ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
(၂၀)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၈ ရက်
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)
[ ဗုဒ္ဓဟူးနေ့ ]
၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၀)ရက်မြောက်နေ့ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂၀၉)ဦး ရှိပြီး (၂၀၂)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။
ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း
၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၇)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူမရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က) ဦးသိန်းမြင့်၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) ၏ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်တွင် နှစ်စဉ်မိုးရာသီ၌ မိုးသည်းထန်စွာ ရွာသွန်းပြီး အတ္ထရံမြစ်ရေမြင့်တက်ချိန်တွင် လမ်းရေကျော်မှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိသည့် မော်လမြိုင်(ဟင်္သာအဝိုင်း) - ကျိုက်မရောလမ်းနှင့် ကျိုက်မရော - ကျွန်းရွာလမ်းများအား လမ်းအဆင့် ပြန်လည်မြှင့်တင်ပေးနိုင်ပါရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် မွန်ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် အရှည်(၁)ဖာလုံ လမ်းသားမြှင့်တင်ခြင်းလုပ်ငန်းအား ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် ယခုအခါ ရေကျော်ခြင်းမရှိသည်ကို တွေ့ရှိရပါသဖြင့် ထပ်မံဆောင်ရွက်ရန် မလိုအပ်သေးပါကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့နှင့်ပေါင်းစပ်၍ ရှင်းလင်းဖြေကြားပါသည်။
(ခ) ဒေါ်မာလာဆန်း၊ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)၏ ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်နှင့် တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ချင်းဆက် မိုင်(၃၀)လမ်းအား အကျယ်(၁၂)ပေလမ်းမှ အကျယ်(၁၈)ပေ နိုင်လွန်ကတ္တရာလမ်းအဆင့်သို့ တိုးမြှင့်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိမေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က ပင်းတယမြို့မှ ရပ်စောက်မြို့အထိ လမ်းပိုင်းအား ကတ္တရာကွန်ကရစ် (AC)လမ်းအဖြစ် လတ်တလောဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးသော်လည်း ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေး နှစ်မှစတင်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ရန်ပုံငွေတွင် ထည့်သွင်းလျာထားပေးပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့်ပေါင်းစပ်၍ ရှင်းလင်းဖြေကြားပါသည်။
( ဂ ) ဦးဇော်မြင့်၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၀) ၏ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်ကို ဆက်သွယ်ထားသော အတ္ထရံတံတား (ချောင်းနှစ်ခွ)အား အမြန်ဆုံး ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က တံတားဖျက်သိမ်းခြင်းလုပ်ငန်းများအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း မြစ်ရေနည်းချိန်ကာလ ဒေသဆိုင်ရာလုံခြုံရေးအဖွဲ့များနှင့်ပူးပေါင်းပြီး ပွင်းလင်းရာသီတွင် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ပါကြောင်းနှင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် တံတားအသစ်တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
(ဃ) ဦးဉာဏ်ထွန်း၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ၏ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မောင်းလှော်ကျေးရွာ အုပ်စုနှင့် မင်းဂုတ်ကျေးရွာအုပ်စု ကျေးရွာချင်းဆက်လမ်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် သို့မဟုတ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တို့တွင် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် အဆိုပါလမ်း၏ လမ်းအပိုင်း(၁)နှင့် (၂) အမာခံလမ်းနှင့် မြေသားလမ်းများအား တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ကျန်ရှိသည့် လမ်းအပိုင်း(၃) မင်းဂုတ်(အပေါ်)ရွာနှင့် တောင်ဘက်လမ်းပိုင်းအား လမ်းလွှဲပြောင်း သိမ်းသွင်းခြင်းလုပ်ငန်းစဉ်ပြီးစီးပါက တိုင်းဒေသကြီးအစိုးရအဖွဲ့၏ရန်ပုံငွေတွင် လျာထားနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပေါင်းစပ်၍ ရှင်းလင်းဖြေကြားပါသည်။
( င ) ဦးရန်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ၏ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်အတွင်းရှိ စီးပွားရေး၊ လူမှုရေးနှင့်လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသောခရိုင်ချင်းဆက် လမ်းမကြီး(၃)ပိုင်းအား ပြည်ထောင်စုဘတ်ဂျက် သို့မဟုတ် တိုင်းဒေသကြီး ဘတ်ဂျက်ရန်ပုံငွေဖြင့် ထည့်သွင်း၍ အမြန်ဆုံး အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က အဆိုပါလမ်းပိုင်း(၃)ပိုင်း၏ ကျန်ရှိနေသော လမ်းပိုင်းများကိုလည်း ပြုပြင်မွမ်းမံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအား နှစ်အလိုက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့်ပေါင်းစပ်၍ ရှင်းလင်းဖြေကြားပါသည်။
( စ ) ဦးမြင့်သိန်း၊ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ၏ ကယားပြည်နယ်၊ လွိုင်ကော်၊ ပင်လောင်း၊ အောင်ပန်းလမ်းခွဲအထိ ရိုးရိုး ကတ္တရာလမ်းမကြီးအား (၁၈)ပေအကျယ် နိုင်လွန်ကတ္တရာလမ်းမကြီးအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် က ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် လျာထားပြီးသည့်အတိုင်း ဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်လမ်းပိုင်းများကိုလည်း ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် လျာထားသည့်အတိုင်း ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ကယားပြည်နယ်အစိုးရအဖွဲ့နှင့် ပေါင်းစပ်၍ ရှင်းလင်းဖြေကြားပါသည်။
ချစ်ကြည်ရင်းနှီးရေးအသင်း ဖွဲ့စည်းခွင့်ပြုရန်နှင့် အသင်းတွင် ပါဝင်မည့်အဖွဲ့ဝင်တို့၏ အမည်စာရင်း တင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်း
၅။ အမျိုးသားလွှတ်တော် နိုင်ငံတကာဆက်ဆံရေးကော်မတီ၏ တင်ပြချက်အရ မြန်မာ - ထိုင်း လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းဖွဲ့စည်းခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက လွှတ်တော်၏ သဘောထားရယူရာ လွှတ်တော်က သဘောတူကြောင်း ကြေညာပါသည်။
၆။ မြန်မာ - ထိုင်း လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေးအသင်းကို အမျိုးသားလွှတ်တော် ကိုယ်စားလှယ်(၁၀)ဦးဖြင့် ဖွဲ့စည်းပြီး ဥက္ကဋ္ဌအဖြစ် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၀) ဦးချစ်ဆွေ ကလည်းကောင်း၊ အတွင်းရေးမှူးအဖြစ် တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူးချုပ် သန်းထွန်းအောင် ကလည်းကောင်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း တင်ပြပါသည်။
၇။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက မြန်မာ - ထိုင်း လွှတ်တော်ချင်း ချစ်ကြည်ရင်းနှီးရေး အသင်းဖွဲ့စည်းခြင်းနှင့် အသင်းတွင်ပါဝင်မည့် ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့၏ အမည်စာရင်းကို လွှတ်တော်သို့တင်ပြခြင်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်၏ အတည်ပြုချက်ရယူရာ အမျိုးသားလွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
ဥပဒေကြမ်းတင်သွင်းခြင်း၊ အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၈။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးခင်ဇော် က အမျိုးသားလွှတ်တော်ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့်ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းရာ ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) ပီကျိန်ငိုက်မန် (ဥပဒေကြမ်း ကော်မတီအဖွဲ့ဝင်) က အဆိုပါဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။
ဥပဒေကြမ်းတင်သွင်းခြင်း၊ အစီရင်ခံစာ ဖတ်ကြားရှင်းလင်းခြင်းနှင့် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာခြင်း
၉။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးအောင်မြင့်လွင် က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို လွှတ်တော်သို့တင်သွင်းရာ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဦးအောင်ကျော်မင်း (ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်) က အဆိုပါ ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ဖတ်ကြားရှင်းလင်းပြီး ဥက္ကဋ္ဌက ယင်းဥပဒေကြမ်းကို ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်များရှိလျှင် အမည်စာရင်း တင်သွင်းနိုင်ကြောင်း ကြေညာသည်။
၁၀။ အစည်းအဝေးကို ၁၁:၄၂ နာရီ အချိန်တွင် ရပ်နားပြီး (၂၁)ရက်မြောက်နေ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်(သောကြာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်