Share this

ဦးဉာဏ်ထွန်း၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉)၏ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မောင်းလှော်ကျေးရွာအုပ်စုနှင့် မင်းဂုတ်ကျေးရွာအုပ်စု ကျေးရွာချင်းဆက်လမ်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် သို့မဟုတ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တို့တွင် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ နှင့် စပ်လျဉ်းသည့်မေးခွန်း

Wednesday, July 22, 2026 - 13:30
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Nyan Htun

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၀ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)

တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဦးဉာဏ်ထွန်း

မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း

ကျွန်းစုမြို့နယ်၊ မောင်းလှော်ကျေးရွာအုပ်စု၊ ရတောင်(အပြင်ရွာ) လမ်းဆုံမှ မင်းဂုတ်ကျေးရွာအုပ်စု၊ မင်းဂုတ်ကျေးရွာ(အောက်) လမ်းဆုံအထိ ကျေးရွာချင်းဆက်လမ်းပိုင်း (၁) (၆၅၀၀၀) ပေ၊ လှေဆိပ်မှ မင်းဂုတ်ကျေးရွာ(အပေါ်) ရွာလယ်လမ်းဆုံးအထိ လမ်းပိုင်း(၂) (၅,၅၀၀)ပေ၊ မင်းဂုတ်ကျေးရွာ (အပေါ်) ရွာလယ်လမ်းဆုံမှ မင်းဂုတ်ကျေးရွာ (အပေါ်) အနောက်တောင်လမ်းဆုံအထိ လမ်းပိုင်း (၃) (၅၀၀၀)ပေ၊ လမ်းပိုင်း(၃)ခုပေါင်း (၁၇၀၀၀)ပေသည် လွန်ခဲ့သောဆယ်စုနှစ်(၄)ခုကတည်းက ဖောက်လုပ်ခဲ့သော လမ်းဟောင်းများဖြစ်ပါသည်။ အဆိုပါ လမ်းဟောင်းများသည် ယခုအခါ မိုးရာသီကာလတွင် သွားလာရေးခက်ခဲ၍ ရာသီမရွေးသွားလာရန် အခက်အခဲကြုံနေရပါသည်။ အဆိုပါ လမ်းဟောင်းများ ကောင်းမွန်လာပါက မောင်းလှော်ရွာ၊ ရတောင်ရွာ၊ မင်းဂုတ်ရွာ၊ ပြင်ဝန်းရွာ၊ ဂျိုင်းတောင်ရွာများသို့ လွယ်လင့်တကူ ဆက်သွယ်သွားလာနိုင်ပြီး ဒေသခံပြည်သူများ၏ လူမှုစီးပွားတိုးတက်ကာ လူနေမှုအဆင့်အတန်းမြင့်မားလာမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ အဆိုပါလမ်းပိုင်း(၃)ခု (မြေသားလမ်းအမာခံရှိပြီးသော) မြေသားလမ်းပေါင်း (၁၇၀၀၀)ပေရှိ လမ်းဟောင်းကို ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ် (သို့) ၂၀၂၇ - ၂၀၂၈ ဘဏ္ဍာရေးနှစ်တို့တွင် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ/မရှိသိရှိလိုသောကြောင့် လေးစားစွာ မေးမြန်းတင်ပြအပ်ပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၀ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)

တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) မှ ဦးဉာဏ်ထွန်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ

ကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ တနင်္သာရီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ဦးဉာဏ်ထွန်းမှ မေးမြန်းထားတဲ့“တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်၊ မောင်းလှော်ကျေးရွာအုပ်စု၊ ရတောင်(အပြင်ရွာ)လမ်းဆုံမှ မင်းဂုတ်ကျေးရွာအုပ်စု၊ မင်းဂုတ်ကျေးရွာ(အောက်)လမ်းဆုံအထိ ကျေးရွာချင်းဆက်လမ်းပိုင်း(၁)(၆၅၀၀)ပေ၊ မင်းဂုတ်ကျေးရွာ(အောက်)လှေဆိပ်မှ မင်းဂုတ်ကျေးရွာ(အပေါ်) ရွာလယ်လမ်းဆုံအထိလမ်းပိုင်း(၂)(၅၅၀၀)ပေ၊ မင်းဂုတ်ကျေးရွာ(အပေါ်) ရွာလယ်လမ်းဆုံမှ အနောက်တောင်လမ်းဆုံအထိ လမ်းပိုင်း(၃)(၅၀၀၀)ပေ၊ လမ်းပိုင်း(၃)ခုပေါင်း(၁၇၀၀၀)ပေရှိ မြေသားလမ်းဟောင်းကို ၂၀၂၆-၂၀၂၇ဘဏ္ဍာရေးနှစ် သို့မဟုတ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တို့တွင် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်  အစီအစဉ် ရှိ/မရှိ”နှင့် စပ်လျဉ်း၍ မေးခွန်းအား ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။

ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျာ

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းသည့် မောင်းလှော်- မင်းဂုတ် - ပြင်ဝန်းလမ်းသည် မြိတ်မြို့၏တောင်ဘက် ၂၀ မိုင်ခန့်အကွာ ထားဝယ် - မြိတ်လမ်းမကြီးမှ ၃ မိုင်ခန့်အကွာတွင်ရှိသော တနင်္သာရီမြစ်ကူး မင်းသန်း-မောင်းလှော်တံတားအား ဖြတ်သန်းကာ တံတားနှင့်တစ်ဆက်တည်း ဆက်သွယ်ထားသော လမ်းအရှည် ၇ မိုင်ရှိပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းဖြစ်ပါတယ်။

လက်ရှိလမ်းအခြေအနေမှာ ၁၂ ပေ အကျယ် ကွန်ကရစ်လမ်း ၃ မိုင်၊ အမာခံလမ်း ၃ မိုင်နှင့် ၁၄ ပေအကျယ် မြေသားလမ်း ၁ မိုင်၊ စုစုပေါင်း လမ်းအရှည် ၇ မိုင်ရှိပါတယ်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ လမ်းမိုင်ပေါင်း ၁၆၄၉ မိုင် ၇ ဖာလုံခန့်ရှိပြီး လက်ရှိလမ်းအခြေအနေမှာ ကတ္တရာကွန်ကရစ်လမ်း ၁၈၂ မိုင် ၁ ဖာလုံခန့်၊ ကွန်ကရစ်လမ်း ၂၃၃ မိုင် ၁ ဖာလုံ၊ ကတ္တရာလမ်း ၆၈၅ မိုင် ၂ ဖာလုံခန့်၊ ကျောက်လမ်း ၁၄၇ မိုင် ၃ ဖာလုံခန့်၊ အမာခံလမ်း ၂၇၃ မိုင် ၅ ဖာလုံခန့်နှင့် မြေလမ်း ၁၂၈ မိုင် ၃ ဖာလုံခန့်ဖြစ်ပါတယ်။

အဆိုပါလမ်း၏ အပိုင်း(၁)နှင့် အပိုင်း(၂)သည် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းအပိုင်းတွင်ပါဝင်ပြီး အပိုင်း(၃)လမ်းအရှည် ၁ မိုင်ခန့်သည် လတ်တလော လမ်းမှတ်တမ်းစာရင်းတွင် ပါဝင်ခြင်းမရှိသေးပါ။

၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် အဆိုပါလမ်း၏ လမ်းအပိုင်း(၁)နှင့်(၂)၊ စုစုပေါင်းလမ်းအရှည် ၂ မိုင်၂ ဖာလုံခန့်ရှိ အမာခံလမ်းနှင့် မြေသားလမ်းများအား ပထမအဆင့်အနေဖြင့် ကျောက်ခင်းလမ်း ၁ မိုင် ၄ ဖာလုံကို ဆောင်ရွက်နိုင်ရန် တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင်လျာထားနိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်ရှိနေသော အမာခံလမ်းပိုင်းများကိုလည်း ကျောက်လမ်းခင်းခြင်းလုပ်ငန်းများကို နှစ်အလိုက်ရန်ပုံငွေလျာထားသွားမည်ဖြစ်ပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ

ဒုတိယအဆင့်အနေဖြင့် ကျောက်လမ်းခင်းခြင်းလုပ်ငန်းအားလုံးဆောင်ရွက်ပြီးစီးပါက ၁၂ ပေ အကျယ် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်နိုင်ရန် ဘဏ္ဍာရေးနှစ်အလိုက်ရန်ပုံငွေ ဆက်လက်လျာထားဆောင်ရွက်သွားမည်ဖြစ်ပါတယ်။

ကျန်ရှိသည့် လမ်းအပိုင်း(၃) မင်းဂုတ်(အပေါ်)ရွာ၏ တောင်ဘက်လမ်းပိုင်းအား လမ်းလွှဲပြောင်းသိမ်းသွင်းခြင်း လုပ်ငန်းစဉ်ပြီးစီးပါက တိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် လျာထားနိုင်ရေးဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ပေးပို့လာသည့် အချက်အလက်များနှင့်ပေါင်းစပ်၍ လေးစားစွာ ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။