Share this

ဦးချစ်ဆွေ၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀)၏ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု ကွင်းဆက်များ စနစ်တကျ အကောင်အထည်ဖော်နိုင်ရန်အတွက် သင့်လျော်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနပြုရေးစင်တာများ ဖွင့်လှစ်သွားရန်အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း၊

Thursday, June 25, 2026 - 16:00
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Chit Swe

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ဒသမနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) မှ  ဦးချစ်ဆွေ

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

 

ကျွန်‌တော်ကတော့ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးချစ်ဆွေဖြစ်ပါသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro-based Industries)  ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်နိုင်ရေး ဦးတည်ချက်ထားကာ အကောင်အထည်ဖော်လျက်ရှိပါသည်။

ထို့ကြောင့် မြန်မာနိုင်ငံ၏ အလားအလာကောင်းသော စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုကွင်းဆက်များ စနစ်တကျ အကောင်အထည်ဖော်နိုင်ရန်အတွက် သင့်လျော်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် အစိုးရ၊ တပ်မတော်၊ ပုဂ္ဂလိက၊ စိုက်ပျိုးမွေးမြူရေးပညာရှင်များ၊ စိုက်ပျိုးမွေးမြူရေး ပညာတတ်လူငယ်များပါဝင်သော ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနပြုရေးစင်တာ (Regional Development and Research  Center-RDRC) များ ဖွင့်လှစ်ပြီး ထုတ်လုပ်သူများ (တောင်သူလယ်သမားများ) နှင့် ပူးပေါင်းကာ ပညာပေးခြင်း၊ လိုအပ်ပစ္စည်းများ ဖြည့်ဆည်းပေးခြင်း၊ ခေတ်မီနည်းစနစ်များဖြင့် အောင်မြင်စွာကုန်ထုတ်လုပ်ခြင်း၊ သုတေသနပြုခြင်း၊ မျိုးဆက်သစ်များအား ပညာမျှဝေခြင်းတို့ကို ဆောင်ရွက်နိုင်သည့်အပြင် အရပ်ဘက်-စစ်ဘက်ဆက်ဆံရေးကို မြှင့်တင်နိုင်မည်ဖြစ်ပါသဖြင့် သင့်လျော်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသဖွံ့ဖြိုးတိုးတင်ရေးနှင့် သုတေသနပြုရေးစင်တာများ ဖွင့်လှစ်သွားရန် အစီအစဉ် ရှိ/မရှိ လေးစားစွာဖြင့် မေးမြန်းတင်ပြအပ်ပါသည်။

 


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ဒသမနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) ဦးချစ်ဆွေ

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးခင်ဗျား မင်္ဂလာပါလို့နှုတ်ခွန်းဆက်ပါကြောင်းနှင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့အပ်ပါတယ်။

ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးချစ်ဆွေမှ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှုကွင်းဆက်များ စနစ်တကျအကောင်အထည်ဖော်နိုင်ရန်အတွက် သင့်လျော်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ ဒေသဖွံ့ဖြိုးရေးတိုးတက်ရေးနှင့် သုတေသနပြုရေးစင်တာများ ဖွင့်လှစ်သွားရန်အစီအစဉ်ရှိ/မရှိ ကြယ်ပွင့်ပြမေးခွန်းပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဆွေးနွေးဖြေကြားသွားမည်ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား အချက်အလက်များနှင့်တင်ပြနိုင်ရန်အတွက် PowerPoint အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။

စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုကွင်းဆက်များ စနစ်တကျအကောင်အထည်ဖော်နိုင်ရန်အတွက် ဝန်ကြီးဌာနအနေနဲ့ တိုင်းဒေသကြီး/ပြည်နယ်များမှာ ဒေသဖွံ့ဖြိုးရေးနှင့် သုတေသနပြုစင်တာများအား စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန၊ မွေးမြူရေးသုတေသနဦးစီးဌာနတို့မှ ကျွမ်းကျင်ပညာရှင် အရာထမ်း၊ အမှုထမ်းများဖြင့် ဘာသာရပ်ဆိုင်ရာ သုတေသနပြုလုပ်ငန်းများနဲ့ ပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။

စိုက်ပျိုးရေးဦးစီးဌာနအနေနဲ့ သုတေသနဌာန/ ခြံ/ နည်းပညာပေးသင်တန်းကျောင်း/ ဓာတ်ခွဲခန်း(၅၀)ခုဖြင့် သုတေသနပြုရေး၊ နည်းပညာဖြန့်ဖြူပေး‌ရေး၊ သွင်းအားစုနဲ့ ထုတ်ကုန်အရည်အသွေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။

စိုက်ပျိုးရေးသုတေသနဦးစီးဌာနအနေနဲ့ မြန်မာနိုင်ငံမှာ ၁၉၅၄ ခုနှစ်မှစ၍ စိုက်ပျိုးရေးသုတေသနဗိမာန် (အင်းစိန်ကြို့ကုန်း)၊ ၁၉၇၁ ခုနှစ်မှာ ရေဆင်းစိုက်ပျိုးရေး သုတေသနဌာနခွဲ၊ ၂၀၀၄ ခုနှစ်မှာ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စသည်ဖြင့် အဆင့်ဆင့်တိုးချဲ့ဖွဲ့စည်းပြီး တိုင်းဒေသကြီး/ပြည်နယ်များတွင် ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ဒေသသုတေသနဗဟိုဌာန(၅)ခု၊ သီးနှံသုတေသနဗဟိုဌာန(၅)ခု၊ သုတေသနခြံ (၁၈)ခြံ၊ သုတေသနစခန်း (၄)ခု၊ စုစုပေါင်း (၃၂)ခုတို့ဖြင့် တိုးချဲ့ ဖွဲ့စည်းဆောင်ရွက်လျက်ရှိပါတယ်။

မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေနဲ့ တိရစ္ဆာန်ရောဂါရှာဖွေရေးဓာတ်ခွဲခန်း၊ ဒေသဆိုင်ရာဓာတ်ခွဲခန်း၊ တိရစ္ဆာန်ရောဂါထိန်းချုပ်စောင့်ကြည့်စစ်ဆေးရေးဓာတ်ခွဲခန်း၊ အသေးစားဓာတ်ခွဲခန်း (၁၅)ခုတို့ဖြင့် မွေးမြူရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထုတ်လုပ်မှုများကျဆင်းခြင်း၊ ဆုံးရှုံးခြင်းများမဖြစ်စေရန် ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ခြင်းနဲ့ ရောဂါရှာဖွေရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါတယ်။

မွေးမြူရေးနဲ့ ဆက်စပ်စာရင်းဇယား၊ ကိန်းဂဏန်းစစ်တမ်းများ ကောက်ယူခြင်း၊ သုတေသနလုပ်ငန်းများဆောင်ရွက်ခြင်း၊ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ မွေးမြူရေးအသိပညာပေးခြင်း၊ တိရစ္ဆာန်အစာပင် စိုက်ပျိုးခြင်းနှင့် ပြုပြင်ထုတ်လုပ်ခြင်းနဲ့ အာဟာရဗေဒဆိုင်ရာသင်တန်းများ၊ အခြေခံပျားမွေးမြူရေးသင်တန်းများနဲ့ အသိပေးဟောပြောခြင်းများကို နှစ်စဉ်ဆောင်ရွက်လျက်ရှိပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှုကွင်းဆက်များ စနစ်တကျအကောင်အထည်ဖော်နိုင်ရန်အတွက် ငါး/ပုစွန်သားဖောက်စခန်းများဖွင့်လှစ်ထားရှိခြင်း၊ ငါးသယံဇာတများ စဉ်ဆက်မပြတ် ရေရှည်ထိန်းသိမ်းနိုင်စေရန်နဲ့ ဒေသခံပြည်သူများအလုပ်အကိုင်၊ အခွင့်အလမ်းနဲ့ ဝင်ငွေရရှိစေရန်၊ ငါးရိက္ခာများ ရေရှည်စားသုံးနိုင်ရန်နဲ့ ငါးမွေးမြူထုတ်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သဘာဝမြစ်၊ ချောင်းများအတွင်းသို့ ငါးမျိုးစိုက်ထည့်ခြင်း၊ ငါး/ပုစွန်မွေး တောင်သူများသို့ အရည်အသွေးပြည့်မီတဲ့ ငါး/ပုစွန်သားပေါက်ဖြန့်ဖြူး‌ရောင်းချ‌ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသကဲ့သို့ အခြေခံငါးဆေးထိုးသားဖောက်သင်တန်း၊ ကောင်းမွန်သော ရေသတ္တဝါမွေးမြူးရေးကျင့်စဉ် (GAqP) သင်တန်းများအား နှစ်စဉ်လျာထားချက်များချမှတ်၍ လုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။

ငါးလုပ်ငန်းဦးစီးဌာနနဲ့ တနင်္သာရီတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်တို့ပူးပေါင်းပြီး ငါးလုပ်ငန်းဆိုင်ရာ သုတေသနရန်ပုံငွေတစ်ရပ်ထူထောင်ကာ ရေငန်ငါးပုစွန်မွေးမြူးရေးနဲ့ အဏ္ဏဝါသုတေသနလုပ်ငန်းများ‌ ဆောင်ရွက်လျက်ရှိပါတယ်။ 

နိုင်ငံတော်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်မှ “မွေးမြူရေးသုတေသနဦးစီးဌာနဖွဲ့စည်းဆောင်ရွက်ရေးကို အမြန်ဆုံးဆောင်ရွက်သွားရန် လိုအပ်ကြောင်း” လမ်းညွှန်မှာကြားချက်အရ မွေးမြူရေးသုတေသနဦးစီးဌာနအား (၁-၄-၂၀၂၂) ရက်နေ့မှစတင်ဖွင့်လှစ်ပြီးသုတေသနစခန်း(၁၄)ခု ဖွင့်လှစ်ဆောင်ရွက်လျက်ရှိပါတယ်။

အဆိုပါ သုတေသနစခန်းများဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့မှုကြောင့် စိုက်ပျိုးမွေးမြူရေး သုတေသနပညာရှင်များ စဉ်ဆက်မပြတ်လေ့ကျင့်ပေးနိုင်ခြင်းနဲ့ စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ခြင်း၊ ထုတ်ကုန်များပိုမိုတိုးတက်ဖြစ်ထွန်းစေပြီး တောင်သူလယ်သမားများ ဝင်ငွေပိုမိုတိုးတက် မြင့်မားလာစေခြင်း၊ ရေမြေဒေသနဲ့ကိုက်ညီတဲ့ အရည်အသွေးနဲ့ အထွက်နှုန်းကောင်းမျိုးသစ်များ၊ မျိုးသန့်မျိုးစေ့များ တိုးချဲ့စိုက်ပျိုးမွေးမြူလာနိုင်စေခြင်း၊ အရည်အသွေးစံချိန်စံညွှန်း သတ်မှတ်ချက်များရေးဆွဲနိုင်ခြင်း၊ မျိးရိုးဗီဇအရင်းအမြစ်များ ထိန်းသိမ်းနိုင်ခြင်းစတဲ့ သုတေသနအကျိုးကျေးဇူးများရရှိလျက်ရှိပါတယ်။

ကိုယ်စားလှယ်တော်ကြီးမေးမြန်းတဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနပြုရေးစင်တာ (Regional Development and Research Center-RDRC) များ၏ ရည်ရွယ်ချက် ၊ လုပ်ငန်းဆောင်ရွက်ချက်များနဲ့ တူညီတဲ့ စိုက်ပျိုးရေးမွေးမြူရေးဆိုင်ရာ သုတေသနနှင့် နည်းပညာဖြန့်ဖြူးရေးဌာန/ခြံများအား တိုင်းဒေသကြီး/ပြည်နယ်အသီးသီးတွင် ဖွင့်လှစ်ကာ ဝန်ကြီးဌာနရှိ စိုက်ပျိုးမွေးမြူရေးလူငယ်ပညာရှင်များ၊ ဒေသခံတောင်သူလယ်သမားများပူးပေါင်း၍ သုတေသနနှင့် နည်းပညာဖွံ့ဖြိုးရေးလုပ်ငန်းများအား ဆောင်ရွက်လျက်ရှိပါတယ်။

အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးချစ်ဆွေ၏ ကြယ်ပွင့်ပြမေးခွန်းများနှင့်စပ်လျဉ်း၍ လက်ရှိမှာ စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်မှု ကွင်းဆက်တစ်လျှောက် ထုတ်ပြန်ထားတဲ့ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ စနစ်တကျအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိတဲ့အပြင် လက်ရှိဖွင့်လှစ်ဆောင်ရွက်လျက်ရှိတဲ့ ဒေသနဲ့ကိုက်ညီတဲ့ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် လွှတ်တော်ကိုယ်စားလှယ် ဦးချစ်ဆွေတင်ပြတဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနပြုရေးစင်တာ (Regional Development and Research Center- RDRC) ဖွင့်လှစ်ဆောင်ရွက်သွားရေးနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူများ၊ ပညာရှင်များအပါအဝင် Stakeholders များက ဆန်းစစ်လေ့လာပြီးမှ ဆောင်ရွက်သင့်ပါကြောင်း ဖြေကြားအပ်ပါတယ်။