ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
ဒသမနေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလဆန်း ၁၁ ရက်
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်)
[ ကြာသပတေးနေ့ ]
၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ဒသမနေ့ကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၅ ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် (၂၀၉) ဦး ရှိပြီး (၂၀၃)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။
ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း
၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၆)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူမရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ (ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည်။
(က) စိုင်းဝင်းခိုင်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၀) ၏ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် (၂၅)ခုတင်ဆံ့ဆေးရုံမှ ခုတင် (၅၀)ဆံ့ ဆေးရုံအဖြစ် အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က လတ်တလော ခုတင်(၅၀)ဆံ့ ဆေးရုံအဖြစ် တိုးမြှင့်ရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် ဆေးရုံခုတင်အဆင့်မြှင့်တင်ခြင်း ဆောင်ရွက်မပေးနိုင်သေးသော်လည်း ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုကောင်းမွန်စွာ ဆောင်ရွက်နိုင်ရန်အတွက် ဆေးရုံသုံးပစ္စည်းများ ဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
(ခ) ဦးအောင်လှထွေး၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ၏ မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ်ရှိ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေနံချောင်း မြို့တွင် ရေကြောင်းဆက်သွယ်ရေး ဆိပ်ကမ်းများ ပြန်လည်ဖွဲ့စည်းထားရှိပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူ က ဧရာဝတီမြစ် ရေလမ်းကောင်းမွန်ရေး ပင်မစီမံချက်အရ ရေနံချောင်းမြို့သို့ ဧရာဝတီမြစ်၏ ပင်မရေလမ်းကြောင်း မစီးဆင်းနိုင်သည့်အတွက်လည်းကောင်း၊ ရေနံချောင်းမြို့ အထက်ဘက်(၅)မိုင်ခန့်အကွာရှိ ပင်းချောင်း၏ သဲနုန်းပို့ချမှုကြောင့် ရေနံချောင်းမြို့ရှေ့တွင် မြေနုကျွန်းအဖြစ် တည်ရှိနေသည့်အတွက်လည်းကောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ရေလမ်းအခြေအနေအရလည်းကောင်း ရေနံချောင်းမြို့တွင် ရေကြောင်းဆက်သွယ်ရေးဆိပ်ကမ်းအဖြစ် ဆောင်ရွက်၍ မရနိုင်ပါကြောင်းနှင့် လက်ရှိအချိန်တွင် ပုဂ္ဂလိကရေယာဉ်များနှင့် ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးပိုင်ရေယာဉ်များ ဆိုက်ကပ်အသုံးပြုလျက်ရှိသည့် ရေနံချောင်းမြို့အောက်ဘက် (၇)မိုင်ခန့်အကွာရှိသည့် ရုံးဆိပ်ဆိပ်ကမ်းတွင် ရေကြောင်းဆက်သွယ်ရေးဆိပ်ကမ်းအဖြစ် ဖွဲ့စည်းဆောင်ရွက်အသုံးပြုလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
( ဂ ) ဦးချစ်ဆွေ၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ်(၁၀) ၏ စိုက်ပျိုးမွေးမြူရေး ကုန်ထုတ်လုပ်မှု ကွင်းဆက်များ စနစ်တကျ အကောင်အထည်ဖော်နိုင်ရန်အတွက် သင့်လျော်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနပြုရေးစင်တာများ ဖွင့်လှစ်သွားရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း က လက်ရှိ ဖွင့်လှစ်ဆောင်ရွက်လျက်ရှိသော ဒေသနှင့်ကိုက်ညီသည့် သုတေသနစခန်းများမှာ သုတေသနလုပ်ငန်းများ၊ ပညာပေးလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် စီမံဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် သုတေသနပြုရေးစင်တာ (Regional Development and Research Center-RDRC) ဖွင့်လှစ်ဆောင်ရွက်သွားရေးနှင့်ပတ်သက်ပြီး ကျွမ်းကျင်သူများ၊ ပညာရှင်များအပါအဝင် Stakeholders များက လေ့လာဆန်းစစ်ပြီး ဆောင်ရွက်သွားသင့်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
(ဃ) ဦးအောင်ကျော်မင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ၏ တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးသွင်းအားစုများ၊ နည်းပညာပံ့ပိုးမှုများနှင့် စွမ်းအင်လိုအပ်ချက်များ ဖြည့်ဆည်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း က အစိုးရ၊ လွှတ်တော်နှင့် တောင်သူများ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တောင်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံတော်စားရေရိက္ခာဖူလုံရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ကော်မတီများ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခြင်း
၅။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ ဘဏ်များ၊ ငွေကြေး၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီနှင့် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီများ ဖွဲ့စည်းရေးနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ က လွှတ်တော်သို့ ရှင်းလင်းပြောကြားပါသည်။
ဘဏ်များ၊ ငွေကြေး၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်ပြခြင်း၊ အတည်ပြုချက်ရယူခြင်းနှင့် ဖွဲ့စည်းကြောင်း ကြေညာခြင်း
၆။ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးစိုးမြင့်အောင် က ဘဏ်များ၊ ငွေကြေး၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။
၇။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ ဘဏ်များ၊ ငွေကြေး၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၁၅)ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ဒေါ်ကျော့ယဉ်ဝင်း အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) ဒေါ်အေးချမ်းမုံ အားလည်းကောင်း တာဝန်ပေးအပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တင်ပြပါသည်။
၈။ ဘဏ်များ၊ ငွေကြေး၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ ဘဏ်များ၊ ငွေကြေး၊ စီမံကိန်း၊ ဘဏ္ဍာရေး၊ စီးပွားရေးနှင့် ကုန်သွယ်ရေးလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်းသည့် တင်ပြချက်ကိုလည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်ပြခြင်း၊ အတည်ပြုချက်ရယူခြင်းနှင့် ဖွဲ့စည်းကြောင်း ကြေညာခြင်း
၉။ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးကြီးဆန်းသွင် က ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။
၁၀။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၅)ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌ အဖြစ် ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ဦးခင်မောင်တင့် အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်နီနီမာ အားလည်းကောင်း တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တင်ပြပါသည်။
၁၁။ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင်ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို လည်းကောင်း၊ ပို့ဆောင်ဆက်သွယ်ရေး၊ ဒီဂျစ်တယ်နှင့် သိပ္ပံနည်းပညာကော်မတီဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်းသည့် တင်ပြချက်ကို လည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ အမည်စာရင်းတင်ပြခြင်း၊ အတည်ပြုချက်ရယူခြင်းနှင့် ဖွဲ့စည်းကြောင်း ကြေညာခြင်း
၁၂။ တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်အောင် က တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့် စပ်လျဉ်း၍ လွှတ်တော်သို့ ရှင်းလင်းတင်ပြပါသည်။
၁၃။ ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇၊ ၂၀၁၅ ခုနှစ်၊ အမျိုးသား လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၁၀၆ နှင့် ၁၀၇ တို့အရ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ် အေးချမ်းရေးဆိုင်ရာကော်မတီကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၁၅)ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် တပ်မတော်သားကိုယ်စားလှယ် ဗိုလ်မှူးချုပ်အောင်အောင် အားလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) ဦးဇော်ဇော်မြင့် အား လည်းကောင်း တာဝန်ပေးအပ် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း တင်ပြပါသည်။
၁၄။ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီတွင် ပါဝင်မည့် အဖွဲ့ဝင် ဦးရေ၊ အဖွဲ့ဝင်များ၏ အမည်စာရင်း၊ ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကိုလည်းကောင်း၊ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးဆိုင်ရာကော်မတီ ဖွဲ့စည်းခြင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းတို့နှင့်စပ်လျဉ်းသည့် တင်ပြချက်ကိုလည်းကောင်း အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
အဆိုတင်သွင်းခြင်း၊ အဆုံးအဖြတ်ရယူခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၁၅။ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဦးရန်နိုင်ဦး က ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်တစ်ဝန်းရှိ တက္ကသိုလ်အသီးသီးတွင် ဘွဲ့/ဒီဂရီရရှိခဲ့သည့် လူငယ်များအား ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက အလုပ်ခန့်အပ်ပေးရန်အတွက် အရည်အချင်းသတ်မှတ်ချက်များနှင့်တကွ အလုပ်လျှောက်ထားရန် ခေါ်ယူခြင်းကိစ္စအပေါ် နိုင်ငံတော်နှင့် လူငယ်များ၏ အနာဂတ်အတွက် ဖြေလျှော့စဉ်းစားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းပြီး လက်ခံဆွေးနွေးရန် သင့် မသင့် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူသဖြင့် ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
၁၆။ အစည်းအဝေးကို ၁၂:၅၅ နာရီ အချိန်တွင် ရပ်နားပြီး (၁၁)ရက်မြောက်နေ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက် (တနင်္လာနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်