တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၁ ရက်မြောက်နေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်)
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးရဲရင့်စိုးညွန့်
မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာအနီးရှိ ငမိုးရိပ်ရေလှောင်တမံမှ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ ရန်ကုန်မြို့တော်နေ ပြည်သူလူထုအတွက် သောက်သုံးရေ နေ့စဉ်ရေဂါလံ သန်း (၁၃၀) ကို ပေးဝေလျက်ရှိပါသည်။ သောက်သုံးရေပေးဝေရာတွင် မြေသားမြောင်း(Open Channel) ဖြင့် ရေသွယ်ယူ၍ အထယုကျေးရွာအနီးရှိ ညောင်နှစ်ပင်ရေသန့်စက်ရုံသို့ တစ်ရက်လျှင် ဂါလံသန်း(၉၀)နှင့် အမှတ်(၃) လမ်းပေါ်ရှိ အောင်တံခွန်ရေတွန်းစက်ရုံများသို့ ပေးပို့လျက်ရှိပါသည်။
မြေသားမြောင်းအရှည်(၂၁)မိုင်ကျော် ရေပေးဝေရသဖြင့် ရေအလေအလွှင့်ဆုံးရှုံးမှုများပြားပြီး လမ်းခရီးတွင် စပါးစိုက်ခင်းများ၊ ငါးကန်များ၊ စက်ရုံအလုပ်ရုံများ၊ ကျေးရွာစွန့်ပစ်အမှိုက်များ စသည်ဖြင့် အညစ်အကြေးများဝင်ရောက်နိုင်သဖြင့် သောက်သုံးရေအဖြစ် ရေသန့်စင်ရာတွင် ကုန်ကျစရိတ်များပြားနိုင်ပါသည်။ သို့ဖြစ်ပါ၍ “ငမိုးရိပ်တမံမှ ညောင်နှစ်ပင်ရေသန့်စက်ရုံသို့ ရေပိုက်လိုင်းသွယ်တန်းပြီး ရေရယူမည့် အစီအစဉ်ရှိ/မရှိ အစီအစဉ်ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်၊ အစီအစဉ်မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို ပြန်ကြားပေးနိုင်ပါရန် ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းတင်ပြအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၁ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်)
ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးရဲရင့်စိုးညွှန့် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော် ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျား မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်။ ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီးဦးဗိုလ်ဗိုလ်ကျော် ဖြစ်ပါတယ်။ အချက်အလက်များဖြင့် တင်ပြနိုင်ရန်အတွက် Power Point အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။
အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးရဲရင့်စိုးညွန့်၏ လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာအနီးရှိ ငမိုးရိပ်ရေလှောင်တမံမှ ညောင်နှစ်ပင်ရေသန့်စက်ရုံသို့ ရေပိုက်လိုင်းသွယ်တန်းပြီး ရေရယူမည့်အစီအစဉ် ရှိ/ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်အချိန်တွင်ဆောင်ရွက်ပေးမည်နှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်းမေးခွန်းနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဖြေကြားချက်နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမှာဖြစ်ပါတယ်။
လှည်းကူးမြို့နယ်၊ ဖောင်ကြီးကျေးရွာအနီး၊ တမံအလျား(၁၅၅၀၀)ပေ၊ တမံအမြင့်(၇၅) ပေရှိသည့် ငမိုးရိပ်ရေလှောင်တမံကို လှည်းကူးမြို့နယ်နှင့် ဒဂုံမြို့သစ်မြို့နယ်များရှိလယ်မြေများသို့ နွေစပါးရေပေးဝေရန်နှင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့တစ်နေ့လျှင်ရေဂါလန် (၉၀)သန်း ပေးဝေနိုင်ရန်ရည်ရွယ်၍ ၁၉၉၅ ခုနှစ်တွင် တည်ဆောက်ခဲ့ပါတယ်။
တမံတည်ဆောက်ခြင်းနှင့်စိုက်ပျိုးရေးရေပေးဝေနိုင်ရန် ရေသာက်စနစ်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တည်ဆောက်ခဲ့ပြီး သောက်သုံးရေပေးဝေရေးလုပ်ငန်းများကို ရန်ကုန်မြို့တော်စည်ပင် သာယာရေး ကော်မတီမှ တာဝန်ယူဆောင်ရွက်ခဲ့ပါတယ်။
ငမိုးရိပ်ရေလှောင်တမံ၏ ကန်ရေပြည့်ရေလှောင်ပမာဏမှာ (၁၈၀၀၀၀) ဧကပေ ဖြစ်ပြီးငမိုးရိပ်ရေလှောင်တမံ၏ ရေကူရေလှောင်တမံများဖြစ်သော ပေါင်းလင်းရေလှောင်တမံတွင် ရေပမာဏ (၁၁၉၂၀၀) ဧကပေကိုလည်းကောင်း၊ မဟူရာရေလှောင်တမံတွင် ရေပမာဏ(၅၄၀၀၀) ဧကပေကိုလည်းကောင်း သိုလှောင်ထားပြီး စုစုပေါင်း (၃၅၃၂၀၀) ဧကပေကို သိုလှောင်ထားရှိပါတယ်။
ငမိုးရိပ်ရေလှောင်တမံနှင့် ရေကူတမံများမှ လယ်မြေဧရိယာ (၃၀၅၆၇) ဧကကိုနွေစပါး ရေပေးဝေလျက်ရှိပြီး ရန်ကုန်မြို့တော် သောက်သုံးရေအတွက် ရေဂါလန် (၁၃၀)သန်းကို နေ့စဉ်ပေးဝေလျက်ရှိပါတယ်။
သောက်သုံးရေပေးဝေရာတွင် ငမိုးရိပ်ရေလှောင်တမံ၏ ပင်မတူးမြောင်းမကြီး ပေတိုင်(၈၂၀၀၀) ရှိ ရေခွဲအဆောက်အအုံအထိ အလျား (၁၅.၅)မိုင်နှင့် ရေခွဲအဆောက်အအုံမှ ညောင်နှစ်ပင်ရေသန့်စက်ရုံအထိ အလျား (၆) မိုင်၊ စုစုပေါင်း (၂၁.၅) မိုင်ကိုမြေသားတူးမြောင်းဖြင့် ရေပေးဝေလျက်ရှိပါတယ်။
ယခုအခါ မြေသားမြောင်း ရေရယူရာတွင် ရေအရည်အသွေး ပိုမိုကောင်းမွန်စေရန်နှင့် ရေပမာဏပိုမိုရောက်ရှိစေရေးအတွက် ယခင်ရယူခဲ့သော မြေသားမြောင်းအစား ရေပိုက်လိုင်းစနစ်ဖြင့် ရေဂါလန် (၁၈၀) သန်း သွယ်တန်းရယူနိုင်ရန်အတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ လုပ်ငန်းဆောင်ရွက်ရန်ဖြစ်မြောက်နိုင်စွမ်း ရှိ/ မရှိဆန်းစစ်လေ့လာခဲ့ပြီး လုပ်ငန်းဆောင်ရွက်ရန် ဖြစ်မြောက်နိုင်စွမ်းရှိသဖြင့် ရန်ပုံငွေတင်ပြတောင်းခံပြီး ဆောင်ရွက်ရန် လျာထားစီမံလျက်ရှိကြောင်း သိရှိရပါတယ်။
ငမိုးရိပ်ရေလှောင်တမံမှ ညောင်နှစ်ပင်ရေသန့်စက်ရုံသို့ သောက်သုံးရေပေးဝေသည့် လမ်းကြောင်းပြမြေပုံ ဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်များအရ ငမိုးရိပ်ရေလှောင်တမံမှ (၁)ရက်လျှင် ရေဂါလန် (၁၈၀)သန်း ရယူနိုင်မည့် ရေယူအဆောက်အဦအသစ်တစ်ခု တည်ဆောက်ခြင်း၊ အချင်း (၇.၈) ပေ၊ အလျား (၀.၅၆) မိုင်ခန့်ရှိသည့် ရေယူဥမင်လိုဏ်တစ်ခုတည်ဆောက်ခြင်း၊ ရေဂါလန် (၁၈၀)သန်း ပေးပို့နိုင်သော 4 MVA စွမ်းအားရှိ ရေတွန်းစက်ရုံနှင့် ဓာတ်အားခွဲရုံ တည်ဆောက်ခြင်း၊ အချင်း (၈.၈) ပေ၊ အလျား (၁.၂) မိုင်ခန့် ရှိသည့် ရေခေါ်ဥမင်လိုဏ်တစ်ခု တည်ဆောက်ခြင်း၊ အချင်း (၇.၈) ပေ၊ အလျား (၁၀) မိုင်ခန့်ရှိသည့် ရေပိုက်လိုင်းတစ်ခုတည်ဆောက်ခြင်း စသည့်လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါတယ်။
သို့ဖြစ်ပါ၍ တိုင်းဒေသကြီးအစိုးရအဖွဲ့အစီအစဉ်ဖြင့် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ဘဏ္ဍာနှစ်အလိုက် တိုင်းဒေသကြီးရန်ပုံငွေတောင်းခံပြီး ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်