Share this

ဒေါ်စိုးစိုးမြင့်၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ၏ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အခွန်များစနစ်တကျ ကောက်ခံရရှိရေးနှင့် ပြည်သူများ၊ အစိုးရဌာနများနှင့် ချိတ်ဆက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်နှင့်အဂတိကို ထိရောက်သော အစီအမံများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်း

Friday, July 3, 2026 - 14:20
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအဆိုများ

 

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၂ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)

မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) မှ ဒေါ်စိုးစိုးမြင့် ၏

 နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အခွန်များစနစ်တကျ ကောက်ခံရရှိရေးနှင့် ပြည်သူများ၊

အစိုးရဌာနများနှင့်ချိတ်ဆက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင်

အဂတိကင်းစွာလုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်နှင့်အဂတိကို

ထိရောက်သော အစီအမံများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက်

ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/မသင့်အဆုံးအဖြတ်ရယူခြင်း။

 

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အခွန်များ စနစ်တကျကောက်ခံရရှိရေးနှင့် ပြည်သူများ၊ အစိုးရဌာနများနှင့်ချိတ်ဆက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်နှင့်အဂတိကို ထိရောက်သော အစီအမံများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုဖြစ်ပါတယ်ရှင်။

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် ပြည်သူ့အကျိုးကို ဦးစားပေးသော မူဝါဒများသည် အခြေခံအကျဆုံးဖြစ်ပြီး ပြည်သူအပေါ်တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ နိုင်ငံဟာ လူကောင်း၊ စနစ်ကောင်း၊ အခြေခံကောင်းဆိုတဲ့အချက်များနှင့် ပြည့်စုံမှသာ ရေရှည်တိုးတက်နိုင်မှာဖြစ်ပါတယ်။ အခွန်မျှတစွာရရှိခြင်းသည် စီးပွားရေးတည်ငြိမ်မှုကို အထောက်အကူပြုပြီး အခွန်လိမ်လည်မှုများနှင့် အဂတိကို လျှော့ချနိုင်ပါက တရားမျှတသော လူ့အဖွဲ့အစည်းကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

ပြည်သူတိုင်းသည် သင့်တင့်မျှတစွာ အခွန်ပေးဆောင်ရမည်ဖြစ်သလို စုဆောင်းရရှိသော အခွန်များကိုလည်း အစိုးရအနေဖြင့် တာဝန်ယူမှုရှိစွာ အသုံးပြုရမှာဖြစ်ပါတယ်။ အခွန်သည် နိုင်ငံတော်၏အင်အားဖြစ်ပြီး အခွန်မှန်ကန်စွာ ရရှိပါက နိုင်ငံတော်၏ ပညာရေး၊ ကျန်းမာရေး၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော်နိုင်မှာဖြစ်ပါတယ်။ ပြည်သူတွေဟာ သူတို့ပေးတဲ့အခွန်ကို မှန်မှန်ကန်ကန် အသုံးပြုနေတယ်လို့ မြင်လာရင် အစိုးရအပေါ်ယုံကြည်မှုရှိလာမှာဖြစ်ပြီး အခွန်ပေးရတာတန်တယ်လို့ မြင်လာမှာဖြစ်ပါတယ်။

လွယ်ကူရှင်းလင်းသော အခွန်စနစ်ကို တည်ဆောက်နိုင်မှသာ အခွန်ဝင်ငွေများ အစိုးရထံစနစ်တကျ စီးဝင်လာနိုင်မှာဖြစ်ပြီး အခွန်စနစ်များမရှင်းလင်းပါက အာဏာပိုင်များ၏ Interpretation ပေါ်မူတည်၍ လာဘ်ပေးလာဘ်ယူမှုများ ဖြစ်လာပါတယ်။ စနစ်ရှုပ်ထွေးလျှင် အခွန်ဝန်ထမ်းကို လာဘ်ပေးပြီး လွယ်ကူစွာဖြေရှင်းရန် ကြိုးစားကြပါတယ်။ အခွန်ရှောင်မှုကြောင့် အစိုးရ၏ဝင်ငွေများကို လျော့နည်းစေသည့်အပြင် ဝန်ထမ်းများသည်လည်း မိမိ၏တာဝန်သည် ပြည်သူ့ဝန်ဆောင်မှုပေးရမည်ဆိုသည်ကိုမေ့လျော့၍ ပေးမှလုပ်သည့် အကျင့်ဖြစ်ကာ မိမိ၏တာဝန်ကို လုပ်ပိုင်ခွင့်သဖွယ် အကျင့်သုံးလာပါသည်။ အဂတိဝန်ထမ်းများ များပြားလာလေ အစိုးရအပေါ်ယုံကြည်မှု လျော့ကျလာလေဖြစ်ပါတယ်။

ထို့ပြင် ကော်မရှင်ပြေးများ၏ မြေငှားရမ်းမှုများပေါ်မှာလည်း အခွန်ကောက်ခံမှုစနစ်တကျရှိရန် လိုအပ်ပါတယ်။ မြေငှားရမ်းခဈေးနှုန်းကို လွတ်လပ်သောဈေးနှုန်းဖြင့် ခွင့်မပြုဘဲ ငှားရမ်းခကို အစိုးရမှအနိမ့်ဆုံးဈေးနှုန်းတစ်ခုသတ်မှတ်ပေးခြင်းဖြင့် ရသင့်ရထိုက်သော အခွန်ဘဏ္ဍာကို တိကျစွာတွက်ချက်နိုင်မှာဖြစ်ပါတယ်။ သက်ဆိုင်ရာ အာဏာပိုင်၏ နှုတ်မှထွက်ဈေးဖြင့် လိုသလိုဈေးခေါ်အခွန်ဆောင်စေခြင်းမျိုး မဖြစ်စေသောကြောင့် အဂတိကိုထိန်းချုပ်နိုင်သည့်အပြင် အစိုးရထံသို့လည်း အခွန်ဝင်ငွေပိုမိုလာနိုင်မှာဖြစ်ပါတယ်။

အခွန်စနစ်(tax)သည် အဂတိ (Corruption) နှင့် တိုက်ရိုက်ဆက်စပ်နေပြီး နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် အခွန်နှင့်အဂတိနှစ်ခုလုံးသည် နိုင်ငံ၏ဝင်ငွေစီးဆင်းမှု၊ အစိုးရအပေါ်ယုံကြည်မှုနှင့် စီးပွားရေးဖွံ့ဖြိုးမှုဝန်းကျင်တို့ကို တိုက်ရိုက်သက်ရောက်မှုရှိပါတယ်။ ယခုဆိုလျှင် ကုန်စည်အမျိုးအစားများအလိုက် တိုးတက်ကောက်ခံသော အခွန်နှုန်းများသည် နိုင်ငံတော်၏ဝင်ငွေများဖြစ်ရန် လိုအပ်ပါသည်။ တာဝန်ရှိသူအနေဖြင့်လည်း လုပ်ပိုင်ခွင့်အပေါ် အဂတိကင်းစွာဆောင်ရွက်ကြဖို့ အထူးအရေးကြီးပြီး အဂတိကင်းမှသာ အခွန်ပေးဆောင်ခြင်းကို နိုင်ငံသားတို့၏ တာဝန်တစ်ရပ်ဟု သိမြင်လာမှာဖြစ်ပါတယ်။ Strong Tax System ရှိမှသာလျှင် Strong State လို့သတ်မှတ်နိုင်ပြီး GDP တိုးတက်နှုန်းလည်း ပိုမိုမြင့်မားလာမှာဖြစ်ပါတယ်။

အဂတိပြဿနာသည် ဝန်ထမ်းများဘက် တစ်ခုတည်းကြောင့်မဟုတ်ဘဲ ပေးသူဘက်ကပါ ပါဝင်ပတ်သက်နေသည့် နှစ်ဖက်ပူးပေါင်းမှုတစ်ခုရပ်ဖြစ်ပါသည်။ ဝန်ထမ်းဘက်မှကြည့်လျှင် အာဏာအသုံးချမှု၊ လစာနှင့်အကျိုးခံစားခွင့်မလုံလောက်မှု၊ စည်းကမ်းကြပ်မတ်မှု အားနည်းခြင်း စသည်တို့ကြောင့် လာဘ်ယူမှုများပြုလုပ်ပါသည်။ တစ်ဖက်မှလည်း စီးပွားရေးလုပ်ငန်းရှင်များသည် တရားမဝင်အခွင့်အရေးများရယူနိုင်ရန်(သို့မဟုတ်)စနစ်ရှုပ်ထွေးခြင်းကြောင့် လျင်လျင်မြန်မြန်အလုပ်ပြီးမြောက်ရန် လာဘ်ပေးခြင်းများကို ရွေးချယ်ကြပါသည်။

ဤအခြေအနေကို သုံးသပ်လျှင် အဂတိပြဿနာသည် "ယူသူရှိလို့ " သို့မဟုတ် "ပေးသူရှိလို့ဖြစ်တာ" ဟု တစ်ဖက်တည်းကိုသာ အပြစ်တင်၍ မဖြေရှင်းနိုင်ဘဲ ယူသူနှင့်ပေးသူ နှစ်ဖက်စလုံးရှိမှသာ အဂတိဖြစ်ပေါ်နိုင်ပြီး ထိုနှစ်ဖက်စလုံးကို တစ်ပြိုင်နက်တည်း ထိန်းချုပ်နိုင်ဖို့ လိုအပ်ပါသည်။

ထို့ကြောင့် အဂတိတားဆီးရေးအတွက် အောက်ပါအချက်များကို အလေးထားဆောင်ရွက်သင့်ကြောင်း တင်ပြအပ်ပါသည်-

လွယ်ကူရှင်းလင်းသည့် စနစ်ဖြစ်အောင် ဆောင်ရွက်ပေးရန်။

လာဘ်ပေး/လာဘ်ယူ သူများကိုလည်း ဥပဒေအရ တင်ကြပ်စွာအရေးယူနိုင်ရန်လိုအပ်သကဲ့သို့ လာဘ်ပေးခြင်းကို "လွယ်ကူသောလမ်းကြောင်း" ဟု မယူဆနိုင်အောင်ပြောင်းလဲပစ်ရန်။

e-Government စနစ်များကို ကျယ်ပြန့်စွာအသုံးပြု၍ လူနှင့်လူ ဆက်သွယ်မှုကို လျော့နည်းအောင်ဆောင်ရွက်ရန်။

အဂတိတိုက်ဖျက်ရေးကော်မရှင်အနေဖြင့် system ကို တည်ဆောက်ပေးပြီး ကြပ်မတ်နိုင်ဖို့နဲ့ စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့၊ SB တို့၊ CID တို့ကို တိုက်ရိုက် အသုံးပြုနိုင်ဖို့ လိုအပ်တာတွေအထိ အဂတိကိုထိန်းချုပ်နိုင်လျှင်-

အခွန်တိုးမယ်

အစိုးရရဲ့ပုံရိပ်တက်မယ်

ပြည်သူတွေလည်းပိုပြီးအဆင်ပြေပြီး နိုင်ငံဟာ အလျင်အမြန်တိုးတက်လာမှာဖြစ်ပါတယ်။

အဂတိပြဿနာသည် စနစ်ယိုယွင်းမှုကြောင့် ဖြစ်ပေါ်လာရသည့်ပြဿနာဖြစ်ပြီး ယူသူကိုသာမက ပေးသူကိုပါ တစ်ပြိုင်နက်တည်းထိန်းချုပ်နိုင်မှသာ နိုင်ငံတော်အတွက် အမှန်တစ်ကယ်သန့်ရှင်းသည့် အုပ်ချုပ်ရေးစနစ်ကို တည်ဆောက်နိုင်မှာဖြစ်ပါသည်။ ထို့ကြောင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရေးသည် အရေးကြီးဆုံးဖြစ်သည့်အတွက် အခွန်နှင့်အဂတိကို ထိရောက်သောအစီအမံများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်းအဆိုကို လေးနက်စွာ တင်ပြအပ်ပါတယ်ရှင်။