Share this

ဦးဉာဏ်ထွန်း၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)၏ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (၁၃၀ x ၃၀ x ၂၄)‌ပေ RCC နှစ်ထပ် ကျောင်းဆောင်သစ်(၁)ဆောင်၊ ကဘင်းချောင်း အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (၁၃၀x၃၀x၂၄)‌ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ်(၁)ဆောင်၊ မိုင်းသွေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (၁၂၀x၃၀x၁၂)‌ပေ RCC တစ်ထပ်ကျောင်းဆောင်သစ်(၁)ဆောင်တို့ကို ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် သို့မဟုတ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိတို့နှင့်စပ်လျဉ်းသည့်မေးခွန်း

Friday, July 10, 2026 - 15:00
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Nyan Tun

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၅ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်)

တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဦးဉာဏ်ထွန်း

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

 

(က) ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော်ကျေးရွာအုပ်စု၊ ဒုံးပုလဲအော်ကျေးရွာ အထက(ခွဲ) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းသူ/ ကျောင်းသားပေါင်း (၄၆၅) ဦးရှိပြီး လက်ရှိစာသင်ကျောင်းများမှာ (၁၂၀ပေ x ၃၀ပေ) တစ်ထပ်စာသင်ဆောင်(၃)ဆောင်ရှိပြီး စာသင်ခန်း(၁၁)ခန်းရှိပါသည်။ လက်ရှိအသုံးပြုနေသော စာသင်ခန်းမှာ (၁၃)ခန်းရှိနေသဖြင့် စာသင်ခန်း မလုံလောက်ခြင်း၊ ကျောင်းရုံးခန်း၊ ဆရာ/မ နားနေခန်း၊ စာကြည့်တိုက်၊ မီဒီယာခန်း၊ အစည်းအဝေးခန်းများ လိုအပ်နေခြင်း၊ လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသူ/သားဦးရေ တိုးလာမည်ဖြစ်ခြင်း၊ ဒုံးပုလဲအော်ကျေးရွာအုပ်စု အတွင်းရှိရွာများဖြစ်သော ပရောဝါးရွာ၊ လင်းလွန်းရွာ၊ ဒုံးဥယျာဉ်ကမ်းရွာ၊ ဒုံးညောင်းမှိုင်းရွာ၊ ဒုံဒဟွန်းရွာ၊ ဒုံးကမာချောင်းရွာ၊ ဒုံးရွှေသန်းရွာများမှ မူလတန်း၊ အလယ်တန်းအဆင့် အောင်မြင်သူ ကျောင်းသား/သူများ လာရောက်ပညာသင်ကြား အားထားရာကျောင်းဖြစ်သောကြောင့် အထက (ခွဲ) ဒုံးပုလဲအော်ကျောင်းတွင် (၁၃၀ ပေ x ၃၀ ပေ x ၂၄ ပေ) RCC (၂) ထပ်ကျောင်းဆောင်သစ်(၁)ဆောင်ကို ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်(သို့) ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တို့တွင် ခွင့်ပြုမိန့်ချထားပေးရန် အစီအစဉ် ရှိ/မရှိ သိလိုပါသည်။

(ခ) ကျွန်းစုမြို့နယ်၊ ကမ်းကြီးကျေးရွာအုပ်စု၊ ကဘင်းချောင်းကျေးရွာ၊ အထက(ခွဲ)တွင် ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းသူ/သား ပေါင်း (၄၃၈) ဦးရှိပြီး လက်ရှိစာသင်ကျောင်းများမှာ

(၁) (၉၀ ပေ x ၃၀ ပေ x ၁၂ ပေ) တစ်ထပ်ဆောင် (၁) ဆောင်၊

(၂) (၃၀ ပေ x ၃၀ ပေ x ၁၂ ပေ) တစ်ထပ်ဆောင်(၁)ဆောင်၊

(၃) (၁၂၀ ပေ x ၃၀ ပေ x ၁၂ ပေ) တစ်ထပ်ဆောင်(၁)ဆောင်၊

(၄) (၉၀ ပေ x ၃၀ ပေ x ၁၂ ပေ) တစ်ထပ်ဆောင်(၁)ဆောင်။

စုစုပေါင်း (၄)ဆောင်ရှိပြီး စာသင်ခန်း(၁၁)ခန်းရှိပါသည်။ လက်ရှိအသုံးပြုနေသော စာသင်ခန်းမှာ(၁၃)ခန်းရှိနေသဖြင့် စာသင်ခန်း မလုံလောက်ခြင်း၊ ကျောင်းရုံးခန်း၊ ဆရာ/မ နားနေခန်း၊ စာကြည့်တိုက်၊ မီဒီယာခန်း၊ အစည်းအဝေးခန်းများလိုအပ်နေခြင်း၊ လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသူ/သားများ တိုးလာမည်ဖြစ်ကြောင်း၊ အနီးပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် မော်တုံးကြီး၊ လဲဝါပြင်၊ ဝါးချောင်း၊ တီးပူစသည့် ကျေးရွာများမှ မူလတန်း၊ အလယ်တန်းအောင်မြင်ပြီးသူများ လာရောက်ပညာသင်ကြားရာ အားထားရာကျောင်းဖြစ်၍ ကျောင်းသူ/သားများ တိုးလာမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အထက(ခွဲ) ကဘင်းကျောင်းတွင် (၁၃၀ ပေ x ၃၀ ပေ x ၂၄ ပေ) RCC (၂) ထပ်ကျောင်းဆောင်သစ်(၁)ဆောင်ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်(သို့) ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ခွင့်ပြုမိန့်ချထားပေးရန် အစီအစဉ် ရှိ/မရှိ သိလိုပါသည်။

ကျွန်းစုမြို့နယ်၊ ကဘင်းကျေးရွာအုပ်စု၊ မိုင်းတွေးကျေးရွာ အထက(ခွဲ) တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ အထက်တန်း၊ အလယ်တန်း၊ မူလတန်း၊ ကျောင်းသူ/သားပေါင်း (၃၂၃) ဦးရှိပြီး လက်ရှိစာသင်ဆောင်များမှာ

(၁) (၇၅ ပေ x ၃၅ ပေ x ၂၅ ပေ) တစ်ထပ် (၂) ဆောင်၊

(၂) (၆၀ ပေ x ၃၀ ပေ x ၂၅ ပေ) တစ်ထပ်(၁) ဆောင်၊ ၊

(၃) (၆၀ ပေ x ၃၀ ပေ x ၂၅ ပေ) တစ်ထပ်ဆောင်(၁)ဆောင်။

ပေါင်း(၄)ဆောင်ရှိပြီး စာသင်ခန်း(၉)ခန်းရှိပါသည်။ လက်ရှိအသုံးပြုနေသော စာသင်ခန်းမှာ (၁၂)ခန်းရှိသဖြင့် စာသင်ခန်း မလုံလောက်ခြင်း၊ ကျောင်းရုံးခန်း ဆရာ/ဆရာမ နားနေခန်း၊ စာကြည့်တိုက်၊ မီဒီယာခန်း၊ အစည်းအဝေးခန်းများ လိုအပ်နေခြင်း၊ အနီးဝန်းကျင် ကျေးရွာများဖြစ်သည့် မိုင်းတွေး၊ ကွက်သစ်၊ ရေတွင်းတောင်၊ ရွာသစ်၊ ဥယျာဉ်ကြီး၊ ပြင်သာ စသည့်ကျေးရွာများမှ မူလတန်း၊ အလယ်တန်းအောင်မြင်သူများ လာရောက်ပညာသင်ကြား အားထားရာကျောင်းဖြစ်၍ လာမည့် ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူဦးရေ ထပ်မံတိုးလာမည်ဖြစ်ပါသည်။ သို့ဖြစ်၍ အထက(ခွဲ) မိုင်းတွေးကျောင်းတွင် (၁၂၀ ပေ x ၃၀ ပေ x ၁၂ ပေ) RCC (၁)ထပ်ကျောင်းဆောင်သစ် (၁)ဆောင်ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်(သို့) ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တို့တွင် ခွင့်ပြုမိန့်ချထားပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါသည်။

 


တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၅ ရက်မြောက်နေ့

(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်)

တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဦးဉာဏ်ထွန်း မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ 

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ ဦးစွာပထမ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျား။

တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဦးဉာဏ်ထွန်း၏ “တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (ပေ ၁၃၀ xပေ ၃၀x ၂၄) ပေ RCC နှစ်ထပ် ကျောင်းဆောင်သစ် (၁)ဆောင်၊ ကဘင်းချောင်း-အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (ပေ ၁၃၀ ပေ ၃၀ x၂၄)ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ် (၁)ဆောင်၊ မိုင်းသွေး-အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (ပေ ၁၂၀ x ပေ ၃၀ × ၁၂) ပေ RCC တစ်ထပ်ကျောင်းဆောင်သစ်(၁)ဆောင်တို့ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် သို့မဟုတ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့်စပ်လျဉ်းပြီး” မေးမြန်းထားတဲ့ ကြယ်ပွင့်ပြမေးခွန်းကို ကျွန်တော် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဖြေဆိုသွားမှာဖြစ်ပါတယ်ခင်ဗျား။

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ခွင့်ပြုရန်ပုံငွေတွင်  တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွက် အန္တရာယ်ကျောင်းဆောင်များ ဖျက်သိမ်း၍ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၂)ခု၊ သိပ္ပံဆောင်များ ဆောက်လုပ်ခြင်းလုပ်ငန်း(၃)ခု၊ စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၄)ခု၊ စုစုပေါင်းလုပ်ငန်း(၉)ခုအတွက် ခွင့်ပြုရန်ပုံငွေကျပ် ၁၈၃၀.၀၀၀ (တစ်ထောင်ရှစ်ရာသုံးဆယ်) သန်း ပါဝင်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ဒုံးပုလဲအော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (ပေ ၁၂၀ x ပေ ၃၀) သွပ်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်း(၁)ထပ်ဆောင်(၃)ဆောင်၊ စာသင်ခန်း(၁၂)ခန်းရှိပြီး ကျောင်းသားဦးရေ (၄၈၅)ဦးရှိသဖြင့် ကျောင်းသားနှင့် စာသင်ခန်းအချိုးအရ လုံလောက်မှုရှိပါတယ်။ သို့ဖြစ်ပါ၍ ကျောင်းတွင်လိုအပ်လျက်ရှိသော ကျောင်းအုပ်ကြီးရုံးခန်း၊ အစည်းအဝေးခန်း၊ ဆရာ/ဆရာမ နားနေခန်း၊ စာကြည့်တိုက်၊ Multimedia ခန်း၊ သိပ္ပံခန်းနှင့် ထပ်မံတိုးတက်လာမည့် စာသင်ခန်းများအတွက် (ပေ ၁၃၀ x ပေ ၃၀) RCC(၂)ထပ်ဆောက်လုပ်ရန် မြေနေရာလုံလောက်မှုရှိပါသဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး)ဘတ်ဂျက်ရရှိမှုအပေါ်တွင်မူတည်၍ တိုင်းဒေသကြီး၏ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ ကဘင်းချောင်း - အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (ပေ ၉၀ x ပေ ၃၀) သွပ်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်း(၁)ထပ်၊ (ပေ ၃၀ x ပေ ၃၀) သွပ်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်း(၁)ထပ်၊ (ပေ ၁၂၀ x ပေ ၃၀) သွပ်မိုး၊ အုတ်ကာ၊ အင်္ဂတေခင်း(၁)ထပ်၊ (ပေ ၉၀ x ပေ ၃၀) RCC (၁)ထပ်၊ စုစုပေါင်း ကျောင်းဆောင်(၄)ဆောင်၊ စာသင်ခန်း (၉)ခန်းရှိပြီး ကျောင်းသားဦးရေ (၄၁၉)ဦး ရှိသဖြင့် ကျောင်းသားနှင့်စာသင်ခန်းအချိုးအရ လိုအပ်သော စာသင်ခန်း(၂)ခန်းနှင့် ကျောင်းအုပ်ကြီးရုံးခန်း၊ အစည်းအဝေးခန်း၊ ဆရာ/ဆရာမနားနေခန်း၊ စာကြည့်တိုက်၊ Multimedia ခန်း၊ သိပ္ပံခန်းများအတွက် (ပေ ၁၃၀ x ပေ ၃၀) RCC (၂)ထပ်ဆောက်လုပ်ရန် မြေနေရာလုံလောက်မှုရှိပါသဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း(တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ်တွင်မူတည်၍ တိုင်းဒေသကြီး၏ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည် ဖြစ်ပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မိုင်းသွေးအခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် (၇၅ ပေ × ပေ ၃၀) အုတ်ကြွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း (၁)ထပ်ဆောင်(၂)ဆောင်၊ (ပေ ၆၀ xပေ ၃၀) RCC (၁)ထပ်၊ (ပေ ၉၀ x ပေ ၃၀) RCC (၁)ထပ်၊ စုစုပေါင်း ကျောင်းဆောင်(၄)ဆောင် စာသင်ခန်း(၁၀)ခန်းရှိပြီး ကျောင်းသားဦးရေ (၃၄၆)ဦးရှိသဖြင့် ကျောင်းသားနှင့် စာသင်ခန်းအချိုးအရ လုံလောက်မှုရှိပါတယ်။ သို့ဖြစ်ပါ၍ ကျောင်းတွင်လိုအပ်လျက်ရှိသော ကျောင်းအုပ်ကြီးရုံးခန်း၊  အစည်းအဝေးခန်း၊ ဆရာ/ဆရာမ နားနေခန်း၊ စာကြည့်တိုက်၊ Multimedia ခန်း၊ သိပ္ပံခန်းများအတွက် (ပေ ၁၂၀ x ပေ ၃၀) RCC (၁)ထပ် ဆောက်လုပ်ရန် မြေနေရာလုံလောက်မှုရှိပါသဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ဘတ်ဂျက်ရရှိမှုအပေါ်တွင်မူတည်၍ တိုင်းဒေသကြီး၏ ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း လေးစားစွာ တင်ပြဖြေကြားအပ်ပါတယ်။ 

အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျား။