Share this

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ အစည်းအဝေးအကျဉ်းချုပ်(၈-၇-၂၀၂၆)

Wednesday, July 8, 2026 - 16:10
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအစည်းအဝေးမှတ်တမ်းအနှစ်ချုပ်

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး

(၁၄)ရက်မြောက်နေ့ အစည်းအဝေးအကျဉ်းချုပ်

၁၃၈၈ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၉  ရက်

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်)

[ ဗုဒ္ဓဟူးနေ့ ]

 

၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၁၄)ရက်မြောက်နေ့ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။

အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း

၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂၀၉)ဦး ရှိပြီး (၂၀၅)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။

ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း

၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ(၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၄)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူမရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာနည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။ 

မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း

၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်းဆောင်ရွက်ခဲ့ပါသည်-

(က) ဦးမောင်စိန်၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ၏ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ အုန်းပင်ကွင်းကျေးရွာအုပ်စုနှင့် သဲချောင်းကျေးရွာအုပ်စုအကြားရှိ အလျား(၂၅)ပေ၊ အနံ(၂၀)ပေ၊ အမြင့်(၁၀)ပေရှိသော ကျေးရွာချင်းဆက်တံတားမှာ ပြိုကျပျက်စီးလာပါသဖြင့် RC သံကူကွန်ကရစ်တံတားတစ်စင်း တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး က နယ်မြေလုံခြုံရေး အခြေအနေကောင်းမွန်မှသာ မြေပြင်ကွင်းဆင်းစိစစ်၍ ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီး ပြည်ထောင်စု (သို့မဟုတ်) တိုင်းဒေသကြီး ရန်ပုံငွေဖြင့် နီးစပ်ရာ ဘဏ္ဍာနှစ်တွင် လျာထားဆောင်ရွက်မည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

( ခ ) ဦးခဲချိန်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၏ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ကချင်ပြည်နယ်ရှိ နမ္မတီး-တနိုင်း-ပန်ဆောင် (လီဒို)လမ်း၊ နန်းယွန်း-ပန်ဆောင်ကြားမှ နယ်စပ်ရေးရာဝန်ကြီးဌာနပိုင် လမ်းပိုင်း (၁၇/၀)မိုင်အား နယ်စပ်ရေးရာဝန်ကြီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်စွာဦး က စစ်ကိုင်းတိုင်းဒေသကြီးရှိ နန်းယွန်း-ပန်ဆောင် (၃၅/၀)မိုင် လမ်းပိုင်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာန၏ နမ္မတီး-တနိုင်း-ပန်ဆောင်(လီဒို) National Highway လမ်းပိုင်းတွင် ပါဝင်ခြင်း၊ မြန်မာ-အိန္ဒိယ နှစ်နိုင်ငံချိတ်ဆက် ဆောင်ရွက်သည့်လမ်းဖြစ်ပြီး ကုန်စည်စီးဆင်းမှုအတွက် တန်ချိန်များပြားသည့်ယာဉ်ကြီးများ ဖြတ်သန်းသွားလာမည်ဖြစ်၍ လမ်းပိုင်း၏ သတ်မှတ်ချက်အဆင့်နှင့် သင့်လျော်သည့် လမ်း/တံတားလုပ်ငန်းများ အဆင့်မြှင့်တင်ဆောင်ရွက်ရမည်ဖြစ်ခြင်းတို့ကြောင့် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လွှဲပြောင်းရယူဆောင်ရွက်သင့်ကြောင်း စိစစ်တွေ့ရှိရပြီး ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ ညှိနှိုင်းပြီး သဘောတူညီပါက လုပ်ထုံးလုပ်နည်း များနှင့်အညီ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

( ဂ ) ဒေါက်တာနိုင်လင်း၊ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ၏ ကယားပြည်နယ်တွင် ကာလရှည်ကြာစွာ စစ်‌ဘေးဒဏ်များခံစားခဲ့ရပြီးနောက် ပြန်လည်ထူထောင်ရေးအတွက် နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းများနှင့်ပူးပေါင်း၍ မဟာဗျူဟာစီမံကိန်းများချမှတ်ရေးဆွဲပြီး အမြန်အကောင်အထည်ဖော်ဆောင်ရွက်ပေးရန် အစီအစဉ်ရှိ/မရှိနှင့် ဒေသတွင်းအလုပ်အကိုင်အခွင့် အလမ်းများရရှိရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် အခြားစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် လုပ်ငန်းစဉ်များကို ချမှတ်ရေးဆွဲပြီး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာသန်းစိုး က နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများနှင့် မဟာဗျူဟာစီမံကိန်းများ ပူးပေါင်းရေးဆွဲဆောင်ရွက်မှုမရှိပါကြောင်း၊ အဆိုပါ စီမံကိန်း/စီမံချက်များ အကောင်အထည်ဖော်ဆောင်ရွက်မှုများတွင် နိုင်ငံတကာအကူအညီပေးရေးအဖွဲ့အစည်းများက ပူးပေါင်းပါဝင် ဆောင်ရွက်လိုပါက သက်ဆိုင်ရာဝန်ကြီးဌာန/အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တို့၏ လုပ်ငန်းတာဝန် (Mandated) များအလိုက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်းနှင့် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများနှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့ပူးပေါင်း၍ ဒေသတွင်းအလုပ်အကိုင်အခွင့်အလမ်းများရရှိရေးနှင့် ခရီးသွားလုပ်ငန်းအပါအဝင် အခြားစီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်ဖွံ့ဖြိုးတိုးတက်လာစေရန် ကြိုးစားဆောင်ရွက်လျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။

(ဃ) ဒေါ်သိင်္ဂီဝင်းရွှေ၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၉) ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်တွင် စစ်ဘေးဒဏ်ကြောင့် နေအိမ်များပျက်စီးဆုံးရှုံးခဲ့ရပြီး မိမိတို့မြို့ပေါ်တွင် ပြန်လည်အခြေချနေထိုင်လျက်ရှိကြသော စစ်ဘေးရှောင်ပြည်သူများအား နိုင်ငံတော်အစိုးရအနေဖြင့် စားနပ်ရိက္ခာနှင့် နေထိုင်မှုအထောက်အကူပစ္စည်းများ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး  ဒေါက်တာသန်းစိုး က ထီးချိုင့်မြို့နယ်နှင့် ကသာမြို့နယ်အတွင်း ပြန်လည်ဝင်ရောက်နေထိုင်သူများအနေဖြင့် ထောက်ပံ့မှုများရရှိနိုင်ရေးနှင့် ထောက်ပံ့မှု မကျန်ရှိစေရေးတို့အတွက် ပြန်လည်ရောက်ရှိနေထိုင်ပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့အစည်းများမှတစ်ဆင့် အထက် အဆင့်ဆင့်သို့ တင်ပြဆောင်ရွက်နိုင်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ခရိုင်/မြို့နယ်အုပ်ချုပ်ရေးအဖွဲ့များက စာရင်းများတင်ပြလာပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနအနေဖြင့် သတ်မှတ်နှုန်းထား၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ထောက်ပံ့ပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် လက်ရှိအချိန်တွင်လည်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။ 

အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

၅။ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ဒေါ်နွယ်နွယ်ဦး (ဥပဒေကြမ်းကော်မတီဥက္ကဋ္ဌ) က ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အွန်လိုင်းလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပါသည်။

၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီက ပြင်ဆင်ထားသည့်အတိုင်း လွှတ်တော်၏အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။

၇။ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်ဖြင့် ပြန်လည်ပေးပို့လာသော အွန်လိုင်းလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်တို့ သဘောကွဲလွဲသည့်အချက်ကို ပြည်ထောင်စုလွှတ်တော်တွင် ဆွေးနွေးဆုံးဖြတ်ရန် လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက အဆိုတင်သွင်းရာ ပြည်ထောင်စုလွှတ်တော်သို့တင်ပြရန် ဆုံးဖြတ်ကြောင်း ဥက္ကဋ္ဌက ကြေညာသည်။

အဆိုဆွေးနွေးခြင်း

၈။ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ဒေါ်စိုးစိုးမြင့် က နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တည်ဆောက်ရာတွင် အခွန်များစနစ်တကျ ကောက်ခံရရှိရေးနှင့် ပြည်သူ များ၊ အစိုးရဌာနများနှင့်ချိတ်ဆက်ပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် အဂတိကင်းစွာ လုပ်ကိုင်ဆောင်ရွက်နိုင်ရန် အခွန်နှင့်အဂတိကို ထိရောက်သော အစီအမံများဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ဆွေးနွေးပါသည်။

၉။ အစည်းအဝေးကို ၁၂:၀၁ နာရီအချိန်တွင် ရပ်နားပြီး (၁၅)ရက်မြောက်နေ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက် (သောကြာနေ့) တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။

 

အမျိုးသားလွှတ်တော်