွက်ထက် ကျော်လွန်နေခြင်းရှိပါက ဦးစားပေးဆောင်ရွက်ပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လျော့နည်းနေသော ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များအတွက် လေ့ကျင့်၊ မွေးထုတ်၊ ဖြည့်တင်းခြင်းကို အားစိုက်ဆောင်ရွက်နေရချိန်လည်းဖြစ်တဲ့အတွက် လက်ရှိဖွင့်လှစ်ထားရှိတဲ့ ဆေးရုံးများ၏ ဖွဲ့စည်းပုံအရ ဝန်ထမ်းအင်အား ဖြည့်တင်းခြင်းကိုသာ ဦးစားပေးဆောင်ရွက်နေပါတယ်။
(၂၅)ခုတင်ဆံ့ တန့်ယန်းမြို့နယ် ပြည်သူ့ဆေးရုံ၏ (၃) နှစ်တာကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုအနေနဲ့ တစ်နေ့ပျမ်းမျှ လူနာဦးရေမှာ(၂၄) ဦးဖြစ်ပြီး၊ ဆေးရုံခွင့်ပြုခုတင်အသုံးပြုမှုမှာ (၃) နှစ်စာပျမ်းမျှ (၉၇%) ဖြစ်တဲ့အတွက် ဦးစားပေးမှု “မူအရ” ခုတင်အဆင့်မြှင့်တင်ရန် လိုအပ်ချက်ရှိနေပါသဖြင့် လတ်တလော ခုတင်(၅၀)ဆံ့ဆေးရုံအဖြစ် တိုးမြှင့်ရန်အစီအစဉ်မရှိသေးပါကြောင်း လေးစားစွာဖြေကြားအပ်ပါတယ်။ ဆေးရုံခုတင်အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မပေးနိုင်သေးသော်လည်း ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဆေးရုံသုံးပစ္စည်းများ ဖြည့်ဆည်းပေးမှာဖြစ်ပါတယ်။
- လူနာခုတင်၊ မွေ့ယာ၊ Bed Side Locker အပါ (၁၀)စုံကို ၂၀၂၆ မေလအတွင်း ပို့ဆောင်ခဲ့ပြီး ယခုလအတွင်း နောက်ထပ်(၁၀)စုံကို ပေးပို့မှာဖြစ်ပါတယ်။
- ခွဲစိတ်ခန်းသုံးပစ္စည်းများဖြစ်တဲ့ Operation Table (၁)ခု၊ Patient Monitor (၂)ခု၊ Suction Machine(၂)ခု၊ Spot Lamp(၁)ခု၊ ECG Machine(၁)ခုနှင့် Syringe Pump (၂)တို့ကိုလည်း ယခုလအတွင်း ပို့ဆောင်ပေးပြီးဖြစ်ပါတယ်။
- Infant Incubator ၊ Digital Blood Pressure Cuff ၊ Portable Ultra Sound ၊ Drip Stand များလည်း ခွင့်ပြုပေးထားပြီး ဆက်လက်ပေးပို့သွားမှာဖြစ်ပါကြောင်း လေးစားစွာ ဖြေကြားအပ်ပါတယ်။