တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ဒသမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်လှထွေး
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
မကွေးတိုင်းဒေသကြီး၊ ချောက်ခရှိင်၊ ရေနံချောင်းမြို့သည် မကွေး၊ နတ်မောက် ၊ ပွင့်ဖြူ ၊ ချောက်၊ ကျောက်ပန်းတောင်းမြို့နယ်များနှင့် ထိစပ်လျက် တည်ရှိပါသည်။ မြို့နယ်သည် ရပ်ကွက် (၁၄) ရပ်ကွက် ကျေးရွာအုပ်စု (၂၉) အုပ်စု၊ စုစုပေါင်း ရပ်/ကျေး (၄၃) အုပ်စုဖြင့် ဖွဲ့စည်းထားရှိပြီး အိမ်ခြေ (၃၄၇၉၆)လုံး၊ အိမ်ထောင်စု (၃၇၇၃၃)စု၊ လူဦးရေ ကျား(၇၇၇၅၁)ဦး၊ မ(၈၉၃၆၃)ဦး၊ စုစုပေါင်း(၁၆၇၁၁၄) ဦးရှိပါသည်။
မြို့နယ်စီးပွားရေးအနေဖြင့် ဒေသထွက် မြေပဲ၊ နှမ်း၊ ပြောင်း၊ ကြက်သွန်၊ ထန်းလျက်၊ ပဲမျိုးစုံနှင့် သီးနှံမျိုးစုံ ရောင်းဝယ်ဖောက်ကားခြင်း၊ ဆီစက်လုပ်ငန်း၊ မော်တော်ယာဉ်ပြင်ဆင်ခြင်းလုပ်ငန်း၊ မော်တော်ဆိုင်ကယ်ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် အသေးစား စက်မှုလက်မှုလုပ်ငန်းများရှိပါသည်။
မြို့နယ်လူထုအများစုမှာ တောင်ယာလုပ်ငန်းလုပ်ကိုင်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာ့ရေနံမြေဝန်ထမ်းများနှင့် အခြေခံလက်လုပ်လက်စားများဖြစ်ကြသဖြင့် ဝင်ငွေနည်းပါးခြင်းတို့အပြင် မြို့နယ်စီးပွားရေးမှာ အားရကျေနပ်စရာမရှိကြောင်း တွေ့ရှိရပါသည်။ ပညာရေးကဏ္ဍတွင် KG တန်းမှ တက္ကသိုလ်၊ စက်မှုလက်မှုသိပ္ပံတို့ဖြင့် ပညာသင်ကြားခွင့်ရရှိနေကြပါသည်။
လမ်းပမ်းဆက်သွယ်ရေးတွင် ကုန်းလမ်းပို့ဆောင်ရေးဖြင့်သာ အဆင်ပြေလျက်ရှိသော်လည်း မြို့မှာ ဧရာဝတီမြစ်ဘေးတွင်တည်ရှိပြီး ရေကြောင်းဆိပ်ကမ်းမရှိ ဖြစ်နေပါသည်။ အနီးပတ်ဝန်းကျင်မြို့များဖြစ်သည့် မကွေး၊ မင်းဘူး၊ ချောက်၊ ဆိပ်ဖြူ မြို့နယ်များတွင် ဧရာဝတီမြစ်ကူးတံတားများရှိသည့်အပြင် ရေကြောင်းဆိပ်ကမ်းများလည်းရှိသဖြင့် ကုန်စည်စီးဆင်းမှု အဆင်ပြေချောမွေ့လျက်ရှိကြပါသည်။ ရေနံချောင်းမြိုနယ်တွင် ရေကြောင်းဆက်သွယ်ရေး ဆိပ်ကမ်းမတည်ရှိသည်မှာ နှစ် (၃၀) ခန့်ရှိနေပြီဖြစ်ပါသည်။
သို့ဖြစ်ပါ၍ ရေနံချောင်းမြို့နယ်ရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်လျက်ရှိသော ရေကြောင်းဆက်သွယ်ရေးဆိပ်ကမ်းများ ပြန်လည်ဖွဲ့စည်းထားရှိပေးနိုင်ပါရန်နှင့် ပြုလုပ်ပေးနိုင်ခြင်း ရှိ/မရှိ သိလိုပါကြောင်းလေးစားစွာဖြင့် တင်ပြအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ဒသမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးအောင်လှထွေး
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ဦးထွန်းလူ၊ ဒုတိယဝန်ကြီး၊ ပို့ဆောင်ရေးဝန်ကြီးဌာန ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ၊ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုအဆင့်အဖွဲ့အစည်းဝင်များနဲ့ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျား။
မကွေးတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၁) အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှထွေး ၏ မေးခွန်းအပေါ် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပေါင်းစပ်၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူ က ပြန်လည်ဖြေကြားမှာဖြစ်ပါတယ်။
ရေနံချောင်းမြို့သို့ ဧရာဝတီမြစ်၏ ပင်မရေလမ်းကြောင်း မစီးဆင်းနိုင်သဖြင့် ရေယာဉ်များဝင်ထွက်နိုင်ခြင်း မရှိခဲ့သည်မှာ ဆယ်စုနှစ်များစွာရှိခဲ့ပြီဖြစ်ပါတယ်၊ ရေနံချောင်းမြို့ရှေ့တည့်တည့်နှင့် အထက်ဘက်တွင် ဘူးကျွန်းနှင့် ညောင်လှကျွန်း အစရှိသည့် မြေနုကျွန်းများရှိပြီး အောက်ဘက်တွင် ရုံးဆိပ်ကျွန်းခေါ် သူဌေးကျွန်း တို့ရှိပါတယ်၊ အဆိုပါ ကျွန်းများနှင့် သဲသောင်များသည် ၁၉၈၆ ခုနှစ်မှ ၁၉၈၈ ခုနှစ်အထိ ဆောင်ရွက်ခဲ့သည့် ဧရာဝတီမြစ်ရေလမ်းကောင်းမွန်ရေး ပင်မစီမံချက် (Master Plan) ရေးဆွဲစဉ်ကတည်းကပင် တွေ့ရှိရပါသည်။ ယင်းစီမံချက်ရေးဆွဲရာတွင် အနောက်ဘက်ကမ်းရှိ သံကိုင်းရေလမ်းမှ ရေနံချောင်းမြို့အောက်ဘက်ရှိ ညောင်လှကျေးရွာနှင့် ဆားတိုင်ကျေးရွာဘက်သို့ ပင်မရေလမ်းကြောင်းအဖြစ် ရေးဆွဲထားခဲ့သည်ကို တွေ့ရှိရပြီး အဆိုပါရေလမ်းပိုင်းတွင် ယခုအချိန်ထိ ရေလမ်းကြောင်း ပြောင်းလဲမှုမရှိသည်ကို တွေ့ရှိရပါတယ်။
လက်ရှိ ဧရာဝတီမြစ်၏ ပင်မရေလမ်းကြောင်းသည် အနောက်ဘက်ကမ်း သံကိုင်းကျေးရွာဘက်မှစီးဆင်းပြီး ပေါက်ကုန်းကျေးရွာအရောက်တွင် ရုံးဆိပ်ကျေးရွာဘက် အရှေ့ဘက်ကမ်းဆီသို့ ဦးတည်စီးဆင်းလျက်ရှိပါတယ်၊ ညောင်လှရေလမ်းကြောင်းသည် မြစ်လယ်တွင် မြေနုကျွန်းများ၊ သဲသောင်ခုံများ၊ ရေတိမ်များတည်ရှိနေသဖြင့် မြစ်ကြောင်းကောက်ကွေ့ပြီး ရေအနက်နည်းပါးသောကြောင့် နွေရာသီရေနည်းချိန်တွင် ရေကြောင်းကြပ်တည်းလေ့ရှိပါတယ်၊ ညောင်လှကျေးရွာအောက်ဘက်ရှိ ဆားတိုင်ကျေးရွာအဆင်းရောက်မှသာ ရေလမ်းကြောင်း ပြန်လည်ကောင်းမွန်လာကြောင်း တွေ့ရှိပါတယ်၊ ယခုလက်ရှိအချိန်တွင် ညောင်လှဆိပ်ကမ်းအောက် ၃ မိုင်အကွာရှိ ရုံးဆိပ်တွင် ပုဂ္ဂလိကရေယာဉ်များနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရေယာဉ်များဆိုက်ကပ်အသုံးပြုလျက်ရှိပါတယ်။
ပေါက်ကုန်းဘက်မှ ညောင်လှဘက်သို့အဆင်း ညောင်လှရေလမ်းအတွင်း အလျား ၂၃၅၀ မီတာ၊ အကျယ် ၇၀ မီတာ၊ အနက် ရေစစ်မျဉ်းအောက် ၂ မီတာ (ထုထည်ပမာဏ ၅,၆၇၂,၀၆၀ ကုဗမီတာ) သောင်တူးဖောင်ခြင်းလုပ်ငန်းအတွက် ပို့ဆောင်ရေးဝန်ကြီးဌာန၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ ကျပ် ၁,၉၂၅.၄၈၀ သန်းပါဝင်ပြီးဖြစ်ပါသဖြင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလမှစတင်၍ ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။
ဧရာဝတီမြစ် ရေလမ်းကောင်းမွန်ရေး ပင်မစီမံချက်အရ ရေနံချောင်းမြို့သို့ ဧရာဝတီမြစ်၏ ပင်မရေလမ်းကြောင်း မစီးဆင်းနိုင်သည့်အတွက်လည်းကောင်း၊ ရေနံချောင်းမြို့အထက်ဘက် ၅ မိုင်ခန့်အကွာရှိ ပင်းချောင်း၏ သဲနုန်းပို့ချမှုကြောင့် ရေနံချောင်းမြို့ရှေ့တွင် မြေနုကျွန်းအဖြစ်တည်ရှိနေသည့်အတွက်လည်းကောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ရေလမ်းအခြေအနေအရလည်းကောင်း ရေနံချောင်းမြို့တွင် ရေကြောင်းဆက်သွယ်ရေးဆိပ်ကမ်းအဖြစ်ဆောင်ရွက်၍ မရနိုင်ပါကြောင်းနှင့် လက်ရှိအချိန်တွင် ပုဂ္ဂလိကရေယာဉ်များနှင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးပိုင် ရေယာဉ်များ ဆိုက်ကပ်အသုံးပြုလျက်ရှိသည့် ရေနံချောင်းမြို့အောက်ဘက် ၇ မိုင်ခန့်အကွာရှိ ရုံးဆိပ်ဆိပ်ကမ်းတွင် ရေကြောင်းဆက်သွယ်ရေးဆိပ်ကမ်းအဖြစ် ဖွဲ့စည်းဆောင်ရွက်အသုံးပြုလျက်ရှိပါကြောင်း ဖြေကြားအပ်ပါသည်။