တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၁ ရက်မြောက်နေ့
(၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်)
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဦးခင်မောင်ဝင်း
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်၊ စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ လယ်ယာလုပ်ငန်းများတွင် မြေပြုပြင်ချိန်နှင့် ရိတ်သိမ်းချိန်များအတွက် ပုဂ္ဂလိကစက်ယန္တရားများကိုသာ ငှားရမ်းအသုံးပြုနေရပါသည်။ ဈေးနှုန်းသက်သာမှုမရှိသည့်အပြင် အချိန်အခါနှင့်ဆောင်ရွက်နိုင်ခြင်းမရှိဖြစ်နေရပါသည်။ နိုင်ငံတော်စက်မှုလယ်ယာဌာနမှ စက်ယန္တရားများဖြင့် ကူညီဆောင်ရွက်ပေးပါက ပိုမိုတိုးတက်အောင်မြင်လာမည်ဖြစ်ပါသည်။ အချိန်အခါမီ မရိတ်သိမ်းနိုင်သောကြောင့် လေလွှင့်ဆုံးရှုံးမှုများဖြစ်ပေါ်နေပါသည်။ လုပ်သားရှားပါးမှုကြောင့် စက်ယန္တရားကိုသာ အားကိုးနေရပါသည်။
သို့ဖြစ်ပါ၍ စက်မှုလယ်ယာဌာနမှ စက်ယန္တရားများ စီမံဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိ မေးမြန်းတင်ပြအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၁ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၂၉ ရက်)
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဦးခင်မောင်ဝင်း
မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများခင်ဗျာ-
မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သပါကြောင်းနှင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးခင်ဗျာ အချက်အလက်များနှင့် တင်ပြနိုင်ရန်အတွက် Power Point အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်း၏ မေးခွန်းနှင့်ပတ်သက်၍ ဖြေကြားသွားမှာဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း ထွန်ယက်ရေးလုပ်ငန်းအနေနဲ့ မြစ်သားမြို့နယ်တွင် ဌာနပိုင်ထွန်စက်ကြီး (၂၃) စီးသာရှိပြီး တောင်သူပိုင်ထွန်စက်ကြီး (၂၈၉) စီးနှင့် တောင်သူပိုင်လက်တွန်းထွန်စက် (၁၇၃၅) စီးရှိပါတယ်။ မိုးစပါးစိုက်ဧက (၅၅၄၈၅) ၏ (၉၉.၅%) ဖြစ်သည့် (၅၅၂၀၀)ဧကကို စက်ကိရိယာများအသုံးပြုပြီး မြေပြုပြင်ပေးနိုင်စွမ်းရှိပါတယ်။ စဉ့်ကိုင်မြို့နယ်မှာလည်း ဌာနပိုင်ထွန်စက်ကြီး (၁၃) စီးသာရှိပြီး တောင်သူပိုင်ထွန်စက်ကြီး (၁၀၅) စီးနှင့် တောင်သူပိုင်လက်တွန်းထွန်စက်(၁၁၅၁) စီးရှိပါတယ်။ မိုးစပါးစိုက်ဧက(၂၉၃၆၂)၏ (၈၁%) ဖြစ်သည့် (၂၄၀၃၅) ဧကကို စက်ကိရိယာများအသုံးပြုထွန်ယက်နိုင်ပြီး ရာနှုန်းပြည့်ဆောင်ရွက်နိုင်ရန် ထွန်စက်ကြီး (၃၂) စီး၊ လက်တွန်းထွန်စက် (၂၇၆)စီး လိုအပ်မှာဖြစ်ပါတယ်။ အလားတူ ကျောက်ဆည်မြို့နယ်မှာလည်း ဌာနပိုင်ထွန်စက်ကြီး(၁၀)စီးသာရှိပြီး တောင်သူပိုင်ထွန်စက်ကြီး (၂၄၉)စီးနှင့် တောင်သူပိုင်လက်တွန်း ထွန်စက်အစီး(၅၄၀)ရှိပါတယ်။ မိုးစပါးစိုက် ဧက(၅၂၃၃၄)၏ (၇၁%) ဖြစ်သည့် (၃၇၂၇၅)ဧကကို စက်ကိရိယာများ အသုံးပြုထွန်ယက်နိုင်ပြီး ရာနှုန်းပြည့်ဆောင်ရွက်ရန် ထွန်စက်ကြီး(၈၃)စီး၊ လက်တွန်းထွန်စက်(၇၁၁)စီး လိုအပ်မှာဖြစ်ပါတယ်။
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ရိတ်သိမ်းခြွေလှေ့ရေးလုပ်ငန်းအနေဖြင့် မြစ်သားမြို့နယ်တွင် မိုးစပါးရိတ်သိမ်းခြွေလှေ့ရာတွင်လည်း ဌာနပိုင်ရိတ်သိမ်းခြွေလှေ့စက် (၁၀)စီး၊ နယ်မြေခံတောင်သူပိုင်ရိတ်သိမ်းခြွေလှေ့စက် (၁၀၇)စီး၊ ပြင်ပမြို့နယ်များမှ လာရောက်သည့်ရိတ်သိမ်းခြွေလှေ့စက် (၇၂) စီး စုစုပေါင်း (၁၈၉)စီးဖြင့် မိုးစပါးစိုက်ဧက(၅၅၄၈၅)၏ (၈၉.၂၁%)ဖြစ်သည့် (၄၉၅၀၀)ဧက ရိတ်သိမ်းနိုင်၍ ရာခိုင်နှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ရန်အတွက် ရိတ်သိမ်းခြွေလှေ့စက်(၂၀) စီး လိုအပ်မှာဖြစ်ပါတယ်။ စဉ့်ကိုင်မြို့နယ်တွင် မိုးစပါးရိတ်သိမ်းခြွေလှေ့ရာတွင် ဌာနပိုင်ရိတ်သိမ်းခြွေလှေ့စက်(၃)စီးရှိပြီး နယ်မြေခံတောင်သူပိုင်ရိတ်သိမ်းခြွေလှေ့စက်(၁၈)စီး၊ ပြင်ပမြို့နယ်များမှလာရောက်သည့် ရိတ်သိမ်းခြွေလှေ့စက်(၇၄)စီး စုစုပေါင်း (၉၅)စီးနှင့် မိုးစပါးစိုက်ဧက(၂၉၃၆၂)၏ (၇၁.၈၆ % )ဖြစ်သည့် (၂၁၁၀၀)ဧက ရိတ်သိမ်းနိုင်သောကြောင့် ရာနှုန်းပြည့်ရိတ်သိမ်းခြွေလှေ့ရန် ရိတ်သိမ်းခြွေလှေ့စက်(၂၈)စီး လိုအပ်မှာဖြစ်ပါတယ်။ အလားတူ ကျောက်ဆည်မြို့နယ်တွင် မိုးစပါးရိတ်သိမ်းခြွေလှေ့ရာတွင် ဌာနပိုင်ရိတ်သိမ်းခြွေလှေ့စက်(၆)စီးသာရှိပြီး နယ်မြေခံတောင်သူပိုင်ရိတ်သိမ်းခြွေလှေ့စက်(၄၇)စီး၊ ပြင်ပမြို့နယ်များမှလာရောက်သည့် ရိတ်သိမ်းခြွေလှေ့စက် (၁၀၁)စီး စုစုပေါင်း(၁၅၄)စီးဖြင့် မိုးစပါးစိုက်ဧက (၅၂၃၃၄)၏ (၆၈.၉၈%)ဖြစ်သည့် (၃၆၁၀၀)ဧက ရိတ်သိမ်းနိုင်သောကြောင့် ရာနှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ရန် ရိတ်သိမ်းခြွေလှေ့စက် (၅၄)စီးလိုအပ်မှာဖြစ်ပါတယ်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (၂၀၂၆-၂၀၃၀)တွင် မဏ္ဍိုင်-၂ ထုတ်လုပ်မှုစွမ်းအားတိုးတက်ရေး၌ “စက်မှုလယ်ယာဦးစီးဌာန၏ လယ်ယာဝန်ဆောင်မှုလုပ်ငန်းများကို တောင်သူများနှင့် ပုဂ္ဂလိကကဏ္ဍသို့ စနစ်တကျ တဖြည်းဖြည်းချင်း လွှဲပြောင်းပေးခြင်း၊ စက်ကိရိယာများကို တောင်သူများနှင့် ပုဂ္ဂလိကကဏ္ဍသို့ တစ်ဆင့်ခံရောင်းချခြင်း လွှဲပြောင်းနေစဉ်ကာလအတွင်း ပုဂ္ဂလိကဝန်ဆောင်မှုရယူရန် ခက်ခဲသောတောင်သူများအတွက် လုပ်ငန်းခွင်အဆင်ပြေစေရန် လိုအပ်သည့် လယ်ယာဝန်ဆောင်မှုများကို ဌာနမှဆက်လက်ဖြည့်ဆည်းပံ့ပိုးခြင်း”စသည့်လုပ်ငန်းစဉ်များကို စိမံဆောင်ရွက်ပြီး ဌာနမှဝန်ဆောင်မှုပေးနေသည့်စနစ်အစား တောင်သူစက်နှင့် ပုဂ္ဂလိကဝန်ဆောင်မှုလုပ်ငန်းရှင်များ၏ စက်များဖြင့်ဆောင်ရွက်သည့်စနစ်ကို ကူးပြောင်းအကောင်အထည်ဖော်ဆောင်ရွက်မည့် မူဝါဒချမှတ်ခဲ့ပါသည်။
ထို့ကြောင့် ဒေသတွင်း စိုက်ပျိုးရေးလုပ်ငန်းများတွင် လယ်ယာသုံးစက်ကိရိယာများ အပြည့်အဝအသုံးချပြီး မြေပြုပြင်ထွန်ယက်ခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းများဆောင်ရွက်ရန်အတွက် တောင်သူများလယ်ယာသုံးစက်ကိရိယာများ ပိုမိုပိုင်ဆိုင်မှုရှိလာစေရန် စက်မှုလယ်ယာဉီးစီးဌာနက ပြင်ပရောင်းစျေးများထက် ပိုမိုသက်သာသောစျေးနှုန်းဖြင့် လက်ငင်းရောင်းချသည့်စနစ်ဖြင့်လည်းကောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က အရစ်ကျစနစ်များဖြင့်လည်းကောင်း၊ ပုဂ္ဂလိကလယ်ယာသုံးစက်ကိရိယာရောင်းချတဲ့ကုမ္ပဏီများက အာမခံအရစ်ကျစနစ်များဖြင့်လည်းကောင်း၊ တောင်သူများသို့ ရောင်းချပေးလျက်ရှိပါတယ်။ ဒါ့အပြင် ဒေသအစိုးရများ၏ လိုအပ်ချက်အရ မိမိဝန်ကြီးဌာနသို့ လက်ငင်းငွေချေစနစ်ဖြင့် ဝယ်ယူလိုသောစက်မှု လယ်ယာသုံးပစ္စည်းများကို နိုင်ငံဘဏ္ဍာရရှိမှုပေါ်မူတည်၍ ဆက်လက်တင်သွင်းဖြန့်ဖြူးရောင်းချပေးနိုင်ပါကြောင်း တင်ပြအပ်ပါတယ်။
ဒါ့အပြင် လယ်ယာသုံးစက်ပစ္စည်းကိရိယာများ၊ အပိုပစ္စည်းများ ပြည်ပမှတင်သွင်းရာမှာ သွင်းကုန်လိုင်စင်ရရှိရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လယ်ယာသုံးစက်ပစ္စည်းများဖြစ်ကြောင်းကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသို့ ထောက်ခံပေးပို့လျက်ရှိပြီး၊ တောင်သူများလယ်ယာသုံးစက်ပစ္စည်းကိရိယာများအား စျေးနှုန်းချိုသာစွာ ဝယ်ယူအသုံးပြုနိုင်ရေး အကောက်ခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်အတွက် စက်မှုလယ်ယာဉီးစီးဌာနက လယ်ယာသုံးစက်ပစ္စည်းကိရိယာများ ဖြစ်ကြောင်းကို အကောက်ခွန်ဉီးစီးဌာနသို့ ထောက်ခံပေးပို့လျက်ရှိပါသည်။
နယ်မြေအလိုက် စက်ပိုင်ဆိုင်သူများကိုစုစည်းပြီး လယ်ယာသုံးစက်ကိရိယာဝန်ဆောင်မှုအသင်းများ ဖွဲ့စည်းဆောင်ရွက်နိုင်ပါက ဝန်ဆောင်ခနှုန်းထားများ ညှိနှိုင်းသတ်မှတ်ခြင်းနှင့် လယ်ယာသုံးစက်ကိရိယာစီမံခန့်ခွဲမှုများ စနစ်တကျဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။
စက်မှုလယ်ယာဦးစီးဌာနက လယ်ယာဝန်ဆောင်မှု ဆောင်ရွက်နေတဲ့ ဌာနပိုင်စက်များကို အသုံးပြုဆောင်ရွက်လိုပါက သက်ဆိုင်ရာကျေးရွာအလိုက် မြေပြုပြင်မည့်ဧက၊ ရိတ်သိမ်းခြွေလှေ့ပေးရမည့်ဧကများတွက်ချက်၍ ဌာနမှသတ်မှတ်ထားသော ဝန်ဆောင်ခနှုန်းထားများအတိုင်း မိမိတို့မြို့နယ်အသီးသီးရှိ စက်မှုလယ်ယာစခန်းတွေမှာ ကျသင့်ငွေပေးသွင်းပြီး ဝန်ဆောင်မှုများ ရယူဆောင်ရွက်နိင်ပါတယ်။ စက်မှုလယ်ယာစခန်းတွေမှာရှိတဲ့ စက်ကိရိယာအရေအတွက်ပေါ်မူတည်၍ တန်းစီဇယားအရ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အဆိုပါမြို့နယ်(၃)ခုမှာ လယ်ယာလုပ်ငန်းများ၌ လယ်ယာစိုက်ပျိုးချိန်တွင် မြေပြင်ရန် လယ်ထွန်စက်နှင့် ရိတ်သိမ်းချိန်အတွက် ရိတ်သိမ်းခြွေလှေ့စက်များကို စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် လုံလောက်အောင်စီစဉ်ပေးရန် ဆောင်ရွက်နိုင်မှုမရှိပါကြောင်းနှင့် နယ်မြေအလိုက် စက်ပိုင်ဆိုင်သူများပါဝင်တဲ့ ပုဂ္ဂလိကလယ်ယာသုံး စက်ကိရိယာဝန်ဆောင်မှုအသင်းများဖွဲ့စည်းနိုင်ရေး အားလုံးဝိုင်းဝန်းစည်းရုံးဆောင်ရွက်ပြီး ပုဂ္ဂလိကပိုင် စက်ကိရိယာများ ပါဝင်သုံးစွဲမှသာ စက်မှုလယ်ယာကူးပြောင်းရေးလုပ်ငန်းများကို အပြည့်အဝဆောင်ရွက်နိုင်မှာဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။
အားလုံးကိုကျေးဇူးတင်ပါတယ်။