Share this

ဦးရန်နိုင်ဦး၊ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)၏ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းရှိ တက္ကသိုလ်အသီးသီးတွင် ဘွဲ့/ဒီဂရီ ရရှိခဲ့သည့် လူငယ်များအား နိုင်ငံတော်ဝန်ကြီးဌာနအသီးသီးက အလုပ်ခန့်အပ်ပေးရန်အတွက် အရည်အချင်းသတ်မှတ်ချက်များနှင့်တကွ အလုပ်လျှောက်ထားရန် ခေါ်ယူခြင်းကိစ္စအပေါ် နိုင်ငံတော်နှင့်လူငယ်များ၏ အနာဂတ်အတွက် ဖြေလျှော့စဉ်းစားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်း

Monday, July 6, 2026 - 16:30
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအဆိုများ

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ဒသမနေ့

(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်)

ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ  ဦးရန်နိုင်ဦး 

ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/မသင့်အဆုံးအဖြတ်ရယူခြင်း။

 

လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ-

ကျွန်တော်သည် ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)  ဦးရန်နိုင်ဦး ဖြစ်ပါတယ်။ 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းရှိ တက္ကသိုလ်အသီးသီးမှ ဘွဲ့/ဒီဂရီရရှိခဲ့သည့် လူငယ်များကို နိုင်ငံတော်ရှိဝန်ကြီးဌာနများက အလုပ်ခန့်အပ်နိုင်ရန်အတွက် အရည်အချင်းသတ်မှတ်ချက်များနှင့်အတူ လျှောက်လွှာများကို ခေါ်ယူထားခဲ့ပါသည်။

ယင်းသို့ အလုပ်လျှောက်ထားကြရာတွင် သာမန်အားဖြင့် လျှောက်ထားသူအများစုမှာ ကိုဗစ်ရောဂါကာလကျောင်းနှင့် တက္ကသိုလ်များ ပိတ်ထားရခြင်း၊ အခြေအနေအရ စစ်ရေးထူပြောမှုရှိသောအရပ်ဒေသနှင့်ကာလများတွင် ကျောင်းနှင့်တက္ကသိုလ်များ၏ ပညာသင်ကြားမှုများကို အချိန်ကာလကြာမြင့်စွာရပ်ဆိုင်းထားခဲ့ရသဖြင့် မလိုအပ်ဘဲ အသက်အရွယ်တစ်နှစ်၊ နှစ်နှစ်ခန့် ပိုမိုကြီးရင့်ခဲ့သည့်အလျောက် ၎င်းဘွဲ့ရလူငယ်များသည် ယခုကဲ့သို့ အစိုးရဝန်ကြီးဌာနအသီးသီးက အလုပ်နေရာများခေါ်ယူသည့်အခါတွင် သာမန်ထက် အသက်တစ်နှစ်၊ နှစ်နှစ်ခန့် ပိုမိုကြီးရင့်နေပြီး သတ်မှတ်အသက်ကန့်သတ်ချက်ထက် ကျော်လွန်နေခဲ့ပါသည်။

တိုင်းပြည်တစ်ဝန်းအပေါ်၌ ကျရောက်သော ကိုဗစ်ရောဂါဆိုးများနှင့် ပြည်တွင်းလက်နက်ကိုင်သောင်းကျန်းသူပြဿနာများကြောင့် ကျောင်းပိတ်ရက်ရှည်များအတွင်း ပညာသင်ကြားရေး အဟန့်အတားဖြစ်ခဲ့ကြသည့်အားလျော်စွာ အသက်တစ်နှစ်၊ နှစ်နှစ်ခန့် ပိုမိုကြီးရင့်သွားသည့် ဘွဲ့ရလူငယ်များအနေဖြင့် အစိုးရနှင့်ဝန်ကြီးဌာနများမှ အလုပ်ခေါ်ယူသည့်အခါတွင် အထက်ပါအသက်ကန့်သတ်ချက်အချို့ကြောင့် ဘွဲ့ရလူငယ်ပညာတက်များမှာ အလုပ်လျှောက်ထားခွင့်မရဘဲ ပြင်ပလောကတွင် တစ်ဝဲလည်လည်ဖြစ်ရပါသည်။ ယင်းသို့ဖြစ်ရခြင်းကြောင့် ယနေ့ကာလကဲ့သို့ နိုင်ငံတော်နှင့်အစိုးရအပေါ် အမြင်ကြည်လင်ပြီး အစိုးရအလုပ်လုပ်ကိုင်လို၍ လျှောက်ထားလိုသူ လူငယ်များမှာ  အစိုးရဝန်ထမ်းဖြစ်မလာတော့ဘဲ ဘဝအတွက်မရေရာသည့် ကြုံရာကျရာအလုပ်များကို ဝင်ရောက်လုပ်ကိုင်ကြရသည့်အားလျော်စွာ နိုင်ငံတော်အတွက် ပညာတတ်လူငယ်များစွာမှာ လေလွှင့်ဆုံးရှုံးပြီး မသင့်လျော်သည့် လမ်းမှားသို့ ရောက်ကုန်ကြရသည့် အခြေအနေသို့ ရောက်ရှိကုန်ကြပါသည်။

သို့ဖြစ်ပါ၍ ယင်းအဖြစ်မျိုးမှ တားဆီးနိုင်ရန် ဘွဲ့ရပညာတတ်တန်ဖိုးရှိသူလူငယ်အချို့အား (ကာလဒေသ၊ ကပ်ရောဂါကန့်သတ်ချက်အရ) အသက် တစ်နှစ်၊ နှစ်နှစ်ခန့် ကြီးရင့်သွားသော်လည်း အကြောင်းကြောင်းကိုထောက်ထား၍ နိုင်ငံတော်နှင့် လူငယ်များ၏ ရေရှည်အကျိုးကို ရည်မှန်းလျက် ၎င်းဘွဲ့ရပညာတက်လူငယ်များအား အသက်ကန့်သတ်ချက်လျှော့ပေါ့၍ အလုပ်ခန့်ထားပေးခြင်းဖြင့် နိုင်ငံတော်အတွက်လူငယ်အရင်းအမြစ် တန်ဖိုးများစွာ လမ်းမှားသို့ရောက်ရှိဆုံးရှုံးမှုမှ ကယ်တင်နိုင်မည့်အားလျော်စွာ တစ်နိုင်ငံလုံးရှိ ဘွဲ့ရလူငယ်များအတွက် အစိုးရနှင့်ဝန်ကြီးဌာနအလုပ်များလျှောက်ထားရာတွင် အသက်လျှော့ပေါ့ဖြေလျှော့စဉ်းစားပေးနိုင်ပါရန် နိုင်ငံ‌တော်နှင့် လူငယ်အကျိုးကိုရည်မျှော်၍ အဆိုပြုတင်ပြအပ်ပါသည်။

 

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၃ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်)

ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဦးရန်နိုင်ဦး ၏

အဆိုအပေါ်  ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း ၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် ဒုတိယဥက္ကဋ္ဌ၊ လွှတ်တော်ကိုယ်စားလှယ်များ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။ ကျွန်တော်ကတော့ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်းဖြစ်ပါတယ်။ 

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်‌တော်ကိုယ်စားလှယ်များခင်‌ဗျား၊

ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဦးရန်နိုင်ဦးမှ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းရှိ တက္ကသိုလ်အသီးသီးတွင် ဘွဲ့/ဒီဂရီ ရရှိခဲ့သည့်လူငယ်များအား ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းအသီးသီးက အလုပ်ခန့်အပ်ပေးရန်အတွက် အရည်အချင်းသတ်မှတ်ချက်များနှင့်တကွ အလုပ်လျှောက်ထားရန် ခေါ်ယူခြင်းကိစ္စအပေါ် နိုင်ငံတော်နှင့် လူငယ်များ၏ အနာဂတ်အတွက် ဖြေလျှော့စဉ်းစားပေးရန်” အဆိုတင်ပြခဲ့ပါတယ်။ ဒီအဆိုနှင့်စပ်လျဉ်းပြီး လွှတ်တော်ကိုယ်စားလှယ် (၁၂) ဦးတို့ကလည်း ပါဝင်ဆွေးနွေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ရှိပါကြောင်း ပထမဦးစွာပြောကြားလိုပါတယ်။

ပြင်ပပုဂ္ဂိုလ်များအား နိုင်ငံ့ဝန်ထမ်းများအဖြစ် ရွေးချယ်ခန့်ထားရာတွင် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့နည်းဥပဒေများပါပြဋ္ဌာန်းချက်များအရ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးတွင် ခန့်ထားခြင်းနှင့် အမှုထမ်းအဆင့် စတင်ခန့်ရာထူးများတွင် ခန့်ထားခြင်းဟူ၍ အပိုင်း (၂) ပိုင်းဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း ကနဦးတင်ပြလိုပါတယ်။

ပြန်တမ်းဝင်အရာရှိအဆင့်စတင်ခန့်ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးနှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ (က)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၁၄၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ နည်းဥပဒေများ နည်းဥပဒေ ၇ နည်းဥပဒေခွဲ (က)၊ နည်းဥပဒေ ၈ တို့ပါပြဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ အရည်အချင်းသတ်မှတ်ချက်များနှင့်အတူ အဆိုပြုလာသည့်အပေါ် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ကြော်ငြာခေါ်ယူ၍ စစ်ဆေးရွေးချယ်ပေးပြီး သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက ခန့်အပ်ဆောင်ရွက်လျက်ရှိပါတယ်။

အမှုထမ်းအဆင့်စတင်ခန့်ရာထူးနေရာများအတွက် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၇ ပုဒ်မခွဲ (ခ)၊ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၁၅ ပါပြဋ္ဌာန်းချက်များနှင့်အညီ သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက စစ်ဆေးရွေးချယ်ခန့်အပ်ဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။

ဝန်ထမ်းတစ်ဦးကို ဖွဲ့စည်းပုံပါရာထူးတစ်ခု၌ အတည်ပြုခန့်ထားခြင်းနှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ နည်းဥပဒေ ၄ နည်းဥပဒေခွဲ (ဃ) တွင် "ဝန်ထမ်းသည် အသက် ၁၈ နှစ် ပြည့်ပြီးဖြစ်ရမည်"ဟု ဝန်ထမ်းအဖြစ် စတင်ခန့်ထားနိုင်သည့် အသက်ကိုသာ သတ်မှတ်ပြဋ္ဌာန်းထားပြီး အခြားအသက်ကန့်သတ်ချက်ကို သတ်မှတ်ပြဋ္ဌာန်းထားခြင်းမရှိပါ။ သို့အတွက် ဝန်ထမ်းသစ်များ ခန့်ထားနိုင်ရေးဆောင်ရွက်ရာတွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ လုပ်ငန်းလိုအပ်ချက်နှင့် လုပ်ငန်းသဘောသဘာဝပေါ် မူတည်၍ ပညာအရည်အချင်းကန့်သတ်ချက်၊ အသက်ကန့်သတ်ချက်များကို ၎င်းတို့ခေါ်ယူမည့်အလုပ်နေရာ၊ လုပ်ငန်းသဘောသဘာဝ၊ လုပ်ငန်း၏လိုအပ်ချက်များအပေါ်တွင် အခြေခံစဉ်းစားပြီး ပညာအရည်အချင်းနှင့် အသက်ကန့်သတ်ချက်များအပါအဝင် အခြားလိုအပ်ချက်များကိုသတ်မှတ်၍ လစ်လပ်ရာထူးများအတွက် ခေါ်ယူသည့်ကြော်ငြာတွင်ထည့်သွင်းပြီး နိုင်ငံပိုင်သတင်းစာများတွင် ပွင့်လင်းမြင်သာစွာဖြင့် အနည်းဆုံးတစ်လကြိုတင်ထုတ်ပြန်ပါကြောင်း အသိပေးတင်ပြလိုပါတယ်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေနဲ့ ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးများခန့်အပ်နိုင်ရေးအတွက် ယခင်က ခြောက်လ (၁) ကြိမ်ဖြင့် တစ်နှစ်လျှင်(၂) ကြိမ် ကြော်ငြာခေါ်ယူ၍ စိစစ်ရွေးချယ်ဆောင်ရွက်ပေးခဲ့ပါတယ်။ ယခုအခါ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစ၍ လေးလလျှင်(၁) ကြိမ်ဖြင့် တစ်နှစ်လျှင် ကြော်ငြာ(၃)ကြိမ်အထိ ခေါ်ယူသွားမှာဖြစ်ပါတယ်။ ၁-၇-၂၀၂၆ ရက်နေ့ မြန်မာ့အလင်းသတင်းစာတွင် ဝန်ကြီးဌာနအဖွဲ့အစည်း(၁၆)ခုမှ လစ်လပ်လျက်ရှိသော ပြန်တမ်းဝင်အရာရှိအဆင့်စတင်ခန့်ရာထူး (၂၄၂) နေရာအတွက် ကြော်ငြာစာအမှတ် (၃/၂၀၂၆)ဖြင့် ကြော်ငြာခေါ်ယူခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ ယခင်က တစ်နှစ်လျှင် (၂)ကြိမ်ခေါ်ယူခဲ့သည့်အတွက် ရွေးချယ်ခြင်းမခံရသော ဘွဲ့/ဒီဂရီရ လူငယ်များအနေဖြင့် (၆) လမှတစ်ကြိမ်သာ ဝင်ရောက်ဖြေဆိုခွင့်ရရှိခဲ့ရာမှ ယခုအခါ (၄) လတစ်ကြိမ် ခေါ်ယူလျက်ရှိသည့်အတွက် နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်ဖြေဆိုနိုင်မည့်အခွင့်အရေး ပိုမိုရရှိလာမှာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်ဥက္ကဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား၊

ပြင်ပပုဂ္ဂိုလ်များအား ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ယှဉ်ပြိုင်စနစ်ဖြင့် ရေးဖြေစာမေးပွဲ၊ စိတ်အခြေအနေစစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်းများဆောင်ရွက်၍ အရည်အချင်းပြည့်မီသူများကို ရွေးချယ်ပေးပြီး သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများက ခန့်ထားပေးလျက်ရှိပါတယ်။

ပြင်ပပုဂ္ဂိုလ်များအား အမှုထမ်းအဆင့်စတင်ခန့်ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများက နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ ယှဉ်ပြိုင်စနစ်ဖြင့် ရေးဖြေစာမေးပွဲ၊ လူတွေ့စစ်ဆေးခြင်းများ ဆောင်ရွက်၍ အရည်အချင်းပြည့်မီသူများကို ရွေးချယ်ခန့်ထားပေးလျက်ရှိပါတယ်။

(ပြန်တမ်းဝင်အရာရှိအဆင့်စတင်ခန့်ရာထူးနေရာများနှင့် အမှုထမ်းအဆင့်စတင်ခန့်ရာထူးနေရာအတွက် ကြော်ငြာခေါ်ယူခဲ့မှု၊ အသက်ကန့်သတ်ချက်များ သတ်မှတ်ခဲ့မှုများကို Power Point အသုံးပြု၍ ဆက်လက်တင်ပြခွင့်ပြုပါခင်ဗျား)

ပြန်တမ်းဝင်အရာရှိစတင်ခန့်ရာထူးနေရာများတွင် ခန့်ထားနိုင်ရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ၂၀၂၅ ခုနှစ်တွင် ကြော်ငြာ (၃) ကြိမ်ခေါ်ယူခဲ့ပြီး အသက်ကန့်သတ်ချက်များ သတ်မှတ်ခဲ့မှုကို တင်ပြလိုပါတယ်။ 

(က) ကြော်ငြာစာအမှတ်(၁/၂၀၂၅)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၁၈) ခုမှ လစ်လပ်ရာထူး (၆၀၉) နေရာတွင် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၁၆)ခုမှ ၁-၈-၂၀၂၅ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ် အသက် (၃၀)နှစ်၊ ဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်လွန်သူဟုလည်းကောင်း၊ နိုင်ငံခြားစီးပွားဆက်သွယ်ရေးဦးစီးဌာနမှ ၁-၈-၂၀၂၅ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်အသက် (၃၀)နှစ်၊ ဂုဏ်ထူးဘွဲ့နှင့် မဟာဘွဲ့ရရှိသူဖြစ်ပါက အသက် (၃၅)နှစ်၊ ဝန်ထမ်းဖြစ်ပါက အသက်(၄၀)နှစ်ထက်မကျော်လွန်သူဟုလည်းကောင်း၊ နည်းပညာသက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ ၁-၈-၂၀၂၅ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်အသက် (၃၅)နှစ်၊ ဝန်ထမ်းဖြစ်ပါက အသက် (၃၅)နှစ်ထက်မကျော်လွန်သူဟုလည်းကောင်း ခေါ်ယူခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ 

( ခ ) ကြော်ငြာစာအမှတ် (၂/၂၀၂၅)ဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာနအတွက် လစ်လပ်ရာထူး(၃၀)နေရာတွင် ၁-၈-၂၀၂၅ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်အသက်(၂၅) နှစ်၊ မဟာဘွဲ့/ပါရဂူဘွဲ့ရရှိပြီးသူများနှင့် အခြားဝန်ကြီးဌာနမှ ဝန်ထမ်းဖြစ်ပါက အသက် (၃၀) နှစ်ထက်မကျော်လွန်သူဟုလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းဖြစ်ပါက ရိုးရိုးဘွဲ့ရရှိပြီးသူ အသက်(၃၅)နှစ် ၊ မဟာဘွဲ့/ပါရဂူဘွဲ့ရရှိသူ အသက်(၄၀) နှစ်ထက် မကျော်လွန်သူဟုလည်းကောင်း ခေါ်ယူခဲ့ပါတယ်။ ဒါကလည်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဌာနစုမှူး(၂)/တတိယအတွင်းဝန်ရာထူးနေရာများအတွက် လုပ်ငန်းသဘောသဘာဝအရ သတ်မှတ်ခေါ်ယူခြင်းဖြစ်ပါတယ်။ 

(ဂ) ကြော်ငြာစာအမှတ် (၃/၂၀၂၅) ဖြင့် ကျန်းမာရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့အတွက် ဆရာဝန်လစ်လပ်ရာထူး(၃၁၀)နေရာတွင် ကျန်းမာရေးဝန်ကြီးဌာနအတွက် ၃-၁၀-၂၀၂၅ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်အသက်(၃၅)နှစ်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီအတွက် ပြင်ပပုဂ္ဂိုလ်အသက် (၃၅)နှစ်၊ ဝန်ထမ်းဖြစ်ပါက အသက်(၄၀)နှစ်ထက်မကျော်လွန်ဟု ခေါ်ယူခဲ့တာကိုလည်း တွေ့ရှိရမှာဖြစ်ပါတယ်။ 

ဆက်လက်ပြီး ယခုနှစ်မှာခေါ်ယူသည့် ကြော်ငြာ (၃) ခုကို တင်ပြလိုပါတယ်။

(က) ကြော်ငြာစာအမှတ် (၁/၂၀၂၆) ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၂၄) ခုမှ လစ်လပ်ရာထူး (၆၅၃) နေရာအတွက် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း(၂၂)ခုမှ ၂၉-၃-၂၀၂၆ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်အသက် (၃၀)နှစ်၊ ဝန်ထမ်းဖြစ်ပါက အသက်(၃၅) နှစ်ဟုလည်းကောင်း၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အတွက် ၂၉-၃-၂၀၂၆ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ် အသက်(၃၀)နှစ်၊ ဝန်ထမ်းဖြစ်ပါက အသက်(၃၅) နှစ်နှင့် ဗဟိုဘဏ်ဝန်ထမ်းဖြစ်ပါက (၄၀)နှစ်ထက်မကျော်လွန်သူဖြစ်ရမည်ဟုလည်းကောင်း၊ နည်းပညာ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအတွက် ၂၉-၃-၂၀၂၆ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ် အသက် (၃၅)နှစ်၊ ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက်မကျော်လွန်သူဟုလည်းကောင်း ခေါ်ယူခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ 

( ခ ) ကြော်ငြာစာအမှတ် (၂/၂၀၂၆) ဖြင့် ပို့ဆောင်ရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီများမှ လစ်လပ်ဆရာဝန် (၂၀၂) နေရာအတွက် ပို့ဆောင်ရေးဝန်ကြီးဌာနနှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ ၂၉-၆-၂၀၂၆ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်အသက် (၃၅)နှစ်ဟုလည်းကောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ပြင်ပပုဂ္ဂိုလ်အသက် (၃၅)နှစ်၊ ဝန်ထမ်းဖြစ်ပါက အသက် (၄၀)နှစ်ထက်မကျော်လွန်သူဟုလည်းကောင်း ခေါ်ယူခဲ့တာကို တွေ့ရှိရမှာဖြစ်ပါတယ်။ 

(ဂ) ကြော်ငြာစာအမှတ်(၃/၂၀၂၆)ဖြင့် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၁၆) ခုမှ လစ်လပ်ရာထူး (၂၄၂) နေရာတွင်ဝန်ကြီးဌာနနှင့်အဖွဲ့အစည်း (၁၄) ခုမှ ၃၀-၇-၂၀၂၆ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်အသက် (၃၀)နှစ်၊ ဝန်ထမ်းဖြစ်ပါက အသက် (၃၅) နှစ်ထက် မကျော်လွန်သူ ဟုလည်းကောင်း၊ နည်းပညာ သက်မွေးပညာနှင့်လေ့ကျင့်ရေးဦးစီးဌာနအတွက် ၃၀-၇-၂၀၂၆ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်အသက် (၃၅)နှစ်၊ ဝန်ထမ်းဖြစ်ပါက အသက်(၃၅) နှစ်ထက်မကျော်လွန်သူဟုလည်းကောင်း၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနအတွက် ၃၀-၇-၂၀၂၆ ရက်နေ့တွင် ရိုးရိုးဘွဲ့ရသူ ပြင်ပပုဂ္ဂိုလ်အသက် (၃၀)နှစ်၊ ဝန်ထမ်းဖြစ်ပါက အသက် (၃၅)နှစ်ထက် မကျော်လွန်သူ၊ မဟာဘွဲ့ရသူ ပြင်ပပုဂ္ဂိုလ် အသက် (၃၃) နှစ်၊ ဝန်ထမ်းဖြစ်ပါက အသက် (၃၈) နှစ်၊ ပါရဂူဘွဲ့ရသူ ပြင်ပပုဂ္ဂိုလ် အသက် (၃၅) နှစ်၊ ဝန်ထမ်းဖြစ်ပါက အသက်(၄၀) နှစ်မကျော်လွန်သူဟုလည်းကောင်း၊ တက္ကသိုလ် (၃) ခုနှင့် ဦးစီးဌာန(၁၀)ခုတို့အတွက် ၃၀-၇-၂၀၂၆ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်အသက် (၃၅) နှစ်၊ ဝန်ထမ်းဖြစ်ပါက အသက်(၄၀)နှစ်ထက် မကျော်လွန်သူဟုလည်းကောင်း ခေါ်ယူခဲ့တာကိုတွေ့ရှိရမှာဖြစ်ပါတယ်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေနဲ့လည်း ၂၀၂၆ ခုနှစ်အတွင်း အဖွဲ့ကွပ်ကဲမှုအောက်ရှိ ဥက္ကဌရုံးအဖွဲ့မှ အမှုထမ်းအဆင့်စတင်ခန့်ရာထူးဖြစ်သော အငယ်တန်းစာရေးရာထူးအတွက် ၁၅-၇-၂၀၂၆ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ် အသက် (၃၀)နှစ်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၃၅)နှစ်ထက်မကျော်လွန်သူဟုလည်းကောင်း၊ ဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးဦးစီးဌာနမှ ၁၆-၇-၂၀၂၆ ရက်နေ့တွင် ပြင်ပပုဂ္ဂိုလ်အသက် (၃၀)နှစ်၊ နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက်(၃၅)နှစ်ထက် မကျော်လွန်သူဟုလည်းကောင်း ဇွန်လတွင် ကြော်ငြာများခေါ်ယူထားသည်ကို တွေ့ရှိကြရမှာဖြစ်ပါတယ်။ 

ထို့အပြင် ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်းတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့ပြီး ပုံစံ (၁၂) ရရှိပြီးသူများသည် သတ်မှတ်ချက်များနှင့်ကိုက်ညီပါက လျှောက်ထားနိုင်သည်ကိုလည်း ကြော်ငြာတွင် ထည့်သွင်းဖော်ပြခဲ့ပါတယ်။ ကြော်ငြာခေါ်ယူသည့် အသက်သတ်မှတ်ချက်ထက် ၃ နှစ်တိုးမြှင့်၍ ခေါ်ဆိုထားသည်ကို တွေ့ရှိရမှာဖြစ်ပါတယ်။ အရာထမ်း၊ အမှုထမ်းကြော်ငြာနမူနာ(၂) ခုဖြင့် တင်ပြအပ်ပါတယ်။ 

၃၀-၆-၂၀၂၆ ရက်နေ့ ကြေးမုံသတင်းစာတွင် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ကြော်ငြာစာအမှတ် (၁/၂၀၂၆) ဖြင့် အမှုထမ်းအဆင့် စတင်ခန့်ရာထူးများဖြစ်သည့် ဒုတိယဦးစီးမှူး၊ ဒုတိယလက်ထောက်ကြီးကြပ်ရေးမှူး၊ အငယ်တန်းစာရေး စသည့်ရာထူးများအတွက် ကြော်ငြာခေါ်ယူရာတွင် ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက "၃၀-၆-၂၀၂၆ ရက်နေ့တွင် အသက် (၃၈) နှစ်ထက်မကြီးသူ၊ လက်ရှိတာဝန်ထမ်းဆောင်နေသော နိုင်ငံ့ဝန်ထမ်းဖြစ်ပါက အသက် (၄၀) နှစ်ထက်မကြီးသူ" ဟု ခေါ်ယူခဲ့ကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ 

လွှတ်တော်ကိုယ်စားလှယ်ကြီးများ၏ လူငယ်များအလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ နိုင်ငံတော်အတွက် လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရင်ထဲကစေတနာဖြင့် အဆိုပြု၊ ထောက်ခံနေကြသည်ကိုလည်း နားလည်မိပါတယ်။ ပြည်ထောင်စုရာထူးဝန်အဖွဲ့အနေဖြင့်လည်း ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းအသီးသီးတွင် နိုင်ငံ့ဝန်ထမ်းများခန့်ထားနိုင်ရေးအတွက် ဥပဒေ၊ နည်းဥပဒေများကိုလိုက်နာပြီး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။ သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများကလည်း နှစ်စဉ်ဝန်ထမ်းခန့်ထားနိုင်ရေးအတွက် အထက်မှာတင်ပြခဲ့သလို အသက်ကန့်သတ်ချက်ကို (၃၀) နှစ်၊ (၃၅) နှစ်၊ (၃၈) နှစ်နှင့် (၄၀)နှစ်အထိ အခါအားလျော်စွာလျှော့ချသတ်မှတ်ပြီး ခန့်ထားဆောင်ရွက်လျက်ရှိပါကြောင်း တင်ပြအပ်ပါတယ်။

လူငယ်များအနေနှင့်ကလည်း နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်လိုပါက သတင်းစာတွင် ကြော်ငြာခေါ်ယူသည့်အခါ မိမိတို့၏ ပညာအရည်အချင်း၊ အသက်ကန့်သတ်ချက်ဖြင့် ကိုက်ညီသည့်ရာထူးနေရာများကို လျှောက်ထားပြီး ယှဉ်ပြိုင်ရွေးချယ်ခံနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်ရန်လည်း လိုအပ်ပါကြောင်း တင်ပြအပ်ပါတယ်။

ပြင်ပပုဂ္ဂိုလ်များကို နိုင်ငံ့ဝန်ထမ်းအဖြစ် စတင်ခန့်ထားနိုင်သော ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးနှင့် အငယ်တန်းစာရေး၊ ဒုတိယဦးစီးမှူးရာထူးများအပါအဝင် အမှုထမ်းအဆင့် စတင်ခန့်ရာထူးနေရာများအား နိုင်ငံပိုင်သတင်းစာများနှင့် Myanmar National Web Portal တို့တွင် နှစ်စဉ်ကြော်ငြာခေါ်ယူနေပါတယ်။ သို့ပါ၍ လွှတ်တော်ကိုယ်စားလှယ်များကလည်း မိမိတို့ဒေသရှိ ဘွဲ့/ ဒီဂရီရ လူငယ်များကို ဝင်ရောက်လျှောက်ထား၊ ယှဉ်ပြိုင်ရွေးချယ်ခံနိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။

သို့ဖြစ်ပါ၍ တင်ပြခဲ့သည့် အလုပ်ခေါ်ယူခြင်းကြော်ငြာများပါ အသက်ကန့်သတ်ချက်များအရ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများအနေဖြင့် ကိုဗစ်ကပ်ရောဂါကြီးဖြစ်ပွားပြီးနောက်ပိုင်း လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးကို ရှေးရှုစဉ်းစားပြီး ပြင်ပပုဂ္ဂိုလ်များအား ဝန်ထမ်းအသစ်အဖြစ် ရွေးချယ်ခန့်ထားရာတွင် အသက်ကန့်သတ်ချက်ကို ဖြေလျှော့စဉ်းစားဆောင်ရွက်ပေးလျက်ရှိသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး အဆိုပြုသည့် ဘွဲ့ရပညာတတ် တန်ဖိုးရှိလူငယ်အချို့အား (ကာလဒေသ၊ ကပ်ရောဂါကန့်သတ်ချက်အရ) အသက် တစ်နှစ်၊ နှစ်နှစ်ခန့် ကြီးရင့်သွားသော်လည်း အကြောင်းကြောင်းကို ထောက်ထား၍ နိုင်ငံတော်နှင့်လူငယ်များ၏ ရေရှည်အကျိုးကို ရည်မှန်းလျက် ဘွဲ့ရပညာတတ်လူငယ်များအား အသက်ကန့်သတ်ချက်လျှော့ပေါ့၍ ခန့်ထားပေးရန်အချက်အပေါ် လွှမ်းခြုံမှုရှိပါကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီး တင်သွင်းလာသည့်အဆိုနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ပြင်ပပုဂ္ဂိုလ်များအား ဝန်ထမ်းသစ်အဖြစ် ရွေးချယ်ခန့်ထားရာတွင် ၎င်းတို့၏ လုပ်ငန်းသဘောသဘာဝနှင့် လိုအပ်ချက်ပေါ်မူတည်၍ သတ်မှတ်ထားသည့် အသက်ကန့်သတ်ချက်များသည် ဘွဲ့ / ဒီဂရီရရှိခဲ့သည့်လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် လျော်ကန်သင့်မြတ်မှုရှိပါကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌကြီးမှတစ်ဆင့် လေးစားစွာ ရှင်းလင်းတင်ပြအပ်ပါတယ်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၄၆ နှင့်အညီ ပြည်ထောင်စုရာထူးဝန်အဖွဲ့သည် နိုင်ငံ့ဝန်ထမ်းများနှင့်ပတ်သက်၍ ရွေးချယ်ခြင်း၊ လေ့ကျင့်ပေးခြင်း၊ စည်းမျဉ်းစည်းကမ်းသတ်မှတ်ပေးခြင်း လုပ်ငန်းတာဝန် (၃)ရပ်ကို အဓိက ထမ်းဆောင်လျက်ရှိပါတယ်။ နိုင်ငံ့ဝန်ထမ်းများအဖြစ် ဝင်ရောက်တာဝန်ထမ်းဆောင်လိုသည့် လူငယ်များကိုလည်း ကြိုဆိုပါတယ်။ ဝန်ထမ်းရေးရာနှင့်ပတ်သက်၍ ကိစ္စရပ်များရှိပါကလည်း ပြည်ထောင်စုရာထူးဝန်အဖွဲ့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြပါတယ်လို့ လွှတ်တော် ကိုယ်စားလှယ်ကြီးများကို ဖိတ်ကြားအပ်ပါတယ်။

ယခုလို နိုင်ငံ့ဝန်ထမ်းရေးရာကိစ္စရပ်များနှင့်ပတ်သက်၍ အဆိုပြု/ ဆွေးနွေးပေးကြသည်ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း တင်ပြလိုပါတယ်။

အဆိုအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးချက်အပေါ် ရှင်းလင်းတင်ပြချက်

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၉) ဦးရန်နိုင်စိုး၏ အဆိုအပေါ် လွှတ်တော်ကိုယ်စားလှယ်များမှ ဆွေးနွေးခဲ့မှုများနှင့်စပ်လျဉ်း၍ ဖြည့်စွက်ရှင်းလင်းတင်ပြလိုပါတယ်။

  • မသန်စွမ်းဘွဲ့ရလူငယ်များအလုပ်အကိုင်ရရှိနိုင်ရေးနှင့်စပ်လျဉ်း၍ ကနဦးဆွေးနွေးတင်ပြလိုပါတယ်။

ဝန်ထမ်းတစ်ဦးကို ဖွဲ့စည်းပုံပါရာထူးတစ်ခု၌ အတည်ပြုခန့်ထားရာတွင် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၄ နည်းဥပဒေခွဲ (ဃ) တွင် “ဝန်ထမ်းသည် အသက် (၁၈) နှစ်ပြည့်ပြီးဖြစ်ရမည်” ဟု သတ်မှတ်ထားသည့်အပြင် နည်းဥပဒေခွဲ (င) ၌ “ပြင်ပပုဂ္ဂိုလ်ဖြစ်ပါက ကျန်းမာကြောင်းဆေးလက်မှတ်နှင့် သက်ဆိုင်ရာမြို့နယ်ရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာမူရင်းတို့ကို တင်ပြနိုင်သူဖြစ်ရမည်” ဟု သတ်မှတ်ပြဋ္ဌာန်းထားပါတယ်။ သို့အတွက် မသန်စွမ်းဘွဲ့/ဒီဂရီရ လူငယ်များအနေဖြင့် လစ်လပ်ရာထူးနေရာများအတွက် ရေးဖြေစာမေးပွဲဝင်ရောက်ဖြေဆိုခြင်း၊ ရေးဖြေစာမေးပွဲအောင်မြင်ပါက စိတ်အခြေအနေစစ်ဆေးခြင်း၊ လူတွေ့စစ်ဆေးခြင်းစသည့်အခွင့်အရေးများအား အခြားလူငယ်များနှင့်တန်းတူရရှိကြပါတယ်။ မသန်စွမ်းဘွဲ့ရလူငယ်များအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာန အဖွဲ့အစည်းက ခေါ်ယူသည့် လစ်လပ်ရာထူး၏ လုပ်ငန်းသဘောသဘာဝပေါ်မူတည်ပြီး သတ်မှတ်အရည်အချင်းများနှင့်ပြည့်မီ၍ သက်ဆိုင်ရာရွေးချယ်ရေးအဖွဲ့က ရွေးချယ်ခြင်းခံရပါက နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခွင့်ရရှိနိုင်မှာဖြစ်ပါတယ်။)

  • ပညာရေးမြှင့်တင်မှုအစီအစဉ်အရ KG+12 ဆောင်ရွက်ခဲ့မှု၊ ကိုဗစ်ကာလ၊ ပညာသင်ကာလ ရှည်လျားခဲ့မှုတို့နှင့်စပ်လျဉ်း၍ ဆက်လက်ဆွေးနွေးတင်ပြလိုပါတယ်။

လွှတ်တော်အဆိုနှင့်စပ်လျဉ်းပြီး ရှင်းလင်းတင်ပြခဲ့တဲ့ Power Point များအရ အလုပ်ခေါ်ယူသည့် ကြော်ငြာများတွင် ဖော်ပြထားသော အသက်ကန့်သတ်ချက်များကို ကြည့်မည်ဆိုပါက ဆရာဝန်ရာထူးအတွက် ၃၅ နှစ်၊ အခြားရာထူးများအတွက် ၃၀ နှစ်၊ ၃၅ နှစ်၊ ၃၈ နှစ်နှင့် ၄၀ နှစ်အထိ ခေါ်ယူထားသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးများ ဆွေးနွေးခဲ့သည့် ကိုဗစ်ရောဂါဆိုးနှင့် နိုင်ငံရေးအခြေအနေအရ ပညာသင်ကြားရေး အဟန့်အတားဖြစ်ခဲ့ကြသည့်လူငယ်များ၊ ပညာရေးမြှင့်တင်မှုအစီအစဉ်အရ KG+12 ဆောင်ရွက်ခဲ့သည့်အတွက် ယခင်ထက် နှစ်နှစ်နောက်ကျပြီး ဘွဲ့ရရှိမည့်လူငယ်များ၏ အလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် အသက်ကန့်သတ်ချက်မှာ လွှမ်းခြုံမှုရှိကြောင်း တွေ့ရှိရမှာဖြစ်ပါတယ်။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးတင်သွင်းလာသည့် အဆိုနှင့်စပ်လျဉ်း၍ ဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ ပြင်ပပုဂ္ဂိုလ်များအား ဝန်ထမ်းသစ်အဖြစ် ရွေးချယ်ခန့်ထားရာတွင် ၎င်းတို့၏ လုပ်ငန်းသဘောသဘာဝနှင့် လိုအပ်ချက်ပေါ်မူတည်၍ သတ်မှတ်ထားသည့် အသက်ကန့်သတ်ချက်များသည် ဘွဲ့/ဒီဂရီ ရရှိခဲ့သည့် လူငယ်များအလုပ်အကိုင်အခွင့်အလမ်းရရှိရေးအတွက် လျော်ကန်သင့်မြတ်မှုရှိပါကြောင်း အမျိုးသားလွှတ်တော်ဥက္ကဌကြီးမှတစ်ဆင့် လေးစားစွာရှင်းလင်းတင်ပြအပ်ပါတယ်။

  • အလုပ်ခေါ်ယူမည့်အချိန်ကာလကို အတိအကျသတ်မှတ်လိုခြင်းနှင့်အလုပ်ခေါ်ယူမှုများကို ပွင့်လင်းမြင်သာစွာဆောင်ရွက်နိုင်ရေးအတွက်

ပြင်ပပုဂ္ဂိုလ်များအား နိုင်ငံ့ဝန်ထမ်းများအဖြစ် ရွေးချယ်ခန့်ထားရာတွင် ပြန်တမ်းဝင်အရာရှိအဆင့် စတင်ခန့်ရာထူးများ ခန့်အပ်နိုင်ရေးအတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်မှစ၍ လေးလ(၁)ကြိမ်ဖြင့် တစ်နှစ်လျှင် (၃) ကြိမ် သတ်မှတ်ပြီး (၄) လ၏ ပထမရက်သတ္တပတ်အတွင်း ကြော်ငြာခေါ်ယူရန် သတ်မှတ်ထားပြီးဖြစ်သည့်အတွက် ဝင်ရောက်လျှောက်ထားရမည့် အချိန်ကို ကြိုတင်သိရှိနိုင်မည်ဖြစ်ကြောင်း တင်ပြလိုပါတယ်။ အမှုထမ်းအဆင့်စတင်ခန့်ရာထူးများအတွက် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အဖွဲ့အစည်းများမှ ဖွဲ့စည်းပုံပါလစ်လပ်လာသည့် အခြေအနေပေါ်မူတည်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြခွင့်ပြုချက်ရယူ၍ ခေါ်ယူလျက်ရှိပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။ 

ပွင့်လင်းမြင်သာမှုနှင့်စပ်လျဉ်း၍လည်း သတ်မှတ်အရည်အချင်းနှင့်ကိုက်ညီသည့် လူငယ်များကို ယှဉ်ပြိုင်ရွေးချယ်သည့်စနစ်ဖြင့် လျှောက်ထားဖြေဆိုနိုင်ရေး နိုင်ငံပိုင်သတင်းစာများနှင့် Myanmar National Web Portal တို့တွင် ပွင့်လင်းမြင်သာစွာဖြင့် တစ်လကြိုတင်၍ ကြော်ငြာများ ထုတ်ပြန်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

အဆိုဆက်လက်ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဦးရန်နိုင်ဦး က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းရှိ တက္ကသိုလ်အသီးသီးတွင် ဘွဲ့/ဒီဂရီ ရရှိခဲ့သည့် လူငယ်များအား ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက အလုပ်ခန့်အပ်ပေးရန်အတွက် အရည်အချင်းသတ်မှတ်ချက်များနှင့်တကွ အလုပ်လျှောက်ထားရန် ခေါ်ယူခြင်းကိစ္စအပေါ် နိုင်ငံတော်နှင့်လူငယ်များ၏ အနာဂတ်အတွက် ဖြေလျှော့စဉ်းစားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ဆက်လက်ဆွေးနွေးပါသည်။

ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် ယင်းအဆိုကို အဆိုရှင်၏ ဆန္ဒအရ လွှတ်တော်က မှတ်တမ်းတင်ကြောင်း ကြေညာပါသည်။