Share this

ဦးခင်မောင်မြင့်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဟွှေးကျေးရွာအုပ်စုရှိ၊ ဇော်ဂျီ-ကျောက်ဆည်ရေသောက် ဟွှေးစိုက်ပျိုးရေးကွင်း ဧက(၃၂၀)တွင် တောင်သူလယ်သမားများ(၁၂)လရာသီကာလပတ်လုံး ဆန်စပါးသီးနှံနှင့် အခြားသောသီးနှံများ စိုက်ပျိုးထုတ်လုပ်သယ်ယူပို့ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ကုန်ထုတ်လမ်းများ ဖောက်လုပ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်း၊

Friday, July 3, 2026 - 12:50
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Khin Maung Myint

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၂ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)

ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးခင်မောင်မြင့်

မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံးမင်္ဂလာပါခင်ဗျာ။

ကျွန်တော်ကတော့ ရှမ်းပြည်နယ်၊  အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇)မှ ဦးခင်မောင်မြင့်ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ရှမ်းပြည်တောင်ပိုင်း၊ ရပ်စောက်မြို့၊ ဟွှေးကျေးရွာအုပ်စုရှိ ဇော်ဂျီ ကျောက်ဆည်ရေသောက် ဟွှေးစိုက်ပျိုးရေးကွင်း ဧက (၃၂၀) တွင် ကုန်ထုတ်လမ်းများဖောက်ပေးနိုင်ရေးနှင့်စပ်လျဉ်းသည့်မေးခွန်းကို မေးမြန်းတင်ပြသွားမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျာ-

ရပ်စောက်မြို့နယ် ဟွှေးကျေးရွာအုပ်စု ဇော်ဂျီ ကျောက်ဆည်ရေသောက် ဟွှေးစိုက်ပျိုးရေးကွင်း ဧက (၃၂၀)တွင် တောင်သူလယ်သမား (၃၈)ဦးက အဓိကစိုက်ပျိုးရေးသီးနှံအဖြစ် စပါးစိုက်ပျိုးပြီး စပါးရိတ်သိမ်းပြီးပါက ပဲပုတ်၊ ကုလားပဲ၊ ပဲတီစိမ်း၊ နေကြာ၊ ကြက်သွန်ဖြူ စသည့် ရာသီသီးနှံများ စိုက်ပျိုးကြပါတယ်။ သီးနှံများ ထွက်ရှိချိန်တွင် ကုန်ထုတ်လမ်းမရှိ၍ သယ်ယူပို့ဆောင်ရာမှာများစွာ အခက်အခဲများကြုံတွေ့နေရပါတယ်။ ဟွှေးစိုက်ပျိုးရေးကွင်းသည် ရေမြေကောင်းသော စိုက်ပျိုးရေးကွင်းဖြစ်ပြီး ကုန်ထုတ်လမ်းများဖောက်လုပ်ဆောင်ရွက်ပေးခြင်းဖြင့် တောင်သူလယ်သမားများသည် နွေမိုးဆောင်း ရာသီ(၃)ပါး (၁၂)လ ကာလပတ်လုံး ရာသီသီးနှံများ အလှည့်ကျစိုက်ပျိုးထုတ်လုပ်နိုင်ပြီး တောင်သူလယ်သမားများ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပါတယ်။

လေးစားအပ်ပါသော ဥက္ကဋ္ဌကြီးခင်ဗျာ-

ရပ်စောက်မြို့နယ် ဟွှေးကျေးရွာအုပ်စု ဇော်ဂျီ ကျောက်ဆည်ရေသောက် ဟွှေးစိုက်ပျိုးရေးကွင်း ဧက(၃၂၀)တွင် တောင်သူလယ်သမားများ ရာသီ(၃)ပါး၊ (၁၂)လကာလပတ်လုံး အဓိကဆန်စပါးသီးနှံနှင့် အခြားသော ပဲမျိုးစုံ ဆီထွက်သီးနှံများ အောင်မြင်စွာ စိုက်ပျိုးထုတ်လုပ်သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကုန်ထုတ်လမ်းများကို သက်ဆိုင်ရာဝန်ကြီးဌာန၊ ဦးစီးဌာနများအနေဖြင့် ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ်များ ရှိ/မရှိ သိရှိလိုပါ၍ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာဖြင့် တင်ပြမေးမြန်းအပ်ပါတယ်ခင်ဗျာ။


တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၂ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)

ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) မှ ဦးခင်မောင်မြင့် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသိုက်စိုး ၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဦးစွာဆုမွန်ကောင်း တောင်းအပ်ပါတယ်။

ကျွန်တော်ကတော့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသိုက်စိုး ဖြစ်ပါတယ်။

ဦးခင်မောင်မြင့် ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၇) ၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဟွှေးကွေးရွာအုပ်စုရှိ ဇော်ဂျီ-ကျောက်ဆည်ရေသောက် ဟွှေးစိုက်ပျိုးရေးကွင်း ဧက (၃၂၀) တွင် တောင်သူလယ်သမားများ (၁၂) လရာသီကာလပတ်လုံး ဆန်စပါးသီးနှံနှင့် အခြားသောသီးနှံများ စိုက်ပျိုးထုတ်လုပ်သယ်ယူပို့ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ကုန်ထုတ်လမ်းများဖောက်လုပ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်ဖြေကြားခြင်းဖြစ်ပါတယ်။

Power Point အသုံးပြုခွင့် ပြုနိုင်ရန် တင်ပြအပ်ပါတယ်။

ရပ်စောက်မြို့နယ်၊ ဟွှေးကျေးရွာအုပ်စု၊ ဟွှေးကျေးရွာ ကုန်ထုတ်လမ်းသည် ဇော်ဂျီ-ကျောက်ဆည်ရေသောက် ဟွှေးစိုက်ပျိုးရေးကွင်း ဧရိယာအတွင်းရှိ တောင်သူလယ်သမားများ ၁၂ လတာ ကာလပတ်လုံး ဆန်စပါးနှင့် အခြားသောသီးနှံများ အောင်မြင်စွာစိုက်ပျိုးထုတ်လုပ် သယ်ယူပို့ဆောင်နိုင်ရေးအတွက် လိုအပ်သော အရှည် (၂) မိုင်ရှိ ကုန်ထုတ်လမ်းဖြစ်ပါတယ်။

အဆိုပါလမ်းပေါ်တွင် ၁၂ ပေ x ၁၅ ပေ x ၈ ပေ ကွန်ကရစ်တံတား ၁ စင်းနှင့် ၅ ပေ x ၂၂ ပေ x ၅ ပေ Slab Culvert ၂ စင်းကိုပါ ထည့်သွင်းတည်ဆောက်ရန် လိုအပ်မည်ဖြစ်ပါတယ်။

ကုန်ထုတ်လမ်းဆောင်ရွက်ပြီးပါက ဟွှေး-ဘန်ကွေးကျေးရွာချင်းဆက်လမ်းနှင့် လမ်းကွန်ယက်ချိတ်ဆက်အသုံးပြုနိုင်ပြီး ကျေးရွာ ၇ ရွာရှိ တောင်သူ ၄၁ ဦး၊ စိုက်ပျိုးမြေ ၃၄၅ ဧကအား အကျိုးပြုနိုင်မည်ဖြစ်ပါတယ်။

ကွင်းဆင်းစိစစ်မှုအရ ကုန်ထုတ်လမ်း၏ လက်ရှိလမ်းအကျယ်မှာ ပျမ်းမျှ ၈ ပေခန့်သာ ရှိကြောင်းတွေ့ရှိရပါတယ်။

ကုန်ထုတ်လမ်းဖောက်လုပ်ရန် လမ်းနယ်အကျယ် ၃၀ ပေ ပြည့်မီစေရန်အတွက် ကျေးရွာလမ်းကော်မတီမှ သက်ဆိုင်ရာတောင်သူများအား မြေနေရာရရှိစေရေးကို ညှိနှိုင်းဆောင်ရွက်ပြီးဖြစ်ပါတယ်။

၂၀၂၆-၂၀၂၇ ခု၊ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကြိုအင်ဂျင်နီယာလုပ်ငန်းများဖြစ်သည့် ကွင်းဆင်းတိုင်းတာခြင်း၊ လမ်းဒီဇိုင်းပုံထုတ်ခြင်းနှင့် အသေးစိတ်ခန့်မှန်း ခြေတွက်ချက်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

အဆိုပါလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးပါက လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့နှင့်ပေါင်းစပ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှုတို့အပေါ် ဦးစားပေးရွေးချယ်မှုတို့အရ အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု (သို့မဟုတ်) ပြည်နယ်ရရှိရန်ပုံငွေအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အတိုင်း လျာထားပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။