ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
(၁၂)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၄ ရက်
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်)
[ သောကြာနေ့ ]
၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၂)ရက်မြောက်နေ့ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်းကြေညာခြင်း
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂၀၉)ဦးရှိပြီး (၂၀၅)ဦးတက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။
ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း
၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၄)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူ မရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်းကြေညာပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့်ဖြေကြားခြင်း
၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်းဆောင်ရွက်ခဲ့ပါသည်-
(က) ဦးမောင်စိန်၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ၏ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ နဘုလယ်ဒေသတွင် ဆောင်ရွက်မှုရပ်တန့်လျက်ရှိသော ထားဝယ်ရေနက် ဆိပ်ကမ်းစီမံကိန်းကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမြင့်ခိုင် က ၂၀၁၄ ခုနှစ်၊မြန်မာအထူးစီးပွားရေးဇုန်ဥပဒေအရ ရင်းနှီးတည်ဆောက်သူနှင့်အတူ အခြားလိုအပ်သော လုပ်ငန်းစဉ်များကို ဆောင်ရွက်နေပြီး စီမံကိန်းအား ပြန်လည်စတင်ဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
( ခ ) နန်းဝိုးစိန်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ၏ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းပျဉ်းမြို့နယ်၊ ဆင်မောင်းကျေးရွာအုပ်စု၊ မိုင်(၂၀) အောက်ရွာ ပန်မော်မှ ဖာလိတ်၊ ပန်မုံ၊ ကျူရှို၊ ခမ်းမိုက်ဆော့၊ လွယ်သိုး၊ ပျက်ကန့်၊ ရှမ်းကုန်းဆာအထိ မြေသားလူသွားလမ်းအား လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆိုင်ကယ်များ သွားလာနိုင်သောလမ်းအဖြစ် ဖောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က အဆိုပါလမ်းအား ပန်မော်ရွာမှစတင်၍ တစ်ကြောင်းထိုးဆိုင်ကယ်လမ်း(၅)မိုင်ဖောက်လုပ်ခြင်းလုပ်ငန်းအား ဆောင်ရွက်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေဖြင့် လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လျာထားရန်ပုံငွေအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကျန်ရှိနေသော လမ်းပိုင်းအား လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့တို့ ပေါင်းစပ်၍ ကျေးရွာအရေအတွက်၊ အိမ်ခြေ၊ လူဦးရေ၊ ကျေးလက်နေပြည်သူလူထု၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်မှု အကျိုးပြုနှုန်းအလိုက် လက်ရှိလိုအပ်မှု၊ ဦးစားပေးရွေးချယ်မှုအပေါ် မူတည်ပြီး ဘဏ္ဍာရေးနှစ်အလိုက် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
(ဂ) ဦးခင်မောင်မြင့်၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်၊ ဟွှေးကျေးရွာအုပ်စုရှိ၊ ဇော်ဂျီ-ကျောက်ဆည်ရေသောက် ဟွှေးစိုက်ပျိုးရေးကွင်းဧက(၃၂၀)တွင် တောင်သူလယ်သမားများ (၁၂)လရာသီကာလပတ်လုံး ဆန်စပါး သီးနှံနှင့်အခြားသောသီးနှံများ စိုက်ပျိုးထုတ်လုပ်သယ်ယူပို့ဆောင်နိုင်ရန်အတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ကုန်ထုတ်လမ်းများ ဖောက်လုပ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အကြိုအင်ဂျင်နီယာလုပ်ငန်းများဖြစ်သည့် ကွင်းဆင်းတိုင်းတာခြင်း၊ လမ်းဒီဇိုင်းပုံထုတ်ခြင်းနှင့်ခန့်မှန်းခြေ အသေးစိတ်တွက်ချက်ခြင်းများကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အဆိုပါလုပ်ငန်းစဉ်များ ဆောင်ရွက်ပြီးပါက လွှတ်တော်ကိုယ်စားလှယ်ကြီးများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီတို့ပေါင်းစပ်၍ ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှု အကျိုးပြုနှုန်း၊ လက်ရှိလိုအပ်မှုတို့အပေါ် ဦးစားပေးရွေးချယ်မှုတို့အရ အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု(သို့မဟုတ်) ပြည်နယ်ရရှိရန်ပုံငွေအပေါ်မူတည်၍ ဦးစားပေးအစီအစဉ်အတိုင်း လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။
(ဃ) ဦးစိန်လွင်ဦး၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) ၏ ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်ရှိ တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် စပါးအထွက်တိုးပြီး ဝင်ငွေတိုးတက်မှုရရှိစေရန်နှင့် မြို့နယ်၏ စပါးအထွက်နှုန်း လျော့ကျမသွားစေရန် ဓာတ်မြေဩဇာကို အစိုးရ၏ သက်သာသောနှုန်းထားများဖြင့် ရောင်းချပေးနိုင်ခြင်း ရှိ/မရှိနှင့် ရှိပါက မည်ကဲ့သို့ဆောင်ရွက်ပေးမည်နှင့် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိရှိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က ယူရီးယားမြေဩဇာ ဝယ်ယူဖြန့်ဖြူးရောင်းချရေး ဦးဆောင်ကော်မတီအနေဖြင့် တောင်သူလယ်သမားများ လယ်ယာလုပ်ငန်းခွင်တွင် အထွက်နှုန်းတိုးပြီး ဝင်ငွေတိုးတက်ရရှိစေရေးနှင့် လိုအပ်သော ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာ ဝယ်ယူ ရရှိနိုင်ရေးအတွက် သမဝါယမစနစ် (Consortium) ပုံစံဖြင့် စုပေါင်းဝယ်ယူ စုပေါင်းဖြန့်ဖြူးခြင်း၊ အမြတ်မယူဘဲ ရန်ကုန်အထိုင် ရည်ညွှန်းဈေးအပေါ် အခြေခံ၍ သယ်ယူစရိတ်နှင့် တင်ချခထည့်ပေါင်းတွက်ချက်၍ သက်ဆိုင်ရာဒေသအရောက် ဖြန့်ဖြူးရောင်းချပေးခြင်း၊ ဓာတ်မြေဩဇာများ အရည်အသွေး မှန်/မမှန်၊ သိုလှောင်စျေးကစားခြင်းများ ရှိ/မရှိ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
အသိပေးတင်ပြခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်းကြေညာခြင်း
၅။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော်က အတည်ပြုပြီးပေးပို့ထားသော အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာခြင်းကို အသိပေးတင်ပြပြီး ယင်းဥပဒေကြမ်းနှင့် စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
အဆိုဆွေးနွေးခြင်း
၆။ ရန်ကုန်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဦးရန်နိုင်ဦး က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တစ်ဝန်းရှိ တက္ကသိုလ်အသီးသီးတွင် ဘွဲ့/ဒီဂရီရရှိခဲ့သည့် လူငယ်များအား ပြည်ထောင်စုဝန်ကြီးဌာနအသီးသီးက အလုပ်ခန့်အပ်ပေးရန်အတွက် အရည်အချင်းသတ်မှတ်ချက်များနှင့်တကွ အလုပ်လျှောက်ထားရန် ခေါ်ယူခြင်းကိစ္စအပေါ် နိုင်ငံတော်နှင့် လူငယ်များ၏အနာဂတ်အတွက် ဖြေလျှော့စဉ်းစားပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုတင်သွင်းခဲ့ခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ဆွေးနွေးပါသည်။
အဆိုတင်သွင်းခြင်း၊ အဆုံးအဖြတ်ရယူခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၇။ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ဒေါ်စိုးစိုးမြင့် က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အခွန်များစနစ်တကျကောက်ခံရရှိရေးနှင့် ပြည်သူများ၊ အစိုးရဌာနများနှင့် ချိတ်ဆက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်နှင့်အဂတိကို ထိရောက်သောအစီအမံများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို တင်သွင်းပြီး လက်ခံဆွေးနွေးရန် သင့်၊မသင့် လွှတ်တော်၏အဆုံးအဖြတ် ရယူရာ လက်ခံဆွေးနွေးရန် လွှတ်တော်က သဘောတူသဖြင့် ဥက္ကဋ္ဌက ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
၈။ အစည်းအဝေးကို ၁၁:၅၂ နာရီအချိန်တွင် ရပ်နားပြီး (၁၃)ရက်မြောက်နေ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက် (တနင်္လာနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်