Share this

ဦးသိန်းမြင့်၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁)၏ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နှစ်စဉ်မိုးရာသီ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး အတ္ထရံမြစ်ရေမြင့်တက်ချိန်တွင် လမ်းရေကျော်မှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသည့် မော်လမြိုင်(ဟင်္သာအဝိုင်း) - ကျိုက်မရောလမ်းနှင့် ကျိုက်မရော - ကျွန်းရွာလမ်းများအား လမ်းအဆင့်ပြန်လည်မြှင့်တင်ပေးနိုင်ပါရန် အစီအစဉ်ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

Wednesday, July 22, 2026 - 13:00
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Thein Myint

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၀ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)

မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) မှ ဦးသိန်းမြင့်

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များခင်ဗျား၊ ကျွန်တော်ကတော့ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းမြင့် ဖြစ်ပါသည်။

ကျိုက်မရောမြို့နယ်သည် မြေပြင်အနေအထားအရ မြောက်ဘက်တွင် ဂျိုင်းမြစ်၊ မြို့၏အလယ်တွင် အတ္ထရံမြစ်တို့ဖြတ်သန်းစီးဆင်းလျက်ရှိပြီး အနောက်နှင့် အနောက်တောင်ဘက်တွင် တောင်ညိုတောင်တန်း တည်ရှိပါသည်။ မြေနိမ့်ဝှမ်းလွင်ပြင်များ တည်ရှိသည့်အတွက် မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းပြီး အတ္ထရံမြစ်ရေမြင့်တက်ချိန်တွင် အောက်ဖော်ပြပါနေရာများနှင့် လမ်းရေကျော်မှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသဖြင့် ဒေသခံပြည်သူများ သွားလာရေးအခက်အခဲရှိပြီး လမ်းပန်းဆက်သွယ်မှု ပြတ်တောက်လျက်ရှိပါသည်။

(က)   မော်လမြိုင် (ဟင်္သာအဝိုင်း) - ကျိုက်မရောလမ်း ရေကျော်မှုအခြေအနေ

          (၁) နတ်စမ်းတံတားတူးမြောင်းအနီး မိုင်တိုင်အမှတ် (၆/၁) မှ(၆/၂) ကြား (ရေအနက် ၁' မှ ၁'-၆" ခန့်၊ အရှည် (၁)ဖာလုံခန့်)

          (၂) နတ်စမ်းဖူဆယ်အားကစားရုံအနီး မိုင်တိုင်အမှတ် (၆/၄) မှ (၆/၅) ကြား (ရေအနက် ၄"ခန့်)

          (၃) မီးသတ်ရုံးရှေ့မှ ကုန်းတံတားကြီးအထိ မိုင်တိုင်အမှတ် (၈/၆) မှ (၉/၁) ကြား ( ရေအနက် ၁' မှ ၃' ခန့် )

          (၄) ကျိုက်မရောအတ္ထရံမြစ်ကမ်းနားဆိပ် မိုင်တိုင်အမှတ် (၉/၄) မှ (၉/၇) ကြား ( ရေအနက် ၂' မှ ၄' ခန့်)

(ခ)     ကျိုက်မရော - ကျွန်းရွာလမ်း ရေကျော်မှုအခြေအနေ

          (၁) ရှမ်းရွာလေးကျေးရွာ မိုင်တိုင်အမှတ်(၄/၇) မှ (၅/၀) ကြား (ရေအနက် ၁' ခန့်၊ အရှည် (၅၀၀')ခန့်)

          (၂) မြွေဟောက်ရွာ - ပန်းကုန်းရွာကြား မိုင်တိုင်အမှတ် (၆/၇) မှ (၇/၁) ကြား (ရေအနက် ၁' မှ ၃' ခန့်၊ အရှည် (၅၀၀')ခန့်)

သို့ဖြစ်ပါ၍ နှစ်စဉ်မိုးရာသီတွင် မိုးအဆက်မပြတ်ရွာသွန်းပါက ဖော်ပြပါနေရာများတွင်  လမ်းရေကျော်မှုများဖြစ်ပေါ်လျက်ရှိသဖြင့် လမ်းရေကျော်လျက်ရှိသည့်နေရာများအား လမ်းမြှင့်တင်ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ/မရှိ လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးခွန်းမေးမြန်းအပ်ပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၀ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)

ရှမ်းပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဒေါ်မာလာဆန်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ

ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ မွန်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) ဦးသိန်းမြင့် မှ မေးမြန်းထားတဲ့ “မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် နှစ်စဉ်မိုးရာသီ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး အတ္ထရံမြစ်ရေ မြင့်တက်ချိန်တွင် လမ်းရေကျော်မှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသည့် မော်လမြိုင်(ဟင်္သာအဝိုင်း) - ကျိုက်မရောလမ်းနှင့် ကျိုက်မရော - ကျွန်းရွာလမ်းများအား လမ်းမြှင့်တင်ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိ”နှင့်စပ်လျဉ်း၍ မေးခွန်းအား ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် မေးခွန်း(က) မှာ မော်လမြိုင်(ဟင်္သာအဝိုင်း)-ကျိုက်မရောလမ်းဖြစ်ပြီး လမ်းပိုင်း(၄)ပိုင်းပါဝင်ပါတယ်။ မေးခွန်း(ခ)မှာ ကျိုက်မရော-ကျွန်းရွာလမ်းဖြစ်ပြီး လမ်းပိုင်း(၂)ပိုင်းပါဝင်တဲ့အတွက် စုစုပေါင်းလမ်းပိုင်း(၆)ပိုင်း ပါဝင်ပါတယ် -

မော်လမြိုင်(ဟင်္သာအဝိုင်း)-ကျိုက်မရောလမ်း 

(က) နတ်စမ်းတံတားတူးမြောင်းအနီး မိုင်တိုင်အမှတ်(၆/၁)မှ (၆/၂)ကြား (ရေအနက် ၁' မှ ၁'- ၆" ခန့် အရှည် (၁) ဖာလုံခန့်)၊

( ခ ) နတ်စမ်းဖူဆယ်အားကစားရုံအနီး မိုင်တိုင်အမှတ်(၆/၄) မှ (၆/၅)ကြား (ရေအနက် ၄" ခန့်)၊

( ဂ ) မီးသတ်ရုံးရှေ့မှ ကုန်းတံတားကြီးအထိ မိုင်တိုင်အမှတ် (၈/၆) မှ (၉/၁)ကြား (ရေအနက် ၁' မှ ၃' ခန့်)၊

(ဃ) ကျိုက်မရောအတ္ထရံမြစ်ကမ်းနားဆိပ် မိုင်တိုင်အမှတ် (၉/၄) မှ (၉/၇) ကြား (ရေအနက် ၂' မှ ၄' ခန့်)၊

ကျိုက်မရော-ကျွန်းရွာလမ်း

(က) ရှမ်းရွာလေးကျေးရွာ မိုင်တိုင်အမှတ်(၄/၇)မှ (၅/၀)ကြား (ရေအနက် ၁' ခန့် အရှည်(၅၀၀')ခန့်)

( ခ ) မြွေဟောက်ရွာ-ပန်းကုန်းရွာကြား မိုင်တိုင်အမှတ်(၆/၇) မှ (၇/၁)ကြား (ရေအနက် ၁' မှ ၃' ခန့် အရှည်(၅၀၀')ခန့်)

ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျာ

  • လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်း(က)တွင်ပါရှိသည့် မော်လမြိုင်(ဟင်္သာအဝိုင်း) - ကျိုက်မရောလမ်းသည် စုစုပေါင်း လမ်းမိုင်အရှည် ၉ မိုင် ၇ ဖာလုံရှိပြီး မော်လမြိုင်မြို့နယ်အပိုင်းတွင် ၂ မိုင် ၃ ဖာလုံနှင့် ကျိုက်မရောမြို့နယ်အပိုင်းတွင် ၇ မိုင် ၄ ဖာလုံ ရှိပါတယ်။
  • အဆိုပါလမ်းသည် မော်လမြိုင် မြို့ပတ်လမ်းနှင့် မော်လမြိုင်-ဇာသပြင်- အိန္ဒုလမ်းဆုံရာ ဟင်္သာအဝိုင်းမှ ကျိုက်မရောမြို့ အတ္ထရံမြစ်ကမ်းနားဆိပ်အထိဖြစ်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါတယ်။ လက်ရှိလမ်းအခြေအနေမှာ ကတ္တရာကွန်ကရစ်(AC)လမ်း အမျိုးအစားဖြစ်ပါတယ်။
  • လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်း(ခ)တွင်ပါရှိသည့် ကျိုက်မရော-ကျွန်းရွာလမ်းသည် စုစုပေါင်းလမ်းမိုင်အရှည် ၁၀ မိုင် ၄ ဖာလုံရှိပြီး မွန်ပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါတယ်။
  • အဆိုပါလမ်း၏ လက်ရှိလမ်းအခြေအနေမှာ ၁၈ ပေအကျယ် ကတ္တရာလမ်း အမျိုးအစားဖြစ်ပါတယ်။
  • မွန်ပြည်နယ်အတွင်း လမ်းမိုင်ပေါင်း ၉၃၁ မိုင် ၇ ဖာလုံရှိပြီး လက်ရှိလမ်းအခြေအနေမှာ ကတ္တရာကွန်ကရစ်လမ်း ၂၈၄ မိုင် ၇ ဖာလုံ၊ ကွန်ကရစ်လမ်း ၃၄ မိုင် ၂ ဖာလုံ၊ ကတ္တရာလမ်း ၅၃၃ မိုင် ၁ ဖာလုံ၊ ကျောက်လမ်း ၅ မိုင်၊ အမာခံလမ်း ၁၂ မိုင် ၆ ဖာလုံနှင့် မြေလမ်း ၆၁ မိုင် ၄ ဖာလုံဖြစ်ပါတယ်။
  • ကျိုက်မရောမြို့တွင် ၁၉-၇-၂၀၂၃ ရက်နေ့ ထူးကဲမိုးရေချိန် ၁၀.၈၃ လက်မခန့် ရွာသွန်းခဲ့ပြီး အတ္ထရံမြစ်ရေသည် အမြင့်ဆုံးရေအမှတ် ၁၇.၃၉ ပေအထိ ရောက်ရှိခဲ့ပါတယ်။ ကျိုက်မရောမြို့၏ စိုးရိမ်ရေအမှတ်မှာ ၁၆.၇၃ ပေဖြစ်သည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းထားသည့်မေးခွန်း(က)(၁)(၂)(၃)ပါ လမ်းပိုင်းများအား ရေကျော်ခဲ့ပြီး ကျန်နှစ်များတွင် ရေကျော်ခြင်းမရှိသည်ကို တွေ့ရှိရပါတယ်။
  • ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် မေးခွန်း(က) (၁)နှင့် (၂)ပါ လမ်းပိုင်းများတွင် အသွားလမ်း/ အပြန်လမ်း ဒွေးလမ်းဆောင်ရွက်ရန်အတွက် အောက်ပါလုပ်ငန်းများ ခွင့်ပြုထားပြီး ဖြစ်ပါတယ် -

(က) မိုင် ၆/၁ မှ ၆/၅ အတွင်း အပြန်လမ်း လမ်းသားတာဘောင်တည်ဆောက်ခြင်း ၄ ဖာလုံ၊

( ခ ) ၁၀ ပေ x ၁၀ ပေ Box Culvert(၂)စင်း တည်ဆောက်ခြင်း၊

  • အဆိုပါလမ်းပိုင်းတွင် အသွားလမ်း/အပြန်လမ်း ဒွေးလမ်းအနေဖြင့် ဆောင်ရွက်လျက်ရှိရာ အပြန်လမ်းဘက်ခြမ်းတွင် ကျန်ရှိနေသော လမ်းသားတာဘောင်လုပ်ငန်း ၃ ဖာလုံ၊ အရှည် ၅၀ ပေ သံကူကွန်ကရစ်တံတား ၁ စင်း၊ Box Culvert ၂ စင်း၊ ကတ္တရာကွန်ကရစ်ခင်းခြင်း ၆ ဖာလုံ၊ အုတ်စီရေမြောင်းပြုလုပ်ခြင်း ၃ ဖာလုံ လုပ်ငန်းများအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါတယ်။
  • အဆိုပါ မေးခွန်း(က) (၁)နှင့် (၂)ပါ ရေကျော်သောလမ်းပိုင်းများတွင် အသွားလမ်း/အပြန်လမ်း ဒွေးလမ်းအဖြစ်ဆောင်ရွက်ရာ၌ Box Culvert များ၊ တံတားနှင့် လမ်းဘေး ဝဲ/ယာ ရေထုတ်မြောင်းများပါ ထည့်သွင်းတည်ဆောက်သွားမည်ဖြစ်သဖြင့် ရေစီးရေလာ ပိုမိုကောင်းမွန်ပြီး လမ်းရေကျော်မှုကြောင့်ဖြစ်ပေါ်သော သွားလာရေးအခက်အခဲများအားဖြေရှင်းဆောင်ရွက်သွားနိုင်မည်ဖြစ်ပါတယ်။
  • အဆိုပါဒွေးလမ်းဆောင်ရွက်သော လမ်းပိုင်းများတွင် မိုးရာသီကာလ မိုးသည်းထန်စွာရွာသွန်းပြီး ထူးကဲမြစ်ရေတက်ချိန်တို့၌ ရေဝပ်ဧရိယာဖြစ်ပေါ်ပါက အသစ်ဆောင်ရွက်သော အပြန်လမ်းမှာ မူလအသွားလမ်းထက် လမ်းသားတာဘောင် အနည်းဆုံး ၂ ပေမှ ၄ ပေအထိ မြှင့်တင်ဆောင်ရွက်ထားသောကြောင့် ယာဉ်သွားလာမှုမပြတ်တောက်စေရန် အဆိုပါ အပြန်လမ်းမှ ဖြတ်သန်းသွားလာနိုင်မည်ဖြစ်ပါတယ်။
  • မေးခွန်း(က)(၃)ပါ ရေကျော်သောလမ်းပိုင်းအားလည်း ရေစီးရေလာကောင်းမွန်စေရန် ရေမြောင်းများ၊ တံတားနှင့် Box Culvert များ၏ ရေလမ်းကြောင်းရှင်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိပြီး ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် အရှည် ၂ ဖာလုံအား လမ်းပေါ်ရေမကျော်စေရန် လုံလောက်သော လမ်းသားမြှင့်တင်ခြင်းလုပ်ငန်းကို မွန်ပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်သွားမည် ဖြစ်ပါတယ်။
  • လွှတ်တော်ကိုယ်စားလှယ်ကြီး၏ မေးခွန်း(က)(၄)ပါ အတ္ထရံမြစ်ကမ်းနားဆိပ်သည် ကျိုက်မရောမြို့၏ မြေအနိမ့်ပိုင်းတွင်တည်ရှိပြီး ရေထရက်မြစ်ရေတက်ချိန်နှင့် မိုးသည်းထန်စွာရွာသွန်းသည့်အချိန်ဆုံပါက မြစ်ရေအမှတ် ၁၄.၇၆ ပေအထက် ရောက်ရှိချိန်တွင် ရေကျော်လေ့ရှိပြီး မြစ်ရေပြန်ကျသွားသည့်အခါ လမ်းပေါ်ရေကျော်ခြင်းမရှိသည်ကို တွေ့ရှိရပါတယ်။ လတ်တလောအနေဖြင့် ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ်မရှိသေးပါကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှ ပြန်ကြားလာပါတယ်။
  • မေးခွန်း(ခ)(၁)ပါ ကျိုက်မရော - ကျွန်းရွာလမ်း၏ ရေကျော်သောအပိုင်းတွင် အရှည် ၁.၅ ဖာလုံ လမ်းသားမြှင့်တင်ခြင်းလုပ်ငန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာနှစ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ

  • မေးခွန်း(ခ)(၂)ပါ ရေကျော်သောအပိုင်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် အရှည် ၁ ဖာလုံ လမ်းသားမြှင့်တင်ခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် ယခုအခါ ရေကျော်ခြင်းမရှိသည်ကို တွေ့ရှိရပါသဖြင့် ထပ်မံဆောင်ရွက်ရန် မလိုအပ်သေးပါကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့မှပေးပို့သော အချက်အလက်များနှင့်ပေါင်းစပ်၍ လေးစားစွာ ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။