Share this

ဦးမျိုးသန့်၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆)၏ "လယ်ယာမြေနည်းဥပဒေ ၂၀၁၂ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၂ ၏ အခန်း ၁၂ ပါ ပုဒ်မ ၁၀၃၊ ပုဒ်မ ၁၀၄၊ ပုဒ်မ ၁၀၆ ၏ ပုဒ်မခွဲ (က)(ခ)(စ)နှင့် ပုဒ်မ ၁၁၂ ၏ ပုဒ်မခွဲ(က)တို့အား ပြင်ဆင်ပေးရန်" ပြည်ထာင်စုအစိုးရအား တိုက်တွန်းကြောင်းအဆို

Monday, July 27, 2026 - 15:45
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးအဆိုများ

 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၇ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) မှ ဦးမျိုးသန့်

ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/မသင့်အဆုံးအဖြတ်ရယူခြင်း

 

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံကာ နိုင်ငံ၏စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် ရှေးရှုကြိုးပမ်းလျက်ရှိသောနိုင်ငံဖြစ်ပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ စိုက်ပျိုးမြေလယ်/ယာများသည် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကအခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါသည်။ ထို့အတူ ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ရေစီးကြောင်းပြောင်းလဲမှုနှင့် သဘာဝဖြစ်စဉ်များအရ ပေါ်ထွန်းဖြစ်တည်လာသည့် နုန်းတင်မြေနုကျွန်းများနှင့်ပတ်သက်သည့် ပိုင်ဆိုင်သူအငြင်းပွားမှုများသည် မြန်မာနိုင်ငံ၏ တောင်သူလယ်သမားများအကြား အဖြစ်များသည့်ပြသနာတစ်ရပ်ဖြစ်နေသည့်အပြင် တောင်သူလယ်သမားများအနေဖြင့် အစိုးရ၏လုပ်ငန်းစီမံခန့်ခွဲမှုများအပေါ် ယုံကြည်မှုနည်းအထင်မြင်လွဲမှားစေသည်အထိ ပြဿနာမှာ တစ်စတစ်စကြီးထွားဖြစ်ပွားလျက်ရှိနေပါသည်။

လက်ရှိတွင် ကျင့်သုံးနေသော ၂၀၁၂ ခုနှစ်၊ လယ်ယာမြေနည်းဥပဒေတွင် မြေနုကျွန်းနည်းဥပဒေနှင့်ပတ်သက်၍ အချို့လုပ်ပိုင်ခွင့်ပြဋ္ဌာန်းချက်များအရ ဧရာဝတီတိုင်းဒေသကြီးရှိ မြစ်ဝကျွန်းပေါ်ဒေသများတွင် “ယမန်နှစ်က မိမိစိုက်ပျိုးခွင့်ရရှိပြီး မိမိအောင်မြင်စွာ စိုက်ပျိုးနိုင်ခဲ့သော မြေနုကျွန်းနေရာအား ယခုနှစ်ရေပြန်ကျချိန်တွင် အခြားသူတစ်ဦး ဝင်ရောက်စိုက်ပျိုးခွင့်ရနေမှုများကြောင့် လယ်မဲ့ယာမဲ့တောင်သူလယ်သမားအချင်းချင်း နှစ်စဉ်ရန်ပွဲများဖြစ်ပွားကာ လူသတ်မှုများအထိပင်ဖြစ်ပွားလျက်ရှိကြောင်း ဒေသခံများ၏ သတင်းပို့တင်ပြချက်အရလည်းကောင်း၊ ကွင်းဆင်းလေ့လာချက်များအရလည်းကောင်း သိရှိခဲ့ပါသည်။

အထက်ဖော်ပြပါဥပဒေတွင် နုန်းတင်မြေနုကျွန်းများနှင့်ပတ်သက်၍ အောက်ပါအတိုင်း လယ်ယာမြေနည်းဥပဒေများဖြင့် ပြဋ္ဌာန်းဖော်ပြထားပါသည်-

(၁) မြေနုကျွန်းလုပ်ပိုင်ခွင့်။ “မြေနုကျွန်းမြေများသည်လည်းကောင်း၊ မြေနုကျွန်းမြေ သို့မဟုတ် ကမ်းခြေနှင့်ဆက်စပ်၍ပေါ်ထွန်းလာသော မြေနုများသည်လည်းကောင်း အရွယ်အစားအားဖြင့်ဖြစ်စေ၊ တည်နေရာအားဖြင့်ဖြစ်စေ၊ ပုံသဏ္ဍန်အားဖြင့်ဖြစ်စေ နှစ်စဉ်နှစ်တိုင်းပြောင်းလဲလေ့ရှိသဖြင့် ပေါ်ထွန်းသောမြေနုကျွန်းမြေနှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့်ကို နှစ်စဉ်ချထားရမည်”ဟု နည်းဥပဒေ(၁၀၃) တွင် ပြဋ္ဌာန်းထားရှိပါသည်။

(၂) လုပ်ပိုင်ခွင့်ကာလ။ မြေနုကျွန်းမြေလုပ်ပိုင်ခွင့်ကို တစ်နှစ်တစ်ရာသီအတွက်သာ ချထားရမည်ဖြစ်ပြီး နှစ်စဉ် နွေထယ်ရေးအမီ ကျွန်းရေ မလွှမ်းမိုးမီကတည်းကပင် ကြိုတင်စီမံထားရမည်ဟု နည်းဥပဒေ(၁၀၄)တွင် ပြဋ္ဌာန်းထားရှိပါသည်။

(၃) လုပ်ပိုင်ခွင့်နယ်နိမိတ်။ နည်းဥပဒေပုဒ်မ ၁၀၅ တွင် နည်းပုဒ်မခွဲ (က) မှ (ဃ) အထိ ပြဋ္ဌာန်းထားရှိပြီး နည်းဥပဒေပုဒ်မခွဲ(ဃ)တွင် “စိုက်ပျိုးနိုင်သော မြေသားနယ်နိမိတ်ကို တိုင်းတာ၍ မြေပုံသတ်မှတ်ရေးဆွဲခြင်းနှင့် ဧရိယာတွက်ချက်ခြင်းများဆောင်ရွက်ပြီး တွက်ချက်ရရှိသော ဧရိယာအပေါ် အခြေခံရမည်ဟု” ပြဋ္ဌာန်းထားရှိပါသည်။

(၄) လုပ်ပိုင်ခွင့်ရှိသူများ။ နည်းဥပဒေပုဒ်မ ၁၀၆ တွင် နည်းဥပဒေ ပုဒ်မခွဲ (က) မှ (စ) အထိ ပြဋ္ဌာန်းထားရှိပြီး နည်းဥပဒေပုဒ်မခွဲ (က) တွင် “ယခင်နှစ်က လုပ်ပိုင်ခွင့်ချထားပေးခဲ့မှုကိုလည်း ထည့်သွင်းစဉ်းစားနိုင်သည်၊ သို့ရာတွင် ယင်းအချက်ကို အဓိကအခြေခံ၍ သတ်မှတ်ခြင်းမပြုရ” ဟု လည်းကောင်း၊ နည်းဥပဒေပုဒ်မခွဲ (ခ)တွင် “မြေနုကျွန်းမြေနှင့် အနီးကပ်ဆုံးဟု သတ်မှတ်သည့် ကျေးရွာမှ စီးပွားရေးစစ်တမ်းအရ ထွန်ယက်စိုက်ပျိုးနိုင်သော အင်အားရှိသည့် လယ်မဲ့ယာမဲ့များ၊ သူရင်းငှားများနှင့် လယ်ယာလုပ်သားများကိုသာ လုပ်ပိုင်ခွင့်ချထားပေးရန် ရွေးချယ်ရမည်” ဟု လည်းကောင်း၊ နည်းဥပဒေပုဒ်မခွဲ (င) တွင် “တောင်သူလယ်သမားအိမ်ထောင်သားစု တစ်စုအတွက် သတ်မှတ်လျာထားသည့် ဧရိယာအတိုင်းအကွက်များရိုက်၍ အမှတ်စဉ်တပ်ထားရမည်” ဟုလည်းကောင်း၊ နည်းဥပဒေပုဒ်မခွဲ (စ) တွင် “ရွေးချယ်ထားသည့် တောင်သူလယ်သမား အိမ်ထောင်သားစုများအား ယင်းတို့၏ ကျေးရွာနှင့် နီးစပ်ရာအကွက်များကို မဲစနစ်ဖြင့် ချထားပေးရမည်” ဟုလည်းကောင်း ပြဋ္ဌာန်းထားရှိပါသည်။

မြေပြင်ကွင်းဆင်းလေ့လာမှုများအရလည်းကောင်း ဧရာဝတီတိုင်းဒေသကြီး၊ မြစ်ဝကျွန်းပေါ်ဒေသရှိ ဒေသခံလယ်မဲ့ယာမဲ့များနှင့် တောင်သူလယ်သမားများ၏ တင်ပြချက်များအရလည်းကောင်း လက်ရှိကျင့်သုံးလျှက်ရှိသော အထက်ပါနည်းဥပဒေပြဋ္ဌာန်းချက်များသည် ပြည့်စုံကောင်းမွန်မှုရှိသော်လည်း မြေနုကျွန်းပိုင်ဆိုင်မှု အငြင်းပွားခြင်းပြဿနာများမှာ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာရုံသာမက နိုင်ငံ၏လမ်းပြဦးဆောင်ရာအဖွဲ့အစည်းဖြစ်သော အစိုးရအဆက်ဆက်၏ စီမံခန့်ခွဲမှုများကိုပင် အယုံအကြည်နည်းကာ အားကိုးလိုစိတ်လျော့ပါးလာကြသည့် အခြေအနေထိပင် ရောက်ရှိနေပါသည်။

ဥပဒေဟူသည် လူ/ပုဂ္ဂိုလ်၊ အဖွဲ့အစည်းတစ်ခုခုတို့အားဖြစ်စေ၊ယင်းတို့၏ လုပ်ဆောင်မှုများအပေါ်၌ဖြစ်စေ အကာအကွယ်ပေးခြင်းနှင့် စနစ်တကျရှိစေခြင်းတို့အတွက် ရည်ရွယ်ကာ လူ့ဘောင်အဖွဲ့အစည်းအတွက် မရှိမဖြစ်ပြဋ္ဌာန်းချက်များဖြစ်ပြီး နားလည်ရန်ခက်ခဲသော ဥပဒေပြဋ္ဌာန်းချက်များကြောင့် ပညာမဲ့၊ လယ်မဲ့ယာမဲ့ဒေသခံလူတန်းစားများအပေါ် ဥပဒေအားလက်တစ်လုံးခြားပြု၍ မသမာသူများ၏နိုင်ထက်စီးနင်းပြုခြင်းနှင့် အဂတိမှုများကျူးလွန်ခြင်းများမရှိစေရန် မြစ်ဝကျွန်းပေါ်ဒေသနေ ဒေသခံလယ်မဲ့ယာမဲ့များနှင့် တောင်သူလယ်သမားများကိုယ်စား အထက်ပါ နည်းဥပဒေပြဋ္ဌာန်းချက်အချို့အား နောက်ဆက်တွဲပါအတိုင်း ပြင်ဆင်ပေးပါရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုအား လေးစားစွာတင်ပြအပ်ပါသည်။


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၂ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) မှ ဦးမျိုးသန့် ၏

အဆိုအပေါ် စိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ ဒုတိယလွှတ်တော်ဥက္ကဋ္ဌ နှင့် လွှတ်တော် ကိုယ်စားလှယ်ကြီးများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများခင်ဗျား-

မင်္ဂလာပါလို့ နှုတ်ခွန်းဆက်ပါကြောင်းနှင့် ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ ချမ်းသာကြပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။

ကျွန်တော်ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း ဖြစ်ပါတယ်။

ဥက္ကဋ္ဌကြီးခင်ဗျား အချက်အလက်များနှင့် တင်ပြနိုင်ရန်အတွက် Power Point အသုံးပြုခွင့်ပြုပါရန် တင်ပြအပ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၆)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ ဦးမျိုးသန့်၏ “ လယ်ယာမြေနည်းဥပဒေ ၂ဝ၁၂ အမိန့်ကြော်ငြာစာအမှတ် ၂/၂ဝ၁၂ ၏ အခန်း ၁၂ ပါ ပုဒ်မ ၁ဝ၃၊ ပုဒ်မ ၁၀၄၊ ပုဒ်မ ၁ဝ၆ ၏ ပုဒ်မခွဲ (က)၊ (ခ)၊ (စ)နှင့် ပုဒ်မ ၁၁၂ ၏ ပုဒ်မခွဲ(က)တို့အား ပြင်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့ အားတိုက်တွန်းကြောင်းအဆို”နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဖြေကြားအပ်ပါသည်။

မြေနုကျွန်းမြေနှင့်ပတ်သက်၍ ၂၀၁၂ ခုနှစ် လယ်ယာမြေနည်းဥပဒေ၊ အခန်း(၁၂) တွင် နည်းဥပဒေ ၁၀၃ မှ နည်းဥပဒေ ၁၁၂ အထိ နည်းဥပဒေအပိုဒ်ပေါင်း(၁၀)ခုဖြင့် ပြဋ္ဌာန်းထားရှိပါ သည်။ အဆိုပါပြဋ္ဌာန်းထားရှိသည့် နည်းဥပဒေများအနက် လွှတ်တော်ကိုယ်စားလှယ်ကြီးမှ အဆိုပြုထားသည့် နည်းဥပဒေများမှာ အပိုဒ်ပေါင်း(၆) ခုအား အဆို တင်ပြထားသည်ကို တွေ့ရှိရပါတယ်။

လယ်ယာမြေဥပဒေပုဒ်မ ၃၊ ပုဒ်မခွဲ(ဂ)တွင် မြေနုကျွန်းမြေ၏ အဓိပ္ပာယ်ကို အောက်ပါအတိုင်းပြဋ္ဌာန်းထားရှိပါသည် -

"မြေနုကျွန်းမြေဆိုသည်မှာ ရေအောက်သို့ နစ်မြှုပ်လေ့ရှိပြီး ရေကြောင်းအနေအထားအရ တည်နေရာ၊ အကျယ်အဝန်း၊ မြေသားနှင့် ပုံသဏ္ဌာန်ပြောင်းလဲတတ်သည့် ခိုင်မြဲမှုမရှိသော မြေကိုဆိုသည်။"

လုပ်ပိုင်ခွင့်ချထားရမည့် မြေနုကျွန်းမြေများကို သတ်မှတ်ခြင်းနှင့် စပ်လျဉ်း၍ လယ်ယာမြေနည်းဥပဒေ- ၁ဝ၃ တွင် -

“မြေနုကျွန်းမြေများသည်လည်းကောင်း၊ မြေနုကျွန်းမြေ သို့မဟုတ် ကမ်းခြေနှင့်ဆက်စပ်၍ ပေါ်ထွန်းလာသော မြေနုများသည်လည်းကောင်း၊ အရွယ်အစားအားဖြင့်ဖြစ်စေ၊ တည်နေရာအားဖြင့်ဖြစ်စေ၊ ပုံသဏ္ဌာန်အားဖြင့်ဖြစ်စေ နှစ်စဉ်နှစ်တိုင်း ပြောင်းလဲလေ့ရှိသဖြင့် ပေါ်ထွန်းသော မြေနုကျွန်းမြေနှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့်ကို နှစ်စဉ်ချထားရမည်”ဟု ပြဋ္ဌာန်းထားရှိထားပါသည်။

အဆိုပါ လယ်ယာမြေနည်းဥပဒေ- ၁ဝ၃နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ကြီးမှ အဆိုပြုထားသည်မှာ-

“မြေနုကျွန်းမြေများသည်လည်းကောင်း၊ မြေနုကျွန်းမြေ သို့မဟုတ် ကမ်းခြေနှင့်ဆက်စပ်၍ ပေါ်ထွန်းလာသော မြေနုများသည်လည်းကောင်း အရွယ်အစားအားဖြင့်ဖြစ်စေ၊ တည်နေရာအားဖြင့်ဖြစ်စေ၊ ပုံသဏ္ဌာန်အားဖြင့်ဖြစ်စေ ပြောင်းလဲလေ့ရှိသဖြင့် “ပြောင်းလဲ” ပေါ်ထွန်းသော မြေနုကျွန်းမြေ “အသစ်”နှင့်စပ်လျဉ်း၍ လုပ်ပိုင်ခွင့်ကို နှစ်စဉ်ချထားရမည်” ဟု အဆိုပြုထားကြောင်း တွေ့ရှိရပါသည်။ 

လယ်ယာမြေနည်းဥပဒေ- ၁ဝ၃ ပြဋ္ဌာန်းချက်၏ ဆိုလိုရင်းမှာ မြေနုကျွန်းမြေများသည်လည်းကောင်း၊ မြေနုကျွန်းမြေ သို့မဟုတ် ကမ်းခြေနှင့်ဆက်စပ်၍ ပေါ်ထွန်းလာသော မြေနုများသည်လည်းကောင်း၊ အဆိုပါမြေနုများသည် ရေကျချိန်တွင် ပုံသဏ္ဌာန်အမျိုးမျိုးဖြစ်ပေါ်နိုင်ခြင်း၊ အရွယ်အစားအားဖြင့် ဧရိယာပြောင်းလဲမှုများ ရှိလာနိုင်ခြင်း၊ နုန်းတင်ကျန်ရစ်သည့် မြေဆီလွှာအခြေအနေပေါ်မူတည်၍ မြေသားအနေအထားများ ပြောင်းလဲမှုများရှိနိုင်ခြင်းစသည်ဖြင့် နှစ်စဉ်ရေကျချိန်တွင်ပေါ်ထွန်းလာသည့် မြေနုကျွန်းမြေ၏အနေအထားအပေါ်မူတည်၍ မြေဧရိယာတိုင်းတာစစ်ဆေးပြီး လုပ်ပိုင်ခွင့်အား နှစ်စဉ်ချထားနိုင်ရေးကို ပြဋ္ဌာန်းထားခြင်းဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

လယ်ယာမြေနည်းဥပဒေ- ၁ဝ၃ အား လွှတ်တော်ကိုယ်စားလှယ်ကြီးမှ ပြင်ဆင်ရန်အဆိုပြုတင်ပြချက်အပေါ် ပြန်လည်ရှင်းလင်းတင်ပြရမည်ဆိုပါက

• မြေနုကျွန်းမြေဆိုသည်မှာ ရေအောက်သို့ နစ်မြှုပ်လေ့ရှိပြီး ရေကြောင်းအနေအထားအရ တည်နေရာ၊ အကျယ်အဝန်း၊ မြေသားနှင့် ပုံသဏ္ဌာန်ပြောင်းလဲတတ်သည့် ခိုင်မြဲမှုမရှိသော မြေကိုဆိုသည်ဟု ပြဋ္ဌာန်းထားရှိသဖြင့် မြေနုကျွန်းမြေများသည် နှစ်စဉ်နှစ်တိုင်း ရေအောက်သို့ နှစ်မြုပ်လေ့ရှိပြီး ပြန်ပေါ်သည့်အချိန်တွင် တည်နေရာ၊ အရွယ်အစား၊ ပုံသဏ္ဌာန်များ မပြောင်းလဲသည့်တိုင် မြေသားအနေအထားများ ပြောင်းလဲလေ့ရှိပါသည်။

• မြေနုကျွန်းမြေများသည် နှစ်စဉ်ရေအောက်သို့ နစ်မြုပ်ပြီး ပြန်လည်ပေါ်ထွန်းလာသော မြေများဖြစ်ရာ ယခင်နှစ်က ပုံစံအတိုင်း မြေတည်နေရာ၊ အရွယ်အစားအတိအကျ ပေါ်နိုင်မည်ဟု ခန့်မှန်းနိုင်ခြင်းမရှိပါ။ ယခင်နှစ်ထက်ပိုမို၍ ပေါ်ထွန်းလာမည်ဟု မသိနိုင်သလို ယခင်နှစ်အောက် လျော့နည်းမည်ဟုလည်း အတိအကျ မသိရှိနိုင်ပါ။

• လွှတ်တော်ကိုယ်စားလှယ်၏ အဆိုပြုချက်အရ “အသစ်” ပေါ်ထွန်းမှုကိုသာ ခွဲဝေပေးထားနိုင်မည်ဆိုသော်လည်း ဧရိယာလျော့နည်း၍ ပေါ်ထွန်းလာသော မြေနုကျွန်းမြေများဖြစ်ပါက မြေယာခွဲဝေချထားမှု ပိုမို၍ ရှုပ်ထွေးလာနိုင်ပါသည်။

• ထို့အပြင် မြေနုကျွန်းမြေများသည် မြေဆီဩဇာကောင်းမွန်သောမြေများဖြစ်ခြင်းကြောင့် သာမန်အခြားလယ်ယာမြေများနှင့်နှိုင်းယှဉ်ပါက အကျိုးအမြတ်အလွန်များသဖြင့် ယခင်ချထားပေးသူများကိုသာ ဆက်လက်ချထားမည်ဆိုပါက မျှတမှုမရှိနိုင်သည့်အချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ကြောင်း တွေ့ရှိရပါသည်။

• မြေနုကျွန်းမြေများသည် နှစ်စဉ်ရေအောက်သို့ နစ်မြုပ်ပြီး တည်နေရာ၊ အရွယ်အစား၊ ပုံသဏ္ဌာန်အမျိုးမျိုးဖြင့် ပေါ်ထွန်းသည့် ခိုင်မြဲမှုမရှိသောမြေနုများဖြစ်သဖြင့် မြေနုကျွန်းမြေအားလုံးသည် အသစ်ဟု သုံးသပ်မှသာ ပိုမိုသင့်လျော်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

မြေနုကျွန်းမြေလုပ်ပိုင်ခွင့်ချထားပေးရမည့် အချိန်ကာလကိုလည်း လယ်ယာမြေနည်းဥပဒေ- ၁ဝ၄ တွင်အောက်ပါအတိုင်းပြဋ္ဌာန်းထားရှိပါသည် -

မြေနုကျွန်းမြေလုပ်ပိုင်ခွင့်ကို တစ်နှစ်တစ်ရာသီအတွက်သာ ချထားရမည်ဖြစ်ပြီး နှစ်စဉ် နွေထယ်ရေးအမီ ကျွန်းရေမလွှမ်းမိုးမီကတည်းကပင် ကြိုတင်စီမံထားရမည်။

အဆိုပါ လယ်ယာမြေနည်းဥပဒေ- ၁၀၄နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ကြီးမှ အဆိုပြုထားသည်မှာ-

“ရေကျ၍ ပြန်ပေါ်လာချိန်တွင် ပုံသဏ္ဌာန်၊ တည်နေရာများ မပြောင်းလဲသည့် မြေနုကျွန်းမြေလုပ်ပိုင်ခွင့်ကို မူလလုပ်ပိုင်ခွင့်ရထားသူအား ခွင့်ပြုရပြီး၊ ပြောင်းလဲသွားသော ကျွန်းနုမြေအသစ်များ၏ လုပ်ပိုင်ခွင့်ကို စီးပွားရေးစစ်တမ်းအရ ထွန်ယက်စိုက်ပျိုးနိုင်သော အင်အားရှိသည့် လယ်မဲ့ယာမဲ့များ၊ သူရင်းငှားများနှင့် လယ်ယာလုပ်သားများကိုသာ လုပ်ပိုင်ခွင့်ချထားရန်ဖြစ်ပြီး နှစ်စဉ် နွေထယ်ရေးအမီ ကျွန်းရေမလွှမ်းမိုးမီ ကတည်းကပင် ကြိုတင်စီမံထားရမည်" ဟု အဆိုပြုတင်ပြထားကြောင်း တွေ့ရှိရပါသည်။

လယ်ယာမြေနည်းဥပဒေ-၁ဝ၄ ပြဋ္ဌာန်းချက်၏ဆိုလိုရင်းမှာ မြေနုကျွန်းမြေများသည် ရေကျချိန်တွင်ပုံသဏ္ဌာန်အမျိုးမျိုးဖြစ်ပေါ်နိုင်ခြင်း၊ အရွယ်အစားအားဖြင့် ဧရိယာပြောင်းလဲမှုများရှိလာနိုင်ခြင်း၊ နုန်းတင်ကျန်ရစ်သည့် မြေဆီလွှာအခြေအနေပေါ်မူတည်၍ မြေသားအနေအထားများ ပြောင်းလဲမှုများရှိနိုင်ခြင်းစသည်ဖြင့် နှစ်စဉ်ရေကျချိန်တွင်ပေါ်ထွန်းလာသည့် မြေနုကျွန်းမြေ၏ အနေအထားအပေါ်မူတည်၍ မြေဧရိယာတိုင်းတာစစ်ဆေးပြီး တစ်နှစ်လျှင်တစ်ရာသီသာ စိုက်ပျိုးလုပ်ကိုင်ရန်အတွက် လုပ်ပိုင်ခွင့်ချထားပေးရန်နှင့် နှစ်စဉ်နှစ်တိုင်း နွေထယ်ရေးအမီ ကျွန်းရေမလွှမ်းမိုးမီကတည်းကပင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များမှ ကြိုတင်စီမံထားရှိရန် ပြဋ္ဌာန်းပေးထားခြင်းဖြစ်ကြောင်း တင်ပြအပ်ပါသည်။

လယ်ယာမြေနည်းဥပဒေ- ၁ဝ၄ အား လွှတ်တော်ကိုယ်စားလှယ်ကြီးမှ ပြင်ဆင်ရန် အဆိုပြုတင်ပြချက်အပေါ် ပြန်လည်ရှင်းလင်းတင်ပြရမည်ဆိုပါက

• ရေကျ၍ပြန်ပေါ်လာချိန်တွင် ကျွန်းများအနက်အချို့မြေနုကျွန်းများသည် ဧရိယာအတိုး/အအလျှော့ဖြစ်ပေါ်လေ့ရှိပါသည်။ ဧရိယာလျော့သွားသော မြေနုကျွန်းများတွင် မူလလုပ်ပိုင်ခွင့်ရထားသူအား ခွင့်ပြုမည်ဆိုပါက လျော့သွားသောဧရိယာတွင် လုပ်ကိုင်သူများအနေဖြင့် လုပ်ကိုင်ရန်မြေယာမရှိလျှင် ကျေးရွာလူထုအတွင်း စီးပွားရေးမညီမျှခြင်း၊ စည်းလုံးညီညွှတ်မှုပျက်ပြားခြင်း၊ မြေယာအငြင်းပွားခြင်းစသည့်ကိစ္စရပ်များဖြစ်ပေါ်နိုင်ကြောင်း တွေ့ရှိရပါသည်။

• ရေကျ၍ ပြန်ပေါ်လာသည့်မြေသည် တည်နေရာ၊ အရွယ်အစား၊ ပုံသဏ္ဌာန်၊ မြေသားပြောင်းလဲမှုမရှိဘဲ နှစ်ကာလအတန်ကြာသည်အထိ တည်ငြိမ်နေပါက မြေနုကျွန်းမြေအဖြစ် မသတ်မှတ်ဘဲ မြေရင့်အဖြစ်သတ်မှတ်ပြီး လယ်ယာမြေဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆက်လက်ဆောင်ရွက်ရမည်ဖြစ်၍ မြေနုကျွန်းမြေဆိုသည့် အဓိပ္ပါယ်ဖွင့်ဆိုမှုအောက်တွင် မရှိသည့်မြေများသာဖြစ်ကြောင်း တင်ပြအပ်ပါသည်။

မြေနုကျွန်းမြေလုပ်ပိုင်ခွင့်ချထားခြင်းနှင့်စပ်လျဉ်း၍ လယ်ယာမြေနည်းဥပဒေ ၁ဝ၆၊ နည်းဥပဒေခွဲ(က) တွင် -

“ယခင်နှစ်က လုပ်ပိုင်ခွင့်ချထားပေးခဲ့မှုကိုလည်း ထည့်သွင်းစဉ်းစားနိုင်သည်။ သို့ရာတွင် ယင်းအချက်ကိုအဓိကအခြေခံ၍ သတ်မှတ်ခြင်းမပြုရ" ဟု ပြဋ္ဌာန်းထားပါသည်။

အဆိုပါ လယ်ယာမြေနည်းဥပဒေ- ၁ဝ၆၊ နည်းဥပဒေခွဲ(က)နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ကြီးမှ အဆိုပြုထားသည်မှာ -

“ရေကျ၍ ပြန်ပေါ်လာချိန်တွင် ပုံသဏ္ဌာန်၊ တည်နေရာများ မပြောင်းလဲသည့် မြေနုကျွန်းမြေလုပ်ပိုင်ခွင့်ကို ယခင်နှစ်က လုပ်ပိုင်ခွင့်ရထားသူအား လုပ်ပိုင်ခွင့်ပြုရမည်" ဟု အဆိုပြုတင်ပြထားကြောင်း တွေ့ရှိရပါသည်။

လယ်ယာမြေနည်းဥပဒေ- ၁ဝ၆ ပါ ပြဋ္ဌာန်းချက်တစ်ခုလုံး၏ ဆိုလိုရင်းမှာ -

မြေနုကျွန်းမြေ လုပ်ပိုင်ခွင့်ချထားပေးရာတွင် ယခင်နှစ်က လုပ်ပိုင်ခွင့်ချထားပေးခဲ့မှုကို ထည့်သွင်းစဉ်းစားနိုင်သော်လည်း အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့် ပတ်ဝန်းကျင်ရှိ အနီးဆုံးကျေးရွာများမှ စီးပွားရေးစစ်တမ်းများအရ ထွန်ယက်စိုက်ပျိုးနိုင်သော အင်အားရှိသည့် လယ်မဲ့ယာမဲ့များ၊ သူရင်းငှားများနှင့် လယ်ယာလုပ်သားများ၏ အခြေအနေတို့ကို အဓိကအခြေခံ၍ ရွေးချယ်ထားသည့် တောင်သူလယ်သမား အိမ်ထောင်သားစုများအား အိမ်ထောင်သားစုတစ်စုအတွက် သတ်မှတ်လျာထားသည့် ဧရိယာအတိုင်း ချထားပေးရန် ပြဋ္ဌာန်းထားခြင်းဖြစ်ပါသည်။

လယ်ယာမြေနည်းဥပဒေ-၁ဝ၆၊ နည်းဥပဒေခွဲ(က)အား

လွှတ်တော်ကိုယ်စားလှယ်ကြီးမှ ပြင်ဆင်ရန် အဆိုပြုတင်ပြချက်အပေါ် ပြန်လည်ရှင်းလင်းတင်ပြရမည်ဆိုပါက

• မြေနုကျွန်းမြေကို လုပ်ပိုင်ခွင့်ချထားရာတွင် အလုပ်အကိုင်အခွင့်အလမ်းနည်းပါးသည့်ပတ်ဝန်းကျင်ရှိ အနီးဆုံးကျေးရွာများမှ စီးပွားရေးစစ်တမ်းများအရ ထွန်ယက်စိုက်ပျိုးနိုင်သော အင်အားရှိသည့် လယ်မဲ့ယာမဲ့များ၊ သူရင်းငှားများနှင့် လယ်ယာလုပ်သားများအခြေအနေတို့ကို အဓိကအခြေခံ၍ နှစ်စဉ်ချထားပေးခြင်းဖြစ်ပါသည်။

• ယခင်နှစ်က ချထားပေးသူများကိုသာ အခွင့်အရေးပေး၍ ခွဲဝေချထားပါက အကျိုးအမြတ်ရရှိနိုင်မှု အခွင့်အရေးများပြားသည့်မြေအား တစ်ဦးတည်းကိုသာ ဦးစားပေးချထားသကဲ့သို့ ဖြစ်နိုင်ပါကြောင်း၊ ကျေးရွာလူထုအတွင်း စီးပွားရေးမညီမျှခြင်း၊ စည်းလုံးညီညွှတ်မှုပျက်ပြားခြင်း၊ မြေယာအငြင်းပွားခြင်းစသည့်ကိစ္စရပ်များ ဖြစ်ပေါ်နိုင်သဖြင့် ယခင်နှစ်လုပ်ကိုင်သူကို ထည့်သွင်းစဉ်းစားပြီး ကျေးရွာလူထုအတွင်း စီးပွားရေးမညီမျှခြင်း၊ စည်းလုံးညီညွှတ်မှုပျက်ပြားခြင်း၊ မြေယာအငြင်းပွားခြင်းစသည့်ကိစ္စရပ်များ မဖြစ်ပေါ်အောင် ချင့်ချိန်သုံးသပ်ရမည့်ကိစ္စဖြစ်ပါသည်။

မြေနုကျွန်းမြေ လုပ်ပိုင်ခွင့်ချထားခြင်းနှင့်စပ်လျဉ်း၍ လယ်ယာမြေနည်းဥပဒေ ၁ဝ၆၊ နည်းဥပဒေခွဲ(ခ) တွင် -

“မြေနုကျွန်းမြေနှင့် အနီးကပ်ဆုံးဟု သတ်မှတ်သည့်ကျေးရွာမှ စီးပွားရေးစစ်တမ်းအရ ထွန်ယက်စိုက်ပျိုးနိုင်သော အင်အားရှိသည့် လယ်မဲ့ယာမဲ့များ၊ သူရင်းငှားများနှင့် လယ်ယာလုပ်သားများကိုသာ လုပ်ပိုင်ခွင့်ချထားပေးရန် ရွေးချယ်ရမည်"ဟု ပြဋ္ဌာန်းထားရှိပါသည်။

အဆိုပါ လယ်ယာမြေနည်းဥပဒေ- ၁ဝ၆၊ နည်းဥပဒေခွဲ(ခ)နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ကြီးမှ အဆိုပြုထားသည်မှာ-

“မြေနုကျွန်းမြေအသစ်နှင့် အနီးကပ်ဆုံးဟု သတ်မှတ်သည့်ကျေးရွာမှ နောက်ဆုံးအခြေအနေနှင့်ကိုက်ညီသော စီးပွားရေးစစ်တမ်းအရ ထွန်ယက်စိုက်ပျိုးနိုင်သော အင်အားရှိသည့် လယ်မဲ့ယာမဲ့များ၊ သူရင်းငှားများနှင့် လယ်ယာလုပ်သားများကိုသာ လုပ်ပိုင်ခွင့်ချထားပေးရန် ပွင့်လင်းမြင်သာစွာ ရွေးချယ်ရမည်”ဟု အဆိုပြုတင်ပြထားကြောင်း တွေ့ရှိရပါသည်။

လယ်ယာမြေနည်းဥပဒေ-၁ဝ၆၊ နည်းဥပဒေခွဲ(ခ)အား လွှတ်တော်ကိုယ်စားလှယ်ကြီးမှ ပြင်ဆင်ရန် အဆိုပြုတင်ပြချက်အပေါ် ပြန်လည်ရှင်းလင်းတင်ပြရမည်ဆိုပါက -

• လယ်ယာမြေနည်းဥပဒေ ၁၀၄ တွင် ဖော်ပြပါအတိုင်း မြေနုကျွန်းမြေလုပ်ပိုင်ခွင့်ကို တစ်နှစ်တစ်ရာသီအတွက်သာ ချထားရမည်ဖြစ်ပြီး နှစ်စဉ် နွေထယ်ရေးအမီ ကျွန်းရေမလွှမ်းမိုးမီကတည်းကပင် ကြိုတင်စီမံထားရမည်ဖြစ်သည့်အတွက် နှစ်စဉ် တစ်နှစ်တစ်ကြိမ် နောက်ဆုံးအခြေအနေနှင့်ဆောင်ရွက်ရန် ပြဋ္ဌာန်းထားပြီးဖြစ်ပါသည်။

• ယင်းသို့ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက လုပ်ကိုင်ခွင့်ချထားသူစာရင်းကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်ဖြစ်ရာ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များတွင် တောင်သူလယ်သမားကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများ ပါဝင်ဖွဲ့စည်းထားပြီးဖြစ်ခြင်းတို့ကြောင့် ပွင့်လင်းမြင်သာမှုနှင့် အဆင့်ဆင့်ကြီးကြပ်မှုရှိအောင် စီမံဆောင်ရွက်ထားရှိပြီးဖြစ်သည်ကို စိစစ်တွေ့ရှိရပါသည်။

• ၂၀၂၀ ပြည့်နှစ် လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေပုဒ်မ-၁၁ အရ “မြေနုကျွန်းမြေလုပ်ကိုင်ခွင့်ချထားခြင်းနှင့်စပ်လျဉ်း၍ အုပ်ချုပ်မှုနယ်မြေအပေါ် အခြေခံရမည်”ဟု ပြင်ဆင်ပြဋ္ဌာန်းထားရှိပြီး၊ နည်းဥပဒေ ၁၀၆(ခ)ပါ မြေနုကျွန်းမြေနှင့် အနီးကပ်ဆုံးသတ်မှတ်သည့်ကျေးရွာဟု ဖော်ပြထားရှိမှုအပေါ် တည်ဆဲလယ်ယာမြေနည်းဥပဒေနှင့် ပြင်ဆင်သည့်ဥပဒေပါ ပြဋ္ဌာန်းချက်အရ ပြန်လည်ပြင်ဆင်နိုင်ရေးအတွက် အဘက်ဘက်မှသုံးသပ်၍ ကျယ်ပြန့်စွာ ဆွေးနွေးဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။

မြေနုကျွန်းမြေလုပ်ပိုင်ခွင့်ချထားခြင်းနှင့်စပ်လျဉ်း၍ လယ်ယာမြေနည်းဥပဒေ ၁ဝ၆၊ နည်းဥပဒေခွဲ(စ) တွင် -

“ရွေးချယ်ထားသည့် တောင်သူလယ်သမား အိမ်ထောင်သားစုများအား ယင်းတို့၏ ကျေးရွာနှင့် နီးစပ်ရာအကွက်များကို မဲစနစ်ဖြင့် ချထားပေးရမည်” ဟု ပြဋ္ဌာန်းထားပါသည်။

အဆိုပါ လယ်ယာမြေနည်းဥပဒေ- ၁ဝ၆၊ နည်းဥပဒေခွဲ(စ)နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ကြီးမှ အဆိုပြုထားသည်မှာ-

“နည်းဥပဒေခွဲ(ခ)အရ လုပ်ပိုင်ခွင့်အကျုံးဝင်သူအားလုံး၏ အမည်စာရင်းအား ပွင့်လင်းမြင်သာစွာစာရင်းပြုစုကြော်ငြာ၍ နည်းဥပဒေခွဲ(င)အရ အမှတ်စဉ်တပ်ပြီးသော မြေနုကျွန်းမြေသစ်အား မဲနှိုက်စနစ်ဖြင့် ရွေးချယ်လုပ်ပိုင်ခွင့်ပေးခြင်းတို့အား လုပ်ငန်းအဆင့်အလိုက် ပွင့်လင်းမြင်သာစွာ အဆင့်ဆင့်ဆောင်ရွက်ရမည်" ဟု အဆိုပြုတင်ပြထားကြောင်း တွေ့ရှိရပါသည်။

လယ်ယာမြေနည်းဥပဒေ-၁ဝ၆၊ နည်းဥပဒေခွဲ(စ)အား လွှတ်တော်ကိုယ်စားလှယ်ကြီးမှ ပြင်ဆင်ရန် အဆိုပြုတင်ပြချက်အပေါ် ပြန်လည်ရှင်းလင်းတင်ပြရမည်ဆိုပါက

မြေနုကျွန်းမြေချထားခြင်း ဆောင်ရွက်ရာတွင် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုလယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များက လုပ်ကိုင်ခွင့်ချထားသူစာရင်းကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမည်ဖြစ်ရာ ရပ်ကွက်/ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့များတွင် တောင်သူလယ်သမားကိုယ်စားလှယ်များနှင့် ရပ်မိရပ်ဖများ ပါဝင်ဖွဲ့စည်းထားပြီးဖြစ်ခြင်းတို့ကြောင့် ပွင့်လင်းမြင်သာမှုနှင့် အဆင့်ဆင့်ကြီးကြပ်မှုရှိအောင် ဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားရှိပြီးဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။

မြေနုကျွန်းမြေလုပ်ကိုင်မှုအား မြေခွန်ထမ်းဆောင်ခြင်းနှင့်စပ်လျဉ်း၍ လယ်ယာမြေနည်းဥပဒေ ၁၁၂၊ နည်းဥပဒေခွဲ(က) တွင် –

“တစ်နှစ်တစ်ရာသီသာ လုပ်ပိုင်ခွင့်ရရှိခြင်းဖြစ်သဖြင့် မှတ်ပုံတင်ကြေးပေးဆောင်ရန်မလိုဘဲ မြေခွန်ကိုသာ ထမ်းဆောင်ရမည်" ဟု ပြဋ္ဌာန်းထားပါသည်။

အဆိုပါ လယ်ယာမြေနည်းဥပဒေ- ၁၁၂၊ နည်းဥပဒေခွဲ(က)နှင့်ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ကြီးမှ အဆိုပြုထားသည်မှာ-

“မြေခွန်ကိုသာ ထမ်းဆောင်ရမည်။" ဟု အဆိုပြုတင်ပြထားကြောင်း တွေ့ရှိရပါသည်။

လယ်ယာမြေနည်းဥ ပဒေ-၁၁၂၊ နည်းဥပဒေခွဲ(က)၏ ဆိုလိုချက်အား လွှတ်တော်ကိုယ်စားလှယ်ကြီးမှပြင်ဆင်ရန် အဆိုပြုတင်ပြချက်အပေါ်  ပြန်လည်ရှင်းလင်းတင်ပြရမည်ဆိုပါက

မြေနုကျွန်းမြေသည် လယ်ယာမြေဟူသည့် စကားရပ်တွင် ပါဝင်သော်လည်း ခိုင်မြဲမှုမရှိ၍ တစ်နှစ်တစ်ရာသီသာ လုပ်ပိုင်ခွင့်ကို ခွင့်ပြုထားရှိခြင်းဖြစ်ပြီး လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇) ထုတ်ပေးထားခြင်းမပြုသဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်အတွက် မှတ်ပုံတင်ကြေးပေးဆောင်ရန်မလိုဘဲ စည်းကြပ်သည့် မြေခွန်ကိုသာ ထမ်းဆောင်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားပြီးဖြစ်ပါကြောင်း ဖြေကြားအပ်ပါသည်။ 

မြေနုကျွန်းမြေလုပ်ကိုင်ခွင့်ရရှိရေးနှင့်ပတ်သက်၍ အောက်ဖော်ပြပါ အခြေခံအချက်များထဲအနက်မှ တစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ဖြစ်စေ အများစုဖြစ်စေ ပြေလည်မှုမရှိခဲ့သောကြောင့် မြေနုကျွန်းမြေအငြင်းပွားမှုပြဿနာများဖြစ်ပေါ်လာခဲ့ကြောင်း လေ့လာတွေ့ရှိရပါသည် -

• နယ်နိမိတ်ကို အခြေခံ၍ သူရထိုက်သည် ငါရထိုက်သည်ဆို၍ အငြင်းပွားကြခြင်း၊

• မြေနုမြေရင့်ရောထွေး၍ အငြင်းပွားမှုဖြစ်ပေါ်လာခြင်း၊

• ပြဋ္ဌာန်းထားသည့် မြေယာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအပေါ်အခြေခံ၍ အငြင်းပွားကြခြင်း၊

• ရေတိုက်စားမှုကြောင့် ကမ်းပါးပြိုခြင်းခံရ၍ ရွှေ့ပြောင်းအခြေစိုက်ရာမှ မူလနှစ်စဉ် လုပ်ကိုင်ခဲ့ရသောကျွန်းနှင့် အလှမ်းကွာဝေးလာမှုကြောင့် ယခင်သီးစားချထားရေးဥပဒေအရ ချန်လှပ်ခံရမှုကိုမကျေနပ်၍ အငြင်းပွားကြခြင်း၊

• မိမိကမ်းမှပြိုသွားသော မြေဖြစ်သည်ဟု မြေဟောင်းပြန်ရလိုမှုဖြင့် အငြင်းပွားကြခြင်း၊

• ယခင်နှစ်လုပ်ခဲ့ရသည်ဆိုသည့် လက်ငုတ်အပေါ်အခြေခံ၍ အငြင်းပွားကြခြင်း၊

• မြေနုကျွန်းပေါ်သည်နှင့် ဝင်ရောက်လက်ဦးမှုရယူရာမှ အငြင်းပွားကြခြင်း၊

• အမှုဟောင်းမှ မကျေနပ်မှုကို ပြန်လည်ဖော်ထုတ်၍ အငြင်းပွားကြခြင်း၊

• ရရှိလာမည့် အကျိုးအမြတ်ပေါ် စီးပွားရေးမညီမျှမှုကြောင့် အငြင်းပွားကြခြင်း၊

မြေနုကျွန်းမြေနှင့်ပတ်သက်၍ တိုင်းခြား/မြို့နယ်ခြား အုပ်ချုပ်ရေးဆိုင်ရာ နယ်နိမိတ်အငြင်းပွားမှုနှင့်စပ်လျဉ်းသည့် ယခင်ကာလက အရေးယူဆောင်ရွက်ခဲ့ရသည့်ဖြစ်စဉ်များလည်း အများအပြားရှိခဲ့ရာ တစ်ချို့တစ်ဝက်အား နမူနာအနေဖြင့် တင်ပြအပ်ပါသည်-

• စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ကမ်းဖြူကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ ဟင်္သာမကျေးရွာအကြား မြေနုကျွန်းမြေကိစ္စ 

• စစ်ကိုင်းတိုင်းဒေသကြီး၊ ဝက်လက်မြို့နယ်၊ ငါးရယ်ကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ သဲကျွန်းကျေးရွာအကြား မြေနုကျွန်းမြေကိစ္စ

• စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ စဉ့်ကိုင်ကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ အေးကျွန်းကျေးရွာအကြား မြေနုကျွန်းမြေကိစ္စ

• စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုပ်ဖိုကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ပျဉ်ကာကျေးရွာအကြား မြေနုကျွန်းမြေကိစ္စ

• စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ထုံးဖိုကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ ရွှေဂဲပြန်ကျေးရွာအကြား မြေနုကျွန်းမြေကိစ္စ

• စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အုန်းတဇင်ကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့ နယ်၊ ရောက်မဆုတ်ကျေးရွာအကြား မြေနုကျွန်းမြေကိစ္စ

• စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ထန်းမြင့်လက်ပန်ကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ကျွန်းဆင်ကျေးရွာအကြား မြေနုကျွန်းမြေကိစ္စ

• စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ အာလောင်ကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ယဉ်းတော်ကျေးရွာအကြား မြေနုကျွန်းမြေကိစ္စ

• စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ မြေတိုင်ကျေးရွာ၊ ပါယ်ငါးဆယ်ကျေးရွာ၊ အာလောင်ကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ဟင်းရွက်စုကျေးရွာ၊ ဓါးမကျကျေးရွာအကြား မြေနုကျွန်းမြေကိစ္စ

• စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာနှင့် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ပေါက်မြိုင်ကျေးရွာအကြား မြေနုကျွန်းမြေကိစ္စ

• မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာ၊ ပတ္တာကျေးရွာနှင့် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ဆင်တဲကျေးရွာအကြား မြေနုကျွန်းမြေကိစ္စ

• မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ပတ္တာကျေးရွာနှင့် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ နေရင်းကျေးရွာ၊ ပေါက်တောကျေးရွာအကြား မြေနုကျွန်းမြေကိစ္စ

• မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ လေးအိမ်တန်းကျေးရွာနှင့် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ နယ်၊ နတ်ညွှန်းကျေးရွာအကြား မြေနုကျွန်းမြေကိစ္စ

• မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ လိပ်ကုန်းကျေးရွာနှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရွှေတန်းတစ်ကျေးရွာအကြား မြေနုကျွန်းမြေကိစ္စ

• မန္တလေးတိုင်းဒေသကြီး၊ ပုဂံညောင်ဦးမြို့နယ်၊ အောက်ညည့်ကျေးရွာနှင့် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ကြားကျွန်းကျေးရွာ၊ ရာကျော်ခုံကျေးရွာအကြား မြေနုကျွန်းမြေကိစ္စ 

သို့ဖြစ်ပါ၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၏ “လယ်ယာမြေနည်းဥပဒေ၊ ၂ဝ၁၂ အမိန့်ကြော်ငြာစာအမှတ်(၂/၂ဝ၁၂)၏ အခန်း ၁၂ ပါ နည်းဥပဒေ ၁ဝ၃၊ နည်း ဥပဒေ ၁ဝ၄၊ နည်းဥပဒေ ၁ဝ၆ ၏ နည်းဥပဒေခွဲ (က)၊ (ခ)၊ (စ)နှင့် နည်းဥပဒေ ၁၁၂ ၏ နည်းဥပဒေခွဲ (က)တို့အား ပြင်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို”နှင့်စပ်လျဉ်း၍ လွှတ်တော်ကိုယ်စားလှယ်ကြီးမှတင်ပြသည့် ပြင်ဆင်လိုသည့်အချက်များသာ ပြင်ဆင်သင့်ကြောင်းအဆိုအား မှတ်တမ်းတင်ထားရှိပြီး အဆိုပါ ပြင်ဆင်ချက်အပြင် ၂၀၂၀ ပြည့်နှစ်၊ လယ်ယာမြေဥပဒေကို ပြင်ဆင်သည့်ဥပဒေပုဒ်မ-၁၁ ပါပြဋ္ဌာန်းချက်အပေါ် လယ်ယာမြေနည်းဥပဒေတွင် အခြားဆက်လက်ဆောင်ရွက်ရမည့်ကိစ္စရပ်များ များစွာကျန်ရှိနိုင်ပါသဖြင့် လက်ရှိအချိန်၌ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ရန် လိုအပ်မှု ရှိ/ မရှိ ကို အဘက်ဘက်မှ လေ့လာသုံးသပ်၍ ကျယ်ပြန့်စွာ ဆွေးနွေးဆောင်ရွက်သွားရန် လိုအပ်မည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါသည်။

အားလုံးကိုကျေးဇူးတင်ရှိပါသည်။

အဆိုဆက်လက်ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း

ဧရာဝတီတိုင်းဒေသကြီး။ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) ဦးမျိုးသန့် က လယ်ယာမြေနည်းဥပဒေ ၂၀၁၂ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၂ ၏ အခန်း ၁၂ ပါ ပုဒ်မ ၁၀၃၊ ပုဒ်မ ၁၀၄၊ ပုဒ်မ ၁၀၆ ၏ ပုဒ်မခွဲ(က)(ခ)(စ) နှင့် ပုဒ်မ ၁၁၂ ၏ ပုဒ်မခွဲ(က)တို့အား ပြင်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၄)ဦးက ဆက်လက်ဆွေးနွေးပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။