တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၁၈ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၇ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) မှ ဒေါ်ခင်ဆွေ ၏
အဆိုတင်သွင်းခြင်းနှင့် လက်ခံဆွေးနွေးရန် သင့်/မသင့်အဆုံးအဖြတ်ရယူခြင်း
လေးစားအပ်ပါသော လွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များအားလုံးနဲ့ မိဘပြည်သူများရှင့် ကျွန်မကတော့ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ဒေါ်ခင်ဆွေဖြစ်ပါတယ်ရှင့်။
ကျွန်မတင်သွင်းမယ့်အဆိုကတော့ နိုင်ငံအတွင်း အာမခံလုပ်ငန်းများရပ်ဆိုင်းခြင်း(သို့) ထွက်ခွာခြင်းများဖြစ်ပေါ်လာသည့်အခါ အာမခံထားသူပြည်သူများ၏ ရပိုင်ခွင့်များ ကာကွယ်ပေးနိုင်ရေးအတွက် အရေးကြီးသည့်အဆိုတစ်ရပ်ကို တင်ပြလိုပါတယ်ရှင့်။
အာမခံစနစ်သည် ပြည်သူများ၏ စီးပွားရေးလုံခြုံမှုနှင့် မျှော်လင့်ချက်တို့ကို အာမခံပေးသည့် အရေးကြီးသောစနစ်ဖြစ်ပါတယ်။ သို့သော် ကုမ္ပဏီတစ်ခုရပ်ဆိုင်းသွားပါက(သို့) ထွက်ခွာသွားပါကပေးသွင်းပြီးသား အာမခံကြေးများ ဆုံးရှုံးနိုင်ခြင်း၊ လျော်ကြေးမရနိုင်ခြင်းစသည့် အန္တရာယ်များဖြစ်ပေါ်နိုင်ပါတယ်။
မြန်မာနိုင်ငံမှာ မြန်မာ့အာမခံလုပ်ငန်းနှင့် ပုဂ္ဂလိကအာမခံလုပ်ငန်း အနည်းငယ်သာရှိပါတယ်။ အသက်အာမခံ၊ လုပ်ငန်းအာမခံ၊ ကားအာမခံ၊ မီးအာမခံ စသည်တို့ဖြစ်ပါတယ်။ သို့သော် မြန်မာနိုင်ငံသားပြည်သူအများစုသည် အာမခံရဲ့အဓိပ္ပါယ်နဲ့ အာမခံထားခြင်းရဲ့ အကျိုးအပြစ်များကိုသိရှိသူ အလွန်နည်းပါးပြီး လူဦးရေ၏(၁%)အောက်အရေအတွက်သာ အာမခံထားရှိသည်ဟု သိရှိရပါတယ်။ ဒါကြောင့် ပြည်သူများကို အာမခံလုပ်ငန်းနှင့်ဆက်စပ်ပတ်သက်သည့် ဗဟုသုတများကိုဖြန့်ဝေပေးရန် လိုအပ်သည်ဟု ထင်မြင်မိပါတယ်။
ဥက္ကဋ္ဌကြီးရှင့်
မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ၂၀၁၉ ခုနှစ်တွင် နိုင်ငံခြားအာမခံကုမ္ပဏီ(၅)ခုကို လာရောက်လုပ်ကိုင်ခွင့်ပြုခဲ့ပါတယ်။ အဲ့ဒီကုမ္ပဏီတွေကတော့ CHUBB (ချပ်)၊ AIA(အေအိုင်အေ)၊ Potential (ပိုတင်ရှယ်)၊ Menulife (မန်ညူလိုက်ဖ်)၊ Dieishi (ဒိုင်အိရှိ) ကုမ္ပဏီများဖြစ်ပါတယ်။ ဒီကုမ္ပဏီကြီးတွေမှာ မြန်မာ့အာမခံဌာနကဦးစီးပြီး အာမခံလုပ်ငန်းနှင့်ပတ်သက်သောသင်တန်းများဖွင့်လှစ်ကာ စာမေးပွဲများစစ်ဆေးပြီး အောင်မြင်သူများကိုသာ ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်ခွင့်ပေးခဲ့ကြပါတယ်ရှင့်။ ကိုယ်စားလှယ်များရဲ့ ဝန်ဆောင်မှုစည်းရုံးဟောပြောမှုတို့ကြောင့် ပြည်သူအများစိတ်ဝင်စားပြီး အာမခံများထားခဲ့ကြပါတယ်ရှင့်။
ကုမ္ပဏီအားလုံးမှာ - အသက်အာမခံ၊ အိမ်/ကားအာမခံ၊ ကျန်းမာရေးနဲ့ ရုတ်တရက်ထိခိုက်အာမခံ၊ စီးပွားရေးလုပ်ငန်းအာမခံ၊ ဆိုက်ဘာအာမခံ၊ သင်္ဘော/လေယာဉ်နဲ့ အပြည်ပြည်ဆိုင်ရာအာမခံတွေ ဆောင်ရွက်ခဲ့ကြပါတယ်။
အမေရိကန်မှာအခြေစိုက်ပြီး နိုင်ငံပေါင်း(၅၄)နိုင်ငံမှာ ဝန်ထမ်းပေါင်း(၄)သောင်းကျော်နဲ့ အာမခံလုပ်ငန်းလည်ပတ်နေတဲ့ CHUBB(ချပ်)ကုမ္ပဏီဟာ ၂၀၂၅ ခု၊ ဒီဇင်ဘာ(၁၅)မှာ ပိတ်သိမ်းပြီးထွက်ခွာသွားခဲ့ပါတယ်။ အာမခံထားတဲ့ပြည်သူများမှာ မိမိတို့ ရပိုင်ခွင့်များကို ဘယ်ဌာနနဲ့ဆက်သွယ်ပြီး ဘယ်လိုရယူရမလဲဆိုတာမသိဘဲ အခက်ခဲများဖြစ်နေတယ်လို့ သိရပါတယ်ရှင့်။ ဒီကိစ္စကို ဘယ်သူကမှ အတိအလင်းအသိပေးကြေညာခြင်း၊ ပြည်သူများ၏ရပိုင်ခွင့်များကို ဆောင်ရွက်ပေးခြင်းမရှိသေးကြောင်း သိရပါတယ်ရှင့်။
ပိတ်သိမ်းခြင်းထွက်ခွာခြင်းမရှိသေးသော ပြည်ပကုမ္ပဏီများလည်းရှိနေသေးတာကြောင့် နောက်ထပ်တူညီတဲ့အဖြစ်မျိုးဖြစ်ပေါ်လာပါက ပြည်သူများအခွင့်အရေးမဆုံးရှုံးရန် အစိုးရတာဝန်ရှိလူကြီးများအနေဖြင့် အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund)အဖွဲ့အစည်းတစ်ခုကို အာမခံကုမ္ပဏီများမှ အချိုးကျထည့်ဝင်ငွေဖြင့် နိုင်ငံတော်အဆင့်ဖွဲ့စည်းတည်ထောင်ရန် လိုအပ်ပါကြောင်းနှင့် အာမခံကုမ္ပဏီတစ်ခုရပ်ဆိုင်းခြင်း(သို့)ထွက်ခွာသွားခြင်းရှိပါက မြန်မာ့အာမခံလုပ်ငန်း(သို့) အခြားအာမခံကုမ္ပဏီတစ်ခုသို့ ပေါ်လစီများလွှဲပြောင်းပေးနိုင်သည့်စနစ်ကို ဥပဒေပြဋ္ဌာန်းရန်လိုအပ်ပါကြောင်း တင်ပြအပ်ပါတယ်ရှင့်။ အကယ်၍ ဥပဒေပြဋ္ဌာန်းပြီးသားရှိလျှင်လည်း ဥပဒေနှင့်အညီ နစ်နာသူပြည်သူများအတွက် အမြန်ဆုံးဆောင်ရွက်ပေးပါရန် တိုက်တွန်းတင်ပြအပ်ပါတယ်ရှင့်။
ဒါပြင် အာမခံကုမ္ပဏီတစ်ခုလုပ်ငန်းရပ်ဆိုင်းမှု/ ထွက်ခွာသွားမှုများရှိလျှင် ပြည်သူများသိအောင် သတင်းထုတ်ပြန်ရန်နှင့် ပြည်သူများရပိုင်ခွင့် မဆုံးရှုံးစေရန်တို့ကို ကြီးကြပ်ခြင်းနှင့် ပွင့်လင်းမြင်သာမှုစနစ်များ တိုးမြှင့်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအနေဖြင့် စဉ်းစားအတည်ပြုပေးပါရန် အလေးအနက် တင်ပြအပ်ပါတယ်ရှင့်။
နိဂုံးချုပ်အနေနဲ့ နိုင်ငံတော်၏ ပညာရေး/ ကျန်းမာရေးနှင့် စီးပွားရေးလုံခြုံမှုများကဲ့သို့ အာမခံစနစ်သည်လဲ ပြည်သူများအတွက် အရေးကြီးသောအကာအကွယ်တစ်ခုဖြစ်ပါသဖြင့် ဥပဒေစနစ်ခိုင်မာရေးကို ပြည်ထောင်စုအစိုးရအနေဖြင့် အမြန်ဆုံးဆောင်ရွက်ပေးသင့်ပါကြောင်း အဆိုကိုလေးစားစွာတင်ပြတောင်းဆိုအပ်ပါတယ်ရှင့်။
အားလုံးကိုကျေးဇူးတင်ပါတယ်ရှင့်။
တတိယအကြိမ် အမျိုးသားလွှတ်တော် တတိယပုံမှန်အစည်းအဝေး၊ စတုတ္ထနေ့ (၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၂၈ ရက်)
မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) မှ ဒေါ်ခင်ဆွေ ၏
အဆိုအပေါ် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
ကျွန်တော်ကတော့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် ဖြစ်ပါတယ်။
ကျွန်တော့်အနေနဲ့ မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ဒေါ်ခင်ဆွေ ၏ “မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းများ ရပ်ဆိုင်း/ ထွက်ခွာသည့်အခါ အာမခံထားသူ ပြည်သူများ၏ရပိုင်ခွင့်များ မဆုံးရှုံးစေရန် အာမခံကာကွယ်ရေး ရန်ပုံငွေ (Insurance Guarantee Fund) တည်ထောင်ရေးနှင့် လွှဲပြောင်းကာကွယ်ရေးစနစ်” ဥပဒေ/ နည်းဥပဒေ ပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း” အဆိုနှင့်စပ်လျဉ်း၍ ရှင်းလင်းဖြေကြားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေကို ၁၉၉၆ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီး အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် နည်းဥပဒေများကို ၁၉၉၇ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါတယ်။
အဆိုပါ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ မြန်မာနိုင်ငံ၏ အာမခံလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်တွင်း/ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေဖို့အတွက် ၂၀၁၃ ခုနှစ်မှ စ၍ -
- မြန်မာနိုင်ငံအာမခံ ဈေးကွက်လွတ်လပ်ခွင့်ပြုခြင်း လုပ်ငန်းစဉ်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊
- နိုင်ငံခြားအာမခံကုမ္ပဏီများကို မြန်မာနိုင်ငံတွင် ဝင်ရောက်လုပ်ကိုင်ခွင့်ပြုနိုင်ဖို့ "အာမခံလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးစီမံချက်နှင့် လမ်းပြမြေပုံ" ကို ၂၀၁၇ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ခဲ့မှု၊
- မြန်မာနိုင်ငံ အာမခံဈေးကွက်တွင် နိုင်ငံပိုင်မြန်မာ့အာမခံလုပ်ငန်းနှင့် စုစုပေါင်း အာမခံကုမ္ပဏီ (၂၆) ခုဖြင့် အသက်နှင့်အထွေထွေ အာမခံဝန်ဆောင်မှုများ ဆောင်ရွက်လျက်ရှိမှု၊
- CHUBB Life Myanmar အနေဖြင့် အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ထံသို့ ၁-၃-၂၀၁၉ ရက်နေ့တွင် နိုင်ငံခြားရာနှုန်းပြည့်ပိုင် အသက်အာမခံလုပ်ငန်း လိုင်စင်လျှောက်လွှာတင်သွင်းခဲ့ပြီး၊ ပြည်ထောင်စုအစိုးရအဖွဲ့၏ခွင့်ပြုချက်ဖြင့် ၂၈-၁၁-၂၀၁၉ ရက်နေ့တွင် လုပ်ငန်းလိုင်စင်ရရှိသော နိုင်ငံခြားရာနှုန်းပြည့်ပိုင် အသက်အာမခံ ကုမ္ပဏီ (၅) ခု စာရင်းတွင် CHUBB Life Myanmar ပါဝင်ခဲ့မှု၊
- Chubb Life Myanmar Insurance Company အနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ (၁၅) ရက်နေ့တွင် လုပ်ငန်းပိတ်သိမ်းပြီး မြန်မာနိုင်ငံမှထွက်ခွာသွားခြင်းနှင့်စပ်လျဉ်း၍ Chubb Life Myanmar Insurance Company မှ အသက်အာမခံ ဝယ်ယူထားသည့် ပေါ်လစီရှင်များ ဆုံးရှုံးနစ်နာမှုမရှိစေရေးဆောင်ရွက်နေမှုအခြေအနေများကို ရန်ကုန်တိုင်းဒေသကြီး၊ မဲဆန္ဒနယ်အမှတ်(၂)၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်လတ် ၏ မေးခွန်းအပေါ် ဖြေကြားချက်တွင် ထည့်သွင်းရှင်းလင်းတင်ပြခဲ့ပြီးဖြစ်ပါတယ်။
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်ခင်ဆွေ၏ “ပြည်ပမှ မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းများ ရပ်ဆိုင်း/ထွက်ခွာသည့်အခါ အာမခံထားသူ ပြည်သူများ၏ရပိုင်ခွင့်များ မဆုံးရှုံးစေရန် အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund) တည်ထောင်ရေးနှင့်လွှဲပြောင်းကာကွယ်ရေးစနစ်” ဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းသည့်အဆိုအပေါ် လွှတ်တော်ကိုယ်စားလှယ် (၁၂) ဦးမှ ဆွေးနွေးခဲ့ကြပြီး လွှတ်တော်ကိုယ်စားလှယ် (၁၀) ဦးမှ ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းရန် ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။
ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဦးပြုံးချို က ဥပဒေ၊ နည်းဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းပြီးဖြစ်၍ အဆိုအား မှတ်တမ်းတင်ထားပေးသင့်ကြောင်း ဆွေးနွေးခဲ့ပြီး၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၈) ဦးတင်မောင်ဝင်း က ဥပဒေတွင် ထည့်သွင်းပြဋ္ဌာန်းပြီးဖြစ်၍ ဥပဒေအသစ်ထပ်တိုးလုပ်မည့်အစား လက်ရှိရှိပြီးသားစနစ်ကို ပိုမိုထိရောက်အောင် ဆောင်ရွက်သင့်ကြောင်း ဆွေးနွေးခဲ့တာကို တွေ့ရှိရပါတယ်။
ကျွန်တော်အနေဖြင့် အာမခံကာကွယ်ရေးရန်ပုံငွေ ထူထောင်ရေးနှင့်ပတ်သက်၍ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ၊ နည်းဥပဒေများတွင် ပြဋ္ဌာန်းထားရှိမှုများကို ရှင်းလင်းတင်ပြသွားမှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရ အာမခံကုမ္ပဏီများထံမှ အာမခံဝယ်ယူထားသော ပြည်သူများ၏ရပိုင်ခွင့်များကို အကာအကွယ်ပေးနိုင်ရန်အတွက် လုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်ရရှိသည့် အာမခံကုမ္ပဏီများသည် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် နည်းဥပဒေများ၊ နည်းဥပဒေ ၇ (က)နှင့် ၇ (ခ) တို့တွင် ပြဋ္ဌာန်းထားချက်များနှင့်အညီ ၎င်းတို့ ထည့်ဝင်သည့် မတည်ရင်းနှီးငွေ၏ ၁၀ ရာခိုင်နှုန်းနှင့် ညီမျှသောငွေကို မြန်မာ့စီးပွားရေးဘဏ်တွင် စာရင်းဖွင့်လှစ်ထည့်သွင်းထားရှိရမှာဖြစ်ပြီး ၎င်းမတည်ရင်းနှီးငွေ၏ ၃၀ ရာခိုင်နှုန်းကို အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့ အမည်နှင့်ပူးတွဲ၍ အစိုးရငွေတိုက်စာချုပ်များ ဝယ်ယူထားရှိရပါတယ်။
အာမခံထားသူ ပြည်သူများမှ ၎င်းတို့ဝယ်ယူသည့် အာမခံပေါ်လစီများအတွက် ပေးသွင်းထားသော ပရီမီယံအလိုက် အာမခံပေါ်လစီပါ ရပိုင်ခွင့်နှင့်အကျိုးခံစားခွင့်များ မဆုံးရှုံးစေရန် အာမခံကုမ္ပဏီများအနေနဲ့ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့က ၂၇-၁၂-၂၀၂၄ ရက်နေ့တွင် ထုတ်ပြန်သည့် “အာမခံစာရင်းဆိုင်ရာ ညွှန်ကြားချက်” တွင် ပါဝင်သည့် ပေါ်လစီများ၏ အနာဂတ်တွင် ပေးချေရန်တာဝန်ရှိမှုအတွက် အာမခံတွက်ချက်မှုဆိုင်ရာ လျာထားချက်များ (Technical Provision) ကို ပေးရန်တာဝန်ရှိမှု အပိုင်းတွင် သီးသန့်လျာထားရမည်” ဟု ဖော်ပြချက်နှင့်အညီ အာမခံကုမ္ပဏီများမှ ပေးလျော်ရန်ရှိမှုအဖြစ် စာရင်းထည့်သွင်းလျာထားရပါတယ်။
အာမခံလုပ်ငန်း လုပ်ကိုင်ခွင့်ဥပဒေ အခန်း (၄) "ကြီးကြပ်ရေးအဖွဲ့၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များ ပုဒ်မ ၇ ၊ ပုဒ်မခွဲ (ဆ) တွင် “လိုအပ်ပါက အသက်အာမခံပေါ်လစီရှင်များအား ကာကွယ်ရန် ရန်ပုံငွေကို ထူထောင်ထားရှိစေခြင်းနှင့် အခြားသင့်လျော်သောနည်းများဖြင့် အရေးယူဆောင်ရွက်ခြင်း” ဟု ပြဋ္ဌာန်းထားရှိပြီး ဖြစ်ပါတယ်။
အဆိုရှင် မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၂) ဒေါ်ခင်ဆွေ ၏ အဆိုတွင် ပါဝင်သည့် “အာမခံကာကွယ်ရေးရန်ပုံငွေ တည်ထောင်ခြင်းနှင့် လွှဲပြောင်းကာကွယ်ရေးစနစ်ဥပဒေ၊ နည်းဥပဒေပြဋ္ဌာန်းရန်ကိစ္စနှင့်ပတ်သက်၍ အာမခံလုပ်ငန်းလုပ်ကိုင်ခွင့်ဥပဒေနှင့် နည်းဥပဒေများတွင် ပြဋ္ဌာန်းထားရှိပြီးဖြစ်၍ ဥပဒေအသစ်ရေးဆွဲရန် လိုအပ်မှုမရှိပါသဖြင့် အဆိုအား မှတ်တမ်းအဖြစ် ထားရှိပေးနိုင်ပါရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှ တစ်ဆင့် လေးစားစွာတင်ပြအပ်ပါတယ်။
ဆက်လက်၍ အာမခံလုပ်ငန်းကြီးကြပ်ရေးအဖွဲ့အနေဖြင့် အာမခံထားရှိသူပေါ်လစီရှင်များ နစ်နာမှုမရှိစေရေးအတွက် အာမခံကာကွယ်ရေးရန်ပုံငွေ ထူထောင်ထားရှိရန် အာမခံလုပ်ငန်းလုပ်ကိုင်ခွင့် ဥပဒေ ပုဒ်မ ၇ ၊ ပုဒ်မခွဲ (ဆ) ပြဋ္ဌာန်းချက်များကို အကောင်အထည်ဖော်ခြင်းနှင့် ပေါ်လစီများလွှဲပြောင်းပေးနိုင်ခြင်းတို့ကို ဆောင်ရွက်နိုင်ဖို့အတွက် ကနေဒါ၊ ဂျပန်၊ တောင်ကိုရီးယား၊ ဗြိတိန်နိုင်ငံနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် မလေးရှား၊ စင်္ကာပူနှင့် ထိုင်းနိုင်ငံတို့၏ အာမခံရန်ပုံငွေများ (Industry Funded) သဘောသဘာဝ၊ ရန်ပုံငွေထည့်ဝင်မှုပုံစံနှင့် အခြေခံသဘောတရားများ (Principles) ကို လေ့လာဆန်းစစ်ခြင်း ပြုလုပ်သွားမှာဖြစ်ပါတယ်။
အဆိုပါ လေ့လာဆန်းစစ်ခြင်း ပြုလုပ်ပြီးပါက အာမခံထားသူပြည်သူများ၏ ရပိုင်ခွင့်များမဆုံးရှုံးစေရန် အသက်အာမခံပေါ်လစီရှင်များအား ကာကွယ်ရန် ရန်ပုံငွေ (Fund for the Protection of Life Assurance Policy-holders) ကို အာမခံလုပ်ငန်း လုပ်ကိုင်ခွင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ တည်ထောင်သွားနိုင်ရန် “မြန်မာနိုင်ငံအာမခံအသင်း” နှင့် ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှင်းလင်းတင်ပြအပ်ပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။
အဆိုဆက်လက်ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း
မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၂) ဒေါ်ခင်ဆွေ က ပြည်ပမှမြန်မာနိုင်ငံအတွင်း အာမခံလုပ်ငန်းများ ရပ်ဆိုင်း/ထွက်ခွာသည့်အခါ အာမခံထားသူ ပြည်သူများ၏ ရပိုင်ခွင့်များ မဆုံးရှုံးစေရန် အာမခံကာကွယ်ရေးရန်ပုံငွေ (Insurance Guarantee Fund) တည်ထောင်ရေးနှင့် လွှဲပြောင်းကာကွယ်ရေးစနစ် ဥပဒေ/နည်းဥပဒေပြဋ္ဌာန်းရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၆)ဦးက ဆက်လက်ဆွေးနွေးပါသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် ယင်းအဆိုကို အတည်ပြုရန်လွှတ်တော်၏ အဆုံးအဖြတ်ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။