တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၂ ရက်မြောက်နေ့
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)
ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) မှ နန်းိုးစိန်
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
ကျွန်မတို့မြို့နယ်တွင်းရှိ တောတောင်သဘာဝမြင့်မားသော တောင်ကုန်းတောင်တန်းများဖြင့်တည်ရှိရာ၊ ကျွန်မတို့သွေးချင်းတိုင်းရင်းသားများ၏ နေထိုင်ရာအရပ်များသည် တောင်ပေါ်ဒေသတွင်နေထိုင်ကြသော ရှမ်း၊ လားဟူ၊ ပလောင်၊ လီဆူ၊ လွယ် တိုင်းရင်းသားများအတွက် လမ်းပန်းဆက်သွယ်ရေး လွန်စွာခက်ခဲကြပါတယ်။ ကျွန်မတို့ကိုယ်တိုင် ၎င်းတို့နေထိုင်ရာဒေသသို့ အချို့မြင့်မားလွန်းသောနေရာများထံ ဆိုင်ကယ်ဖြင့်သွားခဲ့ရာ လွန်စွာစိုးရိမ်ကြောက်လန့်မိပါတယ်၊ ဒေသခံပြည်သူများအတွက် စိတ်မကောင်းဖြစ်မိပါတယ်၊ ကိုယ်ချင်းစာစိတ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်မအနေဖြင့် ၎င်းတို့အတွက် လိုအပ်နေသော ရွာချင်းဆက်ကူးလူးဆက်သွယ်ရေးနှင့် ၎င်းတို့စိုက်ပျိုးထားသော ရာသီစိုက်ပျိုးပင်များဖြစ်သည့် ပြောင်းဖူး၊ လက်ဖက်၊ စပါး၊ စားပင်သီးပင်များ သယ်ယူပို့ဆောင်ရောင်းချခြင်းသော်လည်းကောင်း၊ လူမမာများအရေးပေါ် မွေးလူနာများကျန်းမာရေးအတွက် မြို့ပေါ်ဆေးရုံဆေးခန်းများသို့ အချိန်မီဆေးကုသခွင့်ရရှိခြင်းအတွက် လိုအပ်သောဆိုင်ကယ်လမ်း(၃၀)မိုင်ခန့်ရှိကြောင်းသိရှိရ၍ မိုင်းပျဉ်းမြို့နယ် ဆင်မောင်းကျေးရွာမိုင်(၂၀) အောက်ရွာ ပန်မော်မှ၊ ဖာလိတ်၊ ကျုရှို၊ ခမ်းမိုက်ဆော့၊ လွယ်သိုး၊ ပျက်ကန့်၊ ရှမ်းကုန်းဆာ ထိကျေးရွာကုန်ထုတ် မြေသားဆိုင်ကယ်လမ်းကို ၎င်းတို့ကျေးရွာသူ/သားများ ကိုယ်ထူကိုယ်ထလမ်းကြမ်းများ ဖောက်လုပ်လျက်ရှိပါသော်လည်း လူအင်အားနှင့်ဖြစ်၍ လိုအပ်သလောက် ခရီးမပေါက်ပြည့်စုံမှုမရှိသေး၍ စက်ယန္တယားများဖြင့် ဖောက်လုပ်ပေးနိုင်ရန် တောင်ပေါ်တိုင်းရင်းသားများ၏ မျှော်လင့်ချက်ကို မေတ္တာရှေ့ထားပြီး ရိုသေစွာတင်ပြတောင်းခံအပ်ပါတယ်ရှင်။ ဆိုင်ကယ်မြေသားလမ်း ဖောက်လုပ်ပေးနိုင်ရန် ရှိ/မရှိ သိရှိလိုပါ၍ မေးမြန်း တင်ပြရခြင်းဖြစ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၂ ရက်မြောက်နေ့
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)
ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) မှ နန်းိုးစိန် မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသိုက်စိုး၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ကျွန်တော်ကတော့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသိုက်စိုးဖြစ်ပါတယ်။
နန်းဝိုးစိန်၊ ရှမ်းပြည်နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၂) ၏ ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ ဆင်မောင်ကျေးရွာအုပ်စု၊ မိုင် (၂၀) အောက်ရွာ ပန်မော်မှ ဖာလိပ်၊ ပန်မုံ၊ ကျူရှို၊ ခမ်းမိုက်ဆော့၊ လွယ်သိုး၊ ပျက်ကန့်၊ ရှမ်းကုန်းဆာအထိ မြေသားလူသွားလမ်းအား လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆိုင်ကယ်များသွားလာနိုင်သောလမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ်ရှိ /မရှိ နှင့် စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ဖြေကြားခြင်းဖြစ်ပါတယ်။
Power Point အသုံးပြုခွင့်ပြုနိင်ရန် တင်ပြအပ်ပါတယ်။
ယခုတင်ပြပါပုံကတော့ မိုင်းပျဉ်းမြို့နယ်ရှိ ပန်မော်မှ ရှမ်းကုန်းဆာအထိ မြေသားလူသွားလမ်း မိုင်(၃၀) တည်နေရာပြ မြေပုံဖြစ်ပါတယ်။
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းပျဉ်းမြို့နယ်၊ ဆင်မောင်းကျေးရွာအုပ်စု၊ မိုင် (၂၀) အောက်ရွာ ပန်မော်မှ ဖာလိတ်၊ ပန်မုံ၊ ကျူရှို၊ ခမ်းမိုက်ဆော့၊ လွယ်တိုး၊ ပျက်ကန့်၊ ရှမ်းကုန်းဆာအထိ အရှည်မိုင်(၃၀)ခန့်ရှိသော မြေသားလူသွားလမ်းဖြစ်ပါတယ်။ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနပိုင် လမ်းစာရင်းအမည်ပေါက်မရှိသေးပါသဖြင့် ၂၀၂၆-၂၀၂၇ ခု ဘဏ္ဍာရေးနှစ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသောလမ်းအဖြစ် ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
ကျေးလက်လမ်းဦးစီးဌာနအနေဖြင့် မြေသားလမ်းဖောက်လုပ်မည်ဆိုပါက အကျယ် (၁၈) ပေမှ (၂၄) ပေကြား ဖောက်လုပ်ရပါတယ်။ အကျယ် (၁၈) ပေမှ (၂၄) ပေကြား မြေသားလမ်းဖောက်လုပ်ပေးမည်ဆိုပါက ရန်ပုံငွေရရှိမှုပေါ်မူတည်၍ တစ်နှစ်လျှင် (၂) မိုင်ခန့်သာ ဆောင်ရွက်ပေးနိုင်မည်ဖြစ်သည့်အတွက် အချိန်ကာလအားဖြင့် (၁၀)နှစ်ကျော် ကြာမြင့်မည်ဖြစ်ပါတယ်။ အဆိုပါလမ်းသည် ယခုအခါ အရှည်မိုင် (၃၀)၊ အကျယ် (၃)ပေခန့် ရှိပြီး ဆိုင်ကယ်များသာ သွားလာအသုံးပြုသည့်လမ်းဖြစ်ပါတယ်။ သို့သော်လည်း ဒေသခံပြည်သူလူထု ဆက်သွယ်သွားလာရေး ပိုမိုအဆင်ပြေလွယ်ကူစေရန် အကျယ်(၁၀)ရှိသော တစ်ကြောင်းထိုးဆိုင်ကယ်လမ်းဖောက်လုပ်ပေးသွားမည်ဖြစ်ပါတယ်။ မြေသားလမ်းအကျယ်(၁၈)ပေမှ(၂၄)ပေကြား ဖောက်လုပ်ရမည့်အစား အကျယ် (၁၀) ပေ တစ်ကြောင်းထိုးဆိုင်ကယ်ဖောက်လုပ်သည့်အတွက် ကုန်ကျစရိတ်သက်သာပြီး နိုင်ငံတော်ဘဏ္ဍာငွေ အလေအလွင့်မဖြစ်စေဘဲ အချိန်ကာလအားဖြင့် အချိန်တိုအတွင်း ဒေသခံပြည်သူများ သွားလာအသုံးပြုနိုင်မည်ဖြစ်ပါတယ်။ အဆိုပါ လမ်းဖောက်လုပ်မည်ဆိုပါက ခန့်မှန်းငွေကျပ်(၁၃၂၀) သန်း ကုန်ကျမည်ဖြစ်ပြီး ကျေးရွာ(၆၁)ရွာ၊ အိမ်ခြေ (၁၁၅၄)အိမ်၊ လူဦးရေ(၆၂၂၅) ဦးကို အကျိုးပြုမည်ဖြစ်ပါတယ်။
အဆိုပါလမ်းအား ပန်မော်ရွာမှစတင်၍ တစ်ကြောင်းထိုးဆိုင်ကယ်လမ်း(၅) မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းအား ဆောင်ရွက်ရန် ၂၀၂၇-၂၀၂၈ ခု ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လျာထားတင်ပြသွားမည်ဖြစ်ပြီး ရရှိရန်ပုံငွေပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်။
ဆက်လက်၍ ကျန်ရှိနေသောလမ်းပိုင်းအား လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ပေါင်းစပ်၍ ကျေးရွာအရေအတွက်၊ အိမ်ခြေ၊ လူဦးရေ၊ ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အကျိုးပြုနှုန်းအလိုက် လက်ရှိလိုအပ်မှု ဦးစားပေးရွေးချယ်မှုအပေါ် ဘဏ္ဍာရေးနှစ်အလိုက် ပြည်နယ် ငွေလုံးငွေရင်းရရှိရန်ပုံငွေအပေါ်မူတည်၍ ဆက်လက်လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်။