Share this

ဦးရန်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၏ "ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ သောင်ကြီး-ဒိုက်ပျက်လမ်းပေါ်တွင် ကျန်ရှိနေသေးသော ကျောက်လမ်း(၃)မိုင်နှင့် အမာခံလမ်း (၆)မိုင် (၆)ဖာလုံတို့အား ရာသီမရွေးသွားလာနိုင်သည့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ" နှင့်စပ်လျဉ်းသည့်မေးခွန်း

Monday, July 6, 2026 - 16:06
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Yan Naing WIn

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၃ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဦးရန်နိုင်ဝင်း

မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း

 

မေးမြန်းလိုသည့်အချက်များ

(က) ကျုံပျော်မြို့နယ်အတွင်းရှိ သောင်ကြီး-ဒိုက်ပျက်လမ်းပေါ်တွင် ကျန်ရှိနေသေးသော ကျောက်လမ်း (၃) မိုင်နှင့် အမာခံလမ်း (၆) မိုင် (၆) ဖာလုံတို့အား ရာသီမရွေး အဆင်ပြေစွာ သွားလာနိုင်သည့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခင်းပေးရန် အစီအစဉ် ရှိ/ မရှိ သိလိုပါသည်။

(ခ) လက်ရှိအသုံးပြုနေသော (၁၂) ပေအကျယ် ကတ္တရာလမ်း (၄ မိုင် ၇ ဖာလုံ) အပိုင်းကိုလည်း ခေတ်စနစ်နှင့်အညီ လုံခြုံစိတ်ချရသော (၁၈) ပေအကျယ် ကတ္တရာလမ်းအဆင့်သို့ မည်သည့်ဘဏ္ဍာရေးနှစ်တွင် တိုးမြှင့်ဆောင်ရွက်ပေးမည်ကို သိလိုပါသည်။

(ဂ) အထက်ပါ လမ်းပိုင်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မည်သည့်စီမံကိန်း (Union Budget သို့မဟုတ် Regional Budget) အောက်မှ အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် စီစဉ်ထားရှိသည်ကို သိရှိလိုပါကြောင်း မေးမြန်းအပ်ပါသည်။

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ သောင်ကြီး-ဒိုက်ပျက်လမ်း (မိုင်တိုင် ၀/၀ မှ ၁၄/၄ အထိ) သည် ဒေသခံပြည်သူများအတွက် အလွန်အရေးပါသော လမ်းပိုင်းတစ်ခုဖြစ်ပါသည်။ သို့သော် အဆိုပါလမ်း၏ လက်ရှိအခြေအနေမှာ -

ကျောက်လမ်း (အကျယ် ၁၄ ပေ) - (၃) မိုင်

အမာခံလမ်း (အကျယ် ၁၆ ပေ) - (၆) မိုင် (၆) ဖာလုံ

ကတ္တရာလမ်း (အကျယ် ၁၂ ပေ) - (၄) မိုင် (၇) ဖာလုံ

ကတ္တရာလမ်း (အကျယ် ၁၈ ပေ) - (၂) ဖာလုံစသည်ဖြင့် ရောနှောလျက်ရှိနေပါသည်။

လမ်းပိုင်းအများစုမှာ ကျောက်လမ်းနှင့် အမာခံလမ်း (မြေလမ်း) ဘဝတွင်သာ ရှိနေသေးသဖြင့် မိုးရာသီကာလများတွင် သွားလာရေးအလွန်ခက်ခဲခြင်း၊ ကုန်စည်စီးဆင်းမှုကြန့်ကြာခြင်းနှင့် လမ်းအကျယ် (၁၂) ပေသာရှိသော ကတ္တရာလမ်းပိုင်းများတွင် ယာဉ်အန္တရာယ်စိုးရိမ်ရခြင်းတို့ ကြုံတွေ့နေရပါသည်။ သို့ဖြစ်ပါ၍ လမ်းတစ်လျှောက်လုံးအား စံချိန်စံညွှန်းပြည့်မီသော ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ရန် လိုအပ်လျက်ရှိပါသည်။

သို့ဖြစ်ပါ၍ အထက်ပါမေးခွန်းအား ကြယ်ပွင့်ပြမေးခွန်းအဖြစ် လက်ခံဆောင်ရွက်ပေးပါရန် လေးစားစွာတင်ပြအပ်ပါသည်။

 


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၃ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၆ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဦးရန်နိုင်ဝင်း  မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့် စပ်လျဉ်း၍ 

ဆောက်လုပ်ရေးဝန်ကြီးဌာန က ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ

ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၊ ဦးရန်နိုင်ဝင်း မှ မေးမြန်းထားတဲ့ “ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်အတွင်းရှိ -

( ၁) သောင်ကြီး - ဒိုက်ပျက်လမ်းပေါ်တွင် ကျန်ရှိနေသေးသော ကျောက်လမ်း ၃ မိုင်နှင့် အမာခံလမ်း ၆ မိုင် ၆ ဖာလုံတို့အား ရာသီမရွေးသွားလာနိုင်သည့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိ၊

( ၂) လက်ရှိအသုံးပြုနေသော ၁၂ ပေ အကျယ် ကတ္တရာလမ်း ၄ မိုင် ၇ ဖာလုံအပိုင်းကိုလည်း ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် ရှိ/မရှိ၊

( ၃)အဆိုပါလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မည်သည့်စီမံကိန်း ( Union Budget သို့မဟုတ် Regional Budget) အောက်မှ အကောင်အထည် ဖော်ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်း”နှင့်စပ်လျဉ်းတဲ့ မေးခွန်းအား ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။

ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျာ

လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းတဲ့ သောင်ကြီး - ဒိုက်ပျက်လမ်းဟာ ဟင်္သာတ-နိဗ္ဗာန်-သောင်ကြီး-ကျုံပျော်-ရေကြည်လမ်းကို ဆက်သွယ်ထားသည့်လမ်းဖြစ်၍ ၁၄ မိုင် ၄ ဖာလုံရှိပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲတဲ့လမ်းဖြစ်ပါတယ်။

လက်ရှိလမ်းအခြေအနေမှာ ၁၈ ပေအကျယ် ကတ္တရာလမ်း ၂ ဖာလုံ၊ ၁၂ ပေ အကျယ် ကတ္တရာလမ်း ၄ မိုင် ၇ ဖာလုံ၊ ၁၂ ပေ အကျယ် ကျောက်ချောလမ်း ၃ မိုင်နှင့် ၁၂ ပေအကျယ် အမာခံလမ်း ၆ မိုင် ၃ ဖာလုံ၊ စုစုပေါင်း ၁၄ မိုင် ၄ ဖာလုံရှိပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ လမ်းမိုင်ပေါင်း ၂ , ၇၅၃ မိုင် ၄ ဖာလုံခန့်ရှိပြီး လက်ရှိလမ်းအခြေအနေမှာ ကတ္တရာကွန်ကရစ်လမ်း ၈၄ မိုင် ၇ ဖာလုံ၊ ကွန်ကရစ်လမ်း ၃၅၂ မိုင် ၇ ဖာလုံ၊ ကတ္တရာလမ်း ၁ , ၂၀၂ မိုင်ခန့်၊ ကျောက်လမ်း ၄၀၇ မိုင် ၇ ဖာလုံ၊ အမာခံလမ်း ၂၂၈ မိုင် ၇ ဖာလုံနှင့် မြေသားလမ်း ၄၇၆ မိုင် ၇ ဖာလုံဖြစ်ပါတယ်။

အဆိုပါလမ်းပိုင်းတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဧရာဝတီတိုင်းဒေသကြီး၏ ရန်ပုံငွေဖြင့် -

    ( ၁) ပျက်စီးနေသော တံတားချဉ်းကပ်လမ်းအား ပြန်လည်ပြုပြင်ခြင်း၊

    ( ၂) မူလကျောက်လမ်းအား ၁၂ ပေအကျယ် ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်း ၁ ဖာလုံနှင့်

    ( ၃) ပျက်စီးနေသော အမာခံလမ်းအား ၁၆ ပေအကျယ် ချောင်းကျောက် ဖြန့်ခင်းကြိတ်ခြင်း ၂.၅ ဖာလုံတို့ကို ဆောင်ရွက်ရန်လုပ်ငန်းများ ခွင့်ပြုထားပြီးဖြစ်ပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ

သောင်ကြီး-ဒိုက်ပျက်လမ်းတွင် ကျန်ရှိသည့် ကျောက်လမ်း ၃ မိုင်နှင့် အမာခံလမ်း ၆ မိုင် ၆ ဖာလုံတို့အား ရာသီမရွေးသွားလာနိုင်သည့် ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်း၍ ပထမအဆင့်အနေဖြင့် အမာခံလမ်းအား ကျောက်လမ်းအဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်ရန်ပုံငွေမှစတင်ပြီး ခွဲဝေရရှိသည့် ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

ဆက်လက်၍ ကျောက်လမ်းမှ ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုလည်း နှစ်အလိုက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လက်ရှိ ၁၂ ပေအကျယ် ကတ္တရာလမ်း (၄ မိုင် ၇ ဖာလုံ)အား ၁၈ ပေအကျယ် ကတ္တရာလမ်းအဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် ရှိ/မရှိနှင့်စပ်လျဉ်း၍ လမ်းအကျယ်ချဲ့ခြင်းလုပ်ငန်းကို ဦးစားပေးဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း။

အဆိုပါလမ်းပိုင်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို ဆောက်လုပ်ရေးဝန်ကြီးဌာန၏ မည်သည့်စီမံကိန်း ( Union Budget သို့မဟုတ် Regional Budget) အောက်မှ အကောင်အထည်ဖော် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်း၍ ဖော်ပြပါလမ်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်သောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့်သာ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း လေးစားစွာ ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။