နေပြည်တော်၊ ဇူလိုင် ၂
အမျိုးသားလွှတ်တော်၊ အစိုးရ၏အာမခံချက်များ၊ ကတိများနှင့်တာဝန်ခံချက်များ စိစစ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၂/၂၀၂၆) ကို ၂-၇-၂၀၂၆ ရက်နေ့ (၁၂:၄၀) နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော်ရေးရာဆောင်အမှတ် (I-20) အစည်းအဝေးခန်းမ၌ကျင်းပပါသည်။
ဦးစွာ ကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး အတွင်းရေးမှူးက ကော်မတီ၏ ဆောင်ရွက်မည့်လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပါသည်။ ယင်းနောက် ကော်မတီဝင်များက တတိယအကြိမ်အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် တင်သွင်းမေးမြန်းခဲ့သည့် ကြယ်ပွင့်ပြမေးခွန်းများ၊ ကြယ်ပွင့်မပြမေးခွန်းများ၊ အဆိုများနှင့်စပ်လျဉ်း၍ ကော်မတီကဖွဲ့စည်းပေးထားသည့် သက်ဆိုင်ရာအဖွဲ့များက ကတိဖြစ်/မဖြစ် ဆွေးနွေးတင်ပြပြီး ကော်မတီ၏ အတည်ပြုမှတ်တမ်းတင်ခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ပါသည်။
ထို့နောက် ကော်မတီဥက္ကဋ္ဌက ဆွေးနွေးမှုများအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်စကားပြောကြားကာ အစည်းအဝေးကို (၁၃:၅၀) နာရီတွင် ရုပ်သိမ်းခဲ့ပါသည်။
အဆိုပါ အစည်းအဝေးသို့ ကော်မတီဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မတီဝင်များနှင့်ကော်မတီရုံးမှ တာဝန်ရှိသူဝန်ထမ်းများ တက်ရောက်ခဲ့ကြပါသည်။