Share this

ဦးစိန်လွင်ဦး၊ ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)၏ "ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် စပါးအထွက်တိုးပြီး ဝင်ငွေတိုးတက်မှု ရရှိစေရန်နှင့် မြို့နယ်၏ စပါးအထွက်နှုန်း လျော့ကျမသွားစေရန် ဓာတ်မြေဩဇာကို အစိုးရ၏ သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးနိုင်ခြင်း ရှိ/မရှိနှင့် ရှိပါက မည်ကဲ့သို့ ဆောင်ရွက်ပေးမည်နှင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်း" နှင့်စပ်လျဉ်းသည့်မေးခွန်း။

Friday, July 3, 2026 - 13:00
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Sein Lwin Oo

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၂ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)

ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) မှ ဦးစိန်လွင်ဦး

မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း

 

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်သည် တောင်သူလုပ်ငန်းများကို အခြေခံသောမြို့နယ် ဖြစ်ပါသည်။ တောင်သူလယ်သမားများသည် မိမိလယ်ယာမြေမှ သီးနှံအထွက်တိုးအောင် ဓာတ်မြေဩဇာများကို နှစ်စဉ်သုံးစွဲလာခဲ့ရပါသည်။ ၂၀၂၅ ခုနှစ်တွင် ဓာတ်မြေဩဇာများ အလုံအလောက်ရရှိနိုင်မှုမရှိခြင်းကြောင့် လယ်ယာမြေစပါးစိုက်ခင်းများမှာ မြေဩဇာသုံးစွဲနိုင်မှု မရှိသလောက်ဖြစ်ခဲ့ရပါသည်။ ထို့ကြောင့် စပါးအထွက်နှုန်းလည်း လျော့နည်းခဲ့ပြီး လယ်သမားများမှာ လယ်ယာလုပ်ငန်းအတွက် ကုန်ကျစရိတ်ကြီးမြင့်မှုနှင့် စပါးအထွက်နှုန်းကျဆင်းခြင်းတို့ကြောင့် အခက်အခဲများစွာရှိလာခဲ့ရပါသည်။

၂၀၂၆ ခုနှစ် မိုးစပါးစိုက်ရာသီအချိန်တွင် တချို့သောလယ်သမားများမှာ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုမရှိခြင်းကြောင့် စပါးစိုက်ပျိုးနိုင်ခြင်းမရှိသလို၊ အချို့သော တောင်သူလယ်သမားများကလည်း စိုက်ပျိုးရင်းနှီးမှုကြီးမားပြီး ထွက်ရှိလာသော စပါးနှင့် ကိုက်ညီမှုမရှိခြင်းကြောင့် မစိုက်ပျိုးနိုင်သောလယ်ယာမြေများလည်းရှိနေပါသည်။ တောင်သူလယ်သမားများဟာ စပါးစိုက်ရင်းနှင့် မိသားစုစားဝတ်နေရေး ဆက်လက်ရှင်သန်မှု အခက်အခဲများစွာရှိနေပါသည်။ ထို့အတွက်ကြောင့် စပါးစိုက်တောင်သူလယ်သမားများ လျော့နည်းလာနိုင်သလို စပါးအထွက်နှုန်းလည်း လျော့ကျသွားနိုင်ပါသည်။

၁၀-၄-၂၀၂၆ ရက်နေ့တွင် နိုင်ငံတော်သမ္မတကြီးမှ ပြည်ထောင်စုလွှတ်တော်သို့ လာရောက်ပြောကြားသော မိန့်ခွန်းတွင် ပြည်သူများဆင်းရဲနွမ်းပါးမှုလျော့ချရေးနှင့် တောင်သူလယ်သမားဘဝမြှင့်တင်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားသည့်အတွက် ဝမ်းသာပီတိဖြစ်ရပါသည်။

ထို့ကြောင့် တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် ပျော်ရွှင်စွာအသက်မွေးဝမ်းကြောင်းပြုခြင်းဖြင့် စပါးအထွက်တိုးပြီး ဝင်ငွေတိုးတက်မှုရရှိစေရန်နှင့် မြို့နယ်၏စပါးအထွက်နှုန်း လျော့ကျမသွားစေရန် နိုင်ငံတော်အစိုးရမှ ဓာတ်မြေဩဇာကို အစိုးရဈေးနှုန်းဖြင့် လုံလုံလောက်လောက် တောင်သူလယ်သမားများအတွက် လွယ်ကူသက်သာစွာ သုံးစွဲနိုင်ရေး ရောင်းချပေးနိုင်ခြင်း ရှိ/မရှိနှင့် ရှိပါက ၂၀၂၆ ခုနှစ်၊ မိုးစပါးစိုက်ပျိုးရာသီအမီ မည်သို့မည်ပုံဆောင်ရွက်ပေးမည်ကို သိရှိလိုပါသည်။ ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကလည်း မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို လွှတ်တော်ဥက္ကဋ္ဌမှတစ်ဆင့် ရိုသေလေးစားစွာဖြင့် မေးမြန်းတင်ပြအပ်ပါသည်။

 


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၂ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)

ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) မှ ဦးစိန်လွင်ဦး

မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဦးသိုက်စိုး ၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ တက်ရောက်လာကြတဲ့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေကြောင်း ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်။

ကျွန်တော်ကတော့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဦးသိုက်စိုး ဖြစ်ပါတယ်။

ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)၊ ဦးစိန်လွင်ဦး၏ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် စပါးအထွက်တိုးပြီး ဝင်ငွေတိုးတက်မှုရှိစေရန်နှင့် မြို့နယ်၏စပါးအထွက်နှုန်းလျော့ကျမသွားစေရန် ဓာတ်မြေဩဇာများကို အစိုးရ၏ သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးနိုင်ခြင်း ရှိ/ မရှိနှင့် ရှိပါက မည်ကဲ့သို့ဆောင်ရွက်ပေးမည်နှင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် ကြယ်ပွင့်ပြမေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနနှင့် ပေါင်းစပ်ဖြေကြားခြင်းဖြစ်ပါတယ်။

Power Point အသုံးပြုခွင့်ပြုနိုင်ရန် တင်ပြအပ်ပါတယ်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဥက္ကဋ္ဌအဖြစ်တာဝန်ယူဆောင်ရွက်နေသည့် ယူရီးယားမြေဩဇာဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် တောင်သူများ၏စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်သောဓာတ်မြေဩဇာများအား အချိန်မီရရှိနိုင်ရေး၊ စံချိန်စံညွှန်းအရည်အသွေးပြည့်ဝစေရေးနှင့် သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူအသုံးပြုနိုင်ရေးတို့အတွက် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။

ဦးဆောင်ကော်မတီအနေဖြင့် ၂၀၂၆ ခုနှစ်၊ မိုးစပါးနှင့်မိုးသီးနှံအတွက် လိုအပ်သောဓာတ်မြေဩဇာများကို မြန်မာနိုင်ငံမြေဩဇာ၊ မျိုးစေ့နှင့်စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းဝင်ကုမ္ပဏီများက စုပေါင်းဝယ်ယူကာ စုပေါင်းဖြန့်ဖြူးနိုင်ရန် သမဝါယမစနစ် Consortium ပုံစံဖြင့် ဆောင်ရွက်လျက်ရှိပါတယ်။

မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များ အသင်းဝင်ကုမ္ပဏီများအနေဖြင့် ဓာတ်မြေဩဇာများကို လက်ငင်းငွေချေစနစ်ဖြင့် သက်ဆိုင်ရာဒေသအရောင်းဆိုင်အရောက် အမြတ်မယူဘဲ သယ်ယူစရိတ်နှင့် တင်ချခထပ်ပေါင်း၍ ဒေသအရောက်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အရောင်းဆိုင်အဆင့်ဆင့်မှရောင်းချလျှင် ဈေးကြီးနိုင်သည့်အတွက် အသင်း၊ အစုအဖွဲ့၊ သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ တိုက်ရိုက်ရောင်းချရန် စီစဉ်ထားရှိပါတယ်။

ဦးဆောင်ကော်မတီအနေဖြင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သော မိုးစပါးနှင့် မိုးသီးနှံ၊ ဆောင်းဆီထွက်သီးနှံ၊ နွေစပါးတို့တွင် လိုအပ်သောဓာတ်မြေဩဇာများ ရရှိနိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ထို့အပြင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေတွင် ပါဝင်ခြင်းမရှိသော တောင်သူများအတွက် ဓာတ်မြေဩဇာများအား ဈေးနှုန်းသက်သာစွာ ဝယ်ယူအသုံးပြုနိုင်ရေးအတွက် သီးနှံပေါ်ပေးစနစ်ဖြင့် ၂၀၂၅ ခုနှစ်က ဆောင်ရွက်ပေးခဲ့ပါတယ်။ ယခု ၂၀၂၆ ခုနှစ်တွင်လည်း သီးနှံပေါ်ပေးစနစ်ဖြင့် ဆောင်ရွက်ပေးနိုင်ရေး စီစဉ်လျက်ရှိပါတယ်။

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ယူရီးယားဓာတ်မြေဩဇာတန်ချိန် ၅၀၀၀ လိုအပ်မှုတင်ပြထားမှုအပေါ် ဦးဆောင်ကော်မတီမှ သက်ဆိုင်ရာအဖွဲ့များနှင့်ပေါင်းစပ်ညှိနှိုင်းပေးပြီး မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေးဆေးလုပ်ငန်းရှင်များအသင်းဝင်ကုမ္ပဏီများအနေဖြင့် အစိုးရအဖွဲ့မှစီစဉ်ပေးသော မော်တော်ယာဉ်အစီး (၁၀၀) တန်ချိန် ၄၅၀ အတွက် သယ်ယူစရိတ်သက်သာစေရန် စီစဉ်ပေးခဲ့ပါတယ်။ ကျန်ရှိသည့်တန်ချိန်အတွက် ပြည်နယ်အစိုးရအဖွဲ့မှ လိုအပ်သည့်အချိန်တွင် ပေးပို့နိုင်ရေး စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါတယ်။

ထို့အပြင် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ နှစ်စဉ်ပြည်တွင်းထုတ် ဓာတ်မြေဩဇာများ ထုတ်လုပ်ရရှိမှုအပေါ်မူတည်ပြီး သီးနှံစိုက်ပျိုးဧကများ၏ အချိုးအစားအလိုက် စိုက်ပျိုးရာသီအမီ တိုင်းဒေသကြီး/ပြည်နယ်များကို အချိုးကျခွဲတမ်းသတ်မှတ်ပေးပြီး ဖြန့်ဖြူးရောင်းချပေးသွားရန် စီစဉ်ဆောင်ရွက်လျက်ရှိပါတယ်။

မိုးညှင်းမြို့နယ်ရှိ မိုးစပါးစိုက်တောင်သူများကို ရောင်းချပေးသွားရန် စီစဉ်ထားရှိပါတယ်။

ဦးဆောင်ကော်မတီအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်များရှိ အရောင်းဆိုင်များတွင် ရန်ကုန်အထိုင်ရည်ညွှန်းဈေးနှုန်းကို လစဉ်ထုတ်ပြန်ပေးလျက်ရှိပြီး ဒေသအလိုက်သယ်ယူပို့ဆောင်စရိတ်နှင့် အရောင်းဆိုင်အမြတ်တို့အပေါ် ပိုမိုရောင်းချနေမှုရှိပါက စိစစ်ကြီးကြပ်ဆောင်ရွက်ပေးရန်၊ သတ်မှတ်ရောင်းဈေးနှုန်းများမှန်/ မမှန်၊ သွင်းအားစုများသိုလှောင်ပြီး ဈေးကစားခြင်းများ ရှိ/မရှိတို့ကို ကြီးကြပ်ဆောင်ရွက်ပေးရန် တိုင်းဒေသကြီး/ ပြည်နယ်များကို ညှိနှိုင်းပေးလျက်ရှိပါတယ်။ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှလည်း ကွင်းဆင်းစစ်ဆေးမှုများကို လစဉ်တင်ပြလျက်ရှိပါတယ်။

သို့ပါ၍ ဦးဆောင်ကော်မတီအနေဖြင့် တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် အထွက်နှုန်းတိုးပြီး ဝင်ငွေတိုးတက်မှုရှိစေရေးနှင့် လိုအပ်သောဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဝယ်ယူရရှိနိုင်ရေးအတွက် သမဝါယမစနစ် Consortium ပုံစံဖြင့် စုပေါင်းဝယ်ယူ စုပေါင်းဖြန့်ဖြူးခြင်း၊ အမြတ်မယူဘဲ ရန်ကုန်အထိုင်ရည်ညွှန်းဈေးအပေါ်အခြေခံ၍ သယ်ယူစရိတ်နှင့် တင်ချခထည့်ပေါင်းတွက်ချက်၍ သက်ဆိုင်ရာဒေသအရောက် ဖြန့်ဖြူးရောင်းချပေးခြင်း၊ ဓာတ်မြေဩဇာများ အရည်အသွေးမှန်/ မမှန်၊ သိုလှောင်ဈေးကစားခြင်းများ ရှိ/ မရှိ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ်။