တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ဒသမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်)
ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဦးအောင်ကျော်မင်း
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးသွင်းအားစုများ၊ နည်းပညာပံ့ပိုးမှုများနှင့် စွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/ မရှိ မေးမြန်းခြင်း။
(က) နောက်ခံသမိုင်းကြောင်း
လက်ရှိအချိန်တွင် တောင်သူလယ်သမားများသည် သွင်းအားစုစရိတ်(မြေသြဇာနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးဝါးများ) ကြီးမြင့်မှု၊ ရာသီဥတုဖောက်ပြန်မှုကြောင့် ပိုးမွှား၊ ရောဂါကျရောက်မှုနှင့် နွေစပါးစိုက်ပျိုးရန် ရေရရှိရေးအတွက် စက်သုံးဆီကုန်ကျမှု ကြီးမြင့်ခြင်း စသည့် အခက်အခဲများကို ရင်ဆိုင်နေရပါသည်။ စိုက်ပျိုးစရိတ်နှင့် အကျိုးအမြတ် မမျှတခြင်းသည် တောင်သူလယ်သမားများ၏ဘဝကိုသာမက နိုင်ငံ၏ စားနပ်ရိက္ခာဖူလုံရေးကိုပါ ထိခိုက်စေနိင်ပါသည်။
(ခ) မေးခွန်း
သို့ဖြစ်ပါ၍ အထက်ပါအချက်အလက်များအပေါ်အခြေခံပြီး သက်ဆိုင်ရာဝန်ကြီးဌာနများမှ အောက်ပါတို့ကို ဖြေကြားပေးပါရန် မေးမြန်းလိုပါသည်။
(၁) ပြည်ပသို့ ဆန်နှင့် စိုက်ပျိုးရေးထွက်ကုန်ပစ္စည်းများ တင်ပို့နေသည့် ကူမ္ပဏီများကို ၎င်းတို့၏ ပို့ကုန်ရငွေ (Export Earnings) ဖြင့် မြေသြဇာနှင့် စိုက်ပျိုးရေးသုံးဆေးဝါးများကို ဦးစားပေး ပြန်လည်တင်သွင်းခွင့်ပြုပြီး ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များမှတစ်ဆင့် တောင်သူများထံသို့ “မြေသြဇာနှင့် စပါးလဲလှယ်မှုအစီအစဉ်"ဖြင့် ဖြန့်ဖြူးပေးရန် အစီအစဉ်ရှိ/ မရှိ။
(၂) ပြည်ပမှ မြေသြဇာတင်သွင်းမှုအပေါ် မှီခိုနေရခြင်းကို လျှော့ချနိုင်ရန်အတွက် ပြည်တွင်းရှိ ဓာတ်မြေသြဇာစက်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်ရေးနှင့် ပုဂ္ဂလိက ကဏ္ဍမှ သဘာဝမြေသြဇာနှင့် ဇီဝမြေသြဇာ (Bio-Fertilizer) စက်ရုံများ တည်ဆောက်ရာတွင် ရင်းနှီးမြှုပ်နှံမှု အထူးအခွင့်အရေးများနှင့် နည်းပညာပံ့ပိုးမှုများပေးအပ်သွားရန် အစီအစဉ်ရှိ/မရှိ။
(၃) ဈေးကွက်အတွင်းရှိ မြေသြဇာနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ဆေးဝါးများ အရည်အသွေးပြည့်မီစေရန် ရွေ့လျားဓာတ်ခွဲခန်း(Mobile lab) များဖြင့် ကွင်းဆင်းစစ်ဆေးပေးရန်နှင့် တောင်သူများ မြေသြဇာနှင့် ဆေးဝါးများကို အကျိုးရှိရှိသုံးစွဲနိုင်ရန်အတွက် မြို့နယ်အဆင့်ဌာနများတွင် မြေဆီလွှာစစ်ဆေးပေးခြင်း (Soil Testing) နှင့် ပိုးမွှားရောဂါဆိုင်ရာ အကြံပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/ မရှိ။
(၄) နွေစပါးစိုက်ပျိုးရာတွင် စက်သုံးဆီအများအပြားသုံးစွဲရမှုကြောင့် ရေတင်စရိတ်များ ကြီးမြင့်လျက်ရှိခြင်းကို ရှောင်လွှဲနိုင်ရန်အတွက် အသေးစားနှင့် အလတ်စား ဆိုလာစွမ်းအင်သုံး ရေတင်စနစ် (Solar Irrigation System) များ တည်ဆောက်ပေးရန် (သို့မဟုတ်) ဆိုလာရေတင်စနစ်တပ်ဆင်လိုသော တောင်သူများအတွက် အရည်အသွေးမီ ဆိုလာရေတင်စနစ်များကို အရစ်ကျ(သို့မဟုတ်) သက်သာသော အတိုးနှုန်းနှင့် နှစ်ရှည်ချေးငွေဖြင့် ရောင်းချပေးရန် အစီအစဉ်ရှိ/ မရှိ သိရှိလိုပါကြောင်း လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ဒသမနေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်)
ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဦးအောင်ကျော်မင်း
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ဒေါက်တာရဲတင့်ထွန်း၊ ဒုတိယဝန်ကြီး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်ကြီးများခင်ဗျား
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါကြောင်းနှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ဖြစ်ပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းရဲ့ “တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးသွင်းအားစုများ နည်းပညာပံ့ပိုးမှုများနှင့် စွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အစီအစဉ်ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းနဲ့ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဆွေးနွေးဖြေကြားသွားမှာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျား အချက်အလက်များနှင့် တင်ပြနိုင်ရန်အတွက် Power Point အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။
ကိုယ်စားလှယ်တော်ကြီးရဲ့ မေးမြန်းချက်မှာပါဝင်တဲ့ မေးခွန်း(၄)ခုအပေါ် ကျယ်ကျယ်ပြန့်ပြန့် ဖြေကြားရမှာဖြစ်၍ တင်ပြချိန်တိုးမြှင့်ပေးရန်ကိုလည်း တင်ပြအပ်ပါတယ်ခင်ဗျာ။
ဓာတ်မြေဩဇာနှင့် စိုက်ပျိုးရေးသုံးဆေးဝါးများကို ဆန်စက်လုပ်ငန်းရှင်များ၊ ဆန်စပါးကုန်သည်များမှတစ်ဆင့် တောင်သူများထံသို့ မြေဩဇာနှင့် စပါးလဲလှယ်မှုအစီအစဉ်ဖြင့် ဖြန့်ဖြူးပေးရန် မေးခွန်းလွှာပါမေးမြန်းချက်နှင့်ပတ်သက်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထူထောင်ပြီး ဝန်ကြီးဌာနက တာဝန်ယူကြီးကြပ်ကာ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များက အနီးကပ်ကြီးကြပ်ပြီး အစုအဖွဲ့(၃)ဖွဲ့ဖြင့် အဓိကဆောင်ရွက်လျက်ရှိပါတယ်။
ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေရယူပြီး သွင်းအားစုအစုအဖွဲ့သို့ သွင်းအားစုဖိုးငွေပေးချေခြင်း၊ တောင်သူများထံမှ သီးနှံများဝယ်ယူ၍ ကြိတ်ခွဲရောင်းချပြီး နိုင်ငံတော်သို့ ချေးငွေပြန်လည်ပေးဆပ်ခြင်း လုပ်ငန်းတာဝန်များကို ဆောင်ရွက်ပါတယ်။ သွင်းအားစုအစုအဖွဲ့မှ တောင်သူလိုအပ်တဲ့ (မိမိနှစ်သက်ရာ) သွင်းအားစုများကို ဖြန့်ဖြူးပေးခြင်းလုပ်ငန်းတာဝန်ကို ဆောင်ရွက်ပါတယ်။
တောင်သူအစုအဖွဲ့/ သမဝါယမအသင်းများမှ သွင်းအားစုများကိုအသုံးပြု၍ သီးနှံစိုက်ပျိုးထုတ်လုပ်ပြီး ရယူခဲ့တဲ့ သွင်းအားစုတန်ဖိုး(ချေးငွေ)နဲ့ ညီမျှတဲ့သီးနှံကို ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့သို့ ရောင်းချခြင်းလုပ်ငန်းတာဝန်ကို ဆောင်ရွက်ပါတယ်။
ဝယ်ယူ၊ ကြိတ်ခွဲ၊ တင်ပို့သူအစုအဖွဲ့မှ တောင်သူများထံသို့ သွင်းအားစုများ ဖြန့်ဖြူးပြီး မြေဩဇာ၊ ပိုးသတ်ဆေးနဲ့ စပါးလဲလှယ်မှု ဆောင်ရွက်လိုပါက မြေဩဇာဥပဒေနဲ့ ပိုးသတ်ဆေးဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
ကိုယ်စားလှယ်ကြီးမေးမြန်းတဲ့ တောင်သူလိုအပ်တဲ့ သွင်းအားစုများနဲ့ ထွက်ရှိတဲ့သီးနှံလဲလှယ်မှုအစီအစဉ်အား ငွေကျပ် (၂၃၀)ဘီလီယံနဲ့ နွေစပါး၊ မိုးစပါးသီးနှံများတွင်လည်းကောင်း၊ ငွေကျပ် (၅၆.၃၁)ဘီလီယံနဲ့ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ) သီးနှံများတွင်လည်းကောင်း အရင်းမပျောက်မတည်ငွေပုံစံဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။
ဆောင်ရွက်လျက်ရှိမှုအနေနဲ့ ၂၀၂၂-၂၀၂၃ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ နွေစပါး၊ မိုးစပါးအစီအစဉ်မှာ ကျပ် (၁,၀၃၄.၄၆၁)ဘီလီယံသုံးစွဲ၍ ဆီထွက်သီးနှံ (မြေပဲ၊ နှမ်း၊ နေကြာ)အစီအစဉ်မှာ ၂၀၂၃-၂၀၂၄ ခုနှစ်မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ ကျပ်(၁၆၇.၅၄၉) ဘီလီယံသုံးစွဲခဲ့ပြီး ပိုမိုကျယ်ပြန့်စွာ ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
ပြည်တွင်းရှိဓာတ်မြေဩဇာစက်ရုံများ စွမ်းအားပြည့်လည်ပတ်နိုင်ရေးနှင့် ပုဂ္ဂလိကကဏ္ဍမှ သဘာဝမြေဩဇာနှင့် ဇီဝမြေဩဇာစက်ရုံများတည်ထောင်ရာတွင် ရင်းနှီးမြှုပ်နှံမှု အထူးအခွင့်အရေးနှင့် နည်းပညာပံ့ပိုးမှုများပေးအပ်သွားရန် အစီအစဉ်ရှိ/မရှိ မေးမြန်းချက်နဲ့ ပတ်သက်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ အမှတ်(၄) ဓာတ်မြေဩဇာစက်ရုံ (မြောင်းတကာ)နဲ့ အမှတ်(၅)ဓာတ်မြေဩဇာစက်ရုံ (ကန်ကြီးထောင့်) တို့ဟာ စက်စွမ်းအား တစ်ရက်လျှင် ၅၀၀ တန်ရှိသော်လည်း လက်ရှိစက်ရုံသက်တမ်း (၁၅)နှစ်ကျော်လာပြီဖြစ်တဲ့အတွက် တစ်ရက်လျှင် ၃၀၀ တန်နှုန်းစီနဲ့ နှစ်စဉ်ယူရီးယားဓာတ်မြေဩဇာတန်ချိန်ပေါင်း ၅၀,၀၀၀မှ ၈၀,၀၀၀ခန့်အထိ ထုတ်လုပ်ပေးလျက် ရှိပါတယ်။
သဘာဝမြေဩဇာနဲ့ ဇီဝမြေဩဇာထုတ်လုပ်မှုအနေနဲ့ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း တိုင်းဒေသကြီး/ ပြည်နယ်(၁၁)ခုမှာ သဘာဝမြေဩဇာစက်ရုံ (၃၁၈)ရုံမှ သဘာဝမြေဩဇာ (၁၂၇,၈၈၂)တန်ခန့် ထုတ်လုပ်သုံးစွဲ လျက်ရှိပါတယ်။ ထို့အတူ တိုင်းဒေသကြီး/ ပြည်နယ်(၆)ခုမှာ ဇီဝမြေဩဇာစက်ရုံ (၁၂)ရုံမှ ဇီဝမြေဩဇာတန်ချိန် (၂,၃၆၅)တန်ခန့် ထုတ်လုပ်ပေးလျက်ရှိပါတယ်။ ဒါ့အပြင် တိုင်းဒေသကြီး/ ပြည်နယ်(၈)ခုမှာလည်း Gypsum သဘာဝမြေဩဇာ (၂၈,၀၄၈) တန်ခန့် ထုတ်လုပ်ပေးလျက်ရှိပါတယ်။
သဘာဝမြေဩဇာနဲ့ ဇီဝမြေဩဇာထုတ်လုပ်တဲ့ လုပ်ငန်းများမှာ လိုအပ်တဲ့ အရည်အသွေးမှန်ကန်ပြည့်မီမှုရှိစေရန် နည်းပညာပံ့ပိုးပေးနိုင်မှုအနေနဲ့ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း ပညာပေးဆွေးနွေးပွဲ (၆၀၀) ကြိမ်၊ ပညာပေးသင်တန်း (၇၀)ကြိမ်နဲ့ ကွင်းသရုပ်ပွဲ (၉၀)ကြိမ်တို့ကို ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၆-၂၀၂၇ ခုနှစ်အတွင်း ပညာပေးဆွေးနွေးပွဲ (၈၄၀)ကြိမ်၊ ပညာပေးသင်တန်း (၁၂၁) ကြိမ်နဲ့ ကွင်းသရုပ်ပွဲ (၁၅၇)ကြိမ်တို့ကို လျာထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ ဓာတ်မြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်းများအား ဦးစားပေးရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးကြေညာချက်ထုတ်ပြန်ခဲ့ပြီး အဆိုပြုလွှာတင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်မှု ကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့က လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။
ပုဂ္ဂလိကကဏ္ဍမှ သဘာဝမြေဩဇာနဲ့ ဇီဝမြေဩဇာစက်ရုံများ တည်ထောင်ရင်းနှီးမြှုပ်နှံဆောင်ရွက်တဲ့လုပ်ငန်းဟာ နိုင်ငံတော်မှ ဦးစားပေးမြှင့်တင်မယ့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ ပါဝင်တဲ့ လုပ်ငန်းအမျိုးအစားဖြစ်တာနဲ့အညီ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ ပုဒ်မ ၇၅၊ ပုဒ်မ ၇၇ နှင့် ပုဒ်မ ၇၈ တို့အရ အခွန်ဆိုင်ရာကင်းလွတ်ခွင့်၊ သက်သာခွင့်များ စတဲ့အခွင့်အရေးများကို ခံစားရရှိနိုင်မှာဖြစ်ပြီး ဝန်ကြီးဌာနအနေနဲ့ မြေအသုံးချမှုအတွက် ဥပဒေနဲ့အညီ ခွင့်ပြုကူညီနိုင်ပြီး နည်းပညာလိုအပ်ပါက ပံ့ပိုးကူညီရန်အသင့်ရှိကြောင်း ဖြေကြားအပ်ပါတယ်။
ဈေးကွက်အတွင်းရှိ မြေဩဇာနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံးဆေးဝါးများ အရည်အသွေးပြည့်မီစေရန် ရွေ့လျားဓာတ်ခွဲခန်းများ (Mobile Lab)ဖြင့် ကွင်းဆင်းစစ်ဆေးပေးရန်နှင့် တောင်သူများ မြေဩဇာနှင့် ဆေးဝါးများကို အကျိုးရှိရှိသုံးစွဲနိုင်ရန်အတွက် မြို့နယ်ဆင့်ဌာနများတွင် မြေဆီလွှာစစ်ဆေးပေးခြင်း (Soil Testing)နှင့် ပိုးမွှားရောဂါဆိုင်ရာ အကြံပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ပေးသွားရန် အစီအစဉ်ရှိ/မရှိမေးမြန်းချက်နှင့်စပ်လျဉ်း၍ ရွေ့လျားဓာတ်ခွဲခန်းများ (Mobile Lab)ဖြင့် ကွင်းဆင်းစစ်ဆေးပေးခြင်းကို လတ်တလောတွင် ဆောင်ရွက်နိုင်မှုမရှိသေးသော်လည်း သွင်းအားစုများဖြစ်တဲ့ မျိုးစေ့၊ မြေဩဇာနဲ့ ပိုးသတ်ဆေးများ အရည်အသွေးပြည့်မီစွာ သုံးစွဲနိုင်ရေးနဲ့ မြေဆီလွှာစစ်ဆေးပေးခြင်း (Soil Testing) လုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးမှာ ဖွင့်လှစ်ထားရှိတဲ့ မျိုးစေ့ အရည်အသွေးစစ်ဆေးခြင်းဓာတ်ခွဲခန်း (၁၁)ခု၊ မြေအသုံးချရေးဓာတ်ခွဲခန်း (၁၅)ခု၊ စိုက်ပျိုးရေးထွက်ကုန်များ အရည်အသွေးစစ်ဆေးရေး ဓာတ်ခွဲခန်း(၃)ခုနဲ့ ပိုးသတ်ဆေး ဓာတ်ခွဲခန်း(၁)ခုတို့ဖြင့် စမ်းသပ်စစ်ဆေးဆောင်ရွက်ပေးလျက်ရှိပါတယ်။ Mobile Lab ဖြင့် ဆောင်ရွက်နိုင်ခြင်း မရှိသေးသော်လည်း စိုက်ပျိုးရေးဦးစီးဌာန ဒု-တိုင်းဦးစီးမှူးများဦးဆောင်ပြီး တိုင်းဒေသကြီး/ ပြည်နယ်အလိုက် စစ်ဆေးရေးအဖွဲ့များက ဓာတ်မြေဩဇာနဲ့ ပိုးသတ်ဆေးအရောင်းဆိုင်များကို အခါအားလျော်စွာ နမူနာရယူပြီး စစ်ဆေးလျက်ရှိပြီး အရှိန်အဟုန်မြှင့်တင်၍ ဆက်လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
တောင်သူများမြေဩဇာများကို အကျိုးရှိရှိသုံးစွဲနိုင်ရန်နဲ့ မြေဆီလွှာစမ်းသပ်စစ်ဆေးခြင်းဆိုင်ရာ နည်းပညာပေးလုပ်ငန်းများ၊ ပိုးသတ်ဆေးများကို အကျိုးရှိထိရောက်အောင် သုံးစွဲနိုင်ရေးနဲ့ ပိုးမွှားရောဂါဆိုင်ရာနည်းပညာပေးလုပ်ငန်းများ ဆောင်ရွက်မှုအနေနဲ့ ၂၀၂၅-၂၀၂၆ ခုနှစ်မှာ ပညာပေးဆွေးနွေးပွဲ (၁၀၁၁)ကြိမ်၊ ပညာပေးသင်တန်း (၂၀၃)ကြိမ်၊ ကွင်းသရုပ်ပြပွဲ (၃၀၆)ကြိမ်ခန့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ၂၀၂၆-၂၀၂၇ ခုနှစ်မှာ ပညာပေးဆွေးနွေးပွဲ (၁၃၇၇)ကြိမ်၊ ပညာပေးသင်တန်း (၃၆၃)ကြိမ်၊ ကွင်းသရုပ်ပြပွဲ (၃၈၅)ကြိမ်ခန့် ဆောင်ရွက်ရန် လျာထားပြီး လက်ရှိတွင်လည်း ဆောင်ရွက်လျက်ရှိပါတယ်။
အဲဒီလို ပညာပေးလုပ်ငန်းများဆောင်ရွက်ရာမှာ စိုက်ပျိုးရေးဦးစီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနနဲ့ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့မှ ပညာရှင်များပါဝင်တဲ့ ကွင်းဆင်းပညာပေးရေးအဖွဲ့များဟာ လိုအပ်ချက်နဲ့အညီ တိုင်းဒေသကြီး/ ပြည်နယ်များအရောက် နည်းပညာဖြန့်ဖြူးပေးခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန Call Center မှ မေးခွန်းများဖြေကြားပေးခြင်း၊ Mobile Application (၅)ခုဖြင့် နည်းပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေးဦးစီးဌာန အင်တာနက်စာမျက်နှာမှ နည်းပညာဖြန့်ဖြူးပေးခြင်း၊ အမျိုးသားဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနဲ့ပေါင်းစပ်ပြီး တောင်သူကြီး AI (Version 1 Beta) အနေနဲ့ စတင်ဆောင်ရွက်လျက်ရှိပြီး မြေဆီလွှာစစ်ဆေးပေးခြင်း ( Soil Testing) နဲ့ ပိုးမွှားရောဂါဆိုင်ရာအကြံပေးခြင်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ဖြေကြားအပ်ပါတယ်။
အသေးစားနှင့်အလတ်စား ဆိုလာစွမ်းအင်သုံးရေတင်စနစ် (Solar Irrigation System)များ တည်ဆောက်ပေးရန် (သို့မဟုတ်) ဆိုလာရေတင်စနစ်တပ်ဆင်လိုသော တောင်သူများအတွက် အရည်အသွေးမီ ဆိုလာရေတင်စနစ်များကို အရစ်ကျ(သို့မဟုတ်) သက်သာသော အတိုးနှုန်းနှင့် နှစ်ရှည်ချေးငွေဖြင့် ရောင်းချပေးရန် မေးမြန်းချက်နဲ့ပတ်သက်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှစပြီး နှစ်စဉ်ပြည်ထောင်စု (ငွေလုံးငွေရင်း)နဲ့ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရရန်ပုံငွေများဖြင့် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေးရရှိရေးလုပ်ငန်း (၁၄)ခု၊ အကျိုးပြုဧက (၃,၀၁၃)ဧက၊ လျှပ်စစ်+ဆိုလာ စနစ်ဖြင့် လုပ်ငန်းပေါင်း (၄၂)ခု၊ အကျိုးပြုဧက (၆၄,၅၈၉) ဧကကို ဆောင်ရွက်ပေးခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေမှ တိုင်းဒေသကြီး/ပြည်နယ် (၆)ခုရှိ တောင်သူတစ်ဦးချင်းအတွက် ဆိုလာစက်ရေတွင်း (၃၇၄)တွင်းနဲ့ ဘတ်ဂျက်ငွေဖြင့် ဆိုလာရေတင် (၆)ခု၊ စုစုပေါင်း (၃၈၀)ခု ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကလည်း တိုင်းဒေသကြီး/ ပြည်နယ်(၁၂)ခုရှိ မြို့နယ် (၉၁)မြို့နယ်၊ ကျေးရွာ (၃၁၇)ရွာအတွက် ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေး လုပ်ငန်းပေါင်း (၅၄၀)ခု ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ စိုက်ပျိုးဧကပေါင်း ၂၂,၅၅၈ ဧကနဲ့ တောင်သူ ၅,၃၅၈ ဦးတို့အား အကျိုးပြုနိုင်ခဲ့ပါတယ်။ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှာ ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေမှဆိုလာရေတင်စနစ် စိုက်ပျိုးရေရရှိရေး လုပ်ငန်း (၅၀)ခု၊ တိုင်းဒေသကြီးပြည်နယ်/ပြည်နယ် အစိုးရရန်ပုံငွေများမှ လုပ်ငန်း (၄၁)ခုကို ဆောင်ရွက်သွားရန်လျာထားပြီး လုပ်ငန်း (၃၀)ခုကို ပထမရက် (၁၀၀) အတွင်းပြီးစီးအောင် လျာထားဆောင်ရွက်လျက်ရှိပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနဲ့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ရန်ပုံငွေခွင့်ပြုချက်အရ တိုင်းဒေသကြီး/ပြည်နယ်(၉)ခုမှာ စိုက်ပျိုးမြေ (၃၁,၈၃၀)ဧကအတွက် ဆိုလာစနစ်ရေတင်စီမံကိန်း (၄၃)ခု ဆောင်ရွက်ပေးလျက်ရှိပါတယ်။
မိမိတို့ကြိုက်နှစ်သက်တဲ့ အရည်အသွေးမီ ဆိုလာရေတင်စနစ်များအား မိမိတို့ဝယ်ယူလိုတဲ့ ကုမ္ပဏီ/လုပ်ငန်းရှင်/အရောင်းဆိုင်မှ တောင်သူများဝယ်ယူနိုင်ရန် အရစ်ကျစနစ်ဖြင့် ချေးငွေကာလ တစ်နှစ်ခြောက်လအတွက် (၁)ရာခိုင်နှုန်းအတိုးစီဖြင့် စုစုပေါင်း တစ်နှစ်ခြောက်လအတွက် (၃)ရာခိုင်နှုန်းနဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ချေးငွေ)မှ စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။
နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (ချေးငွေ)ဖြင့် တိုင်းဒေသကြီး/ပြည်နယ်(၆)ခု ဆိုလာစနစ်ဖြင့် စိုက်ပျိုးရေရရှိရေးလုပ်ငန်း (၃၁၂)ခု၊ စိုက်ပျိုးမြေ (၂,၄၁၃) ဧကအတွက် ကျပ် (၁,၅၃၀.၉၀၀) သန်းထုတ်ချေးပြီးဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်းရဲ့ ကြယ်ပွင့်ပြမေးခွန်းအတွက် တောင်သူလယ်သမားများကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနဲ့ အစိုးရ၊ လွှတ်တော်နဲ့ တောင်သူများဝိုင်းဝန်းပူပေါင်းဆောင်ရွက်ခြင်းဖြင့် တောင်သူများရဲ့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်စားရေရိက္ခာဖူလုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ကြောင်း ဖြေကြားအပ်ပါတယ်။