Share this

ဦးရန်နိုင်ဝင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁)၏ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်အတွင်းရှိ စီးပွားရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသော ခရိုင်ချင်းဆက်လမ်းမကြီး(၃)ပိုင်းအား ပြည်ထောင်စုဘတ်ဂျက် သို့မဟုတ် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေဖြင့် ထည့်သွင်း၍ အမြန်ဆုံးအဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

Wednesday, July 22, 2026 - 13:55
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Yan Naing Win

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၀ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဦးရန်နိုင်ဝင်း

မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်း

အထက်ကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ "ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်အတွင်းရှိ စီးပွားရေး၊ လူမှုရေးနှင့်လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသော ခရိုင်ချင်းဆက်လမ်းမကြီး(၃)လိုင်းအား ပြည်ထောင်စုဘတ်ဂျက်(သို့မဟုတ်) တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေတွင် ထည့်သွင်း၍ အမြန်ဆုံးအဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း"

မေးခွန်းမေးမြန်းရခြင်း၏ နောက်ခံအကြောင်းအရင်းနှင့် အချက်အလက်များ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်အတွင်းရှိ အောက်ဖော်ပြပါလမ်းများသည် ရန်ကုန်-ပုသိမ် လမ်းမကြီးနှင့် ပုသိမ်-မုံရွာလမ်းမကြီးတို့ကို အပြန်အလှန်ချိတ်ဆက်ပေးထားသည့်အပြင်၊ အနီးဝန်းကျင်ရှိ ခရိုင်များသို့ပါ ဆက်သွယ်ပေးထားသော အဓိကကျသည့် ခရိုင်ချင်းဆက်လမ်းမကြီးများ ဖြစ်ကြပါသည် -

လမ်းပိုင်း (၁) 

ရေကြည်ပိတောက်ချောင်လမ်းဆုံ-ကျုံပျော်တာသစ်-အောင်လံစု-ကျုံတနီးလမ်း(၂၁ မိုင် ၃ ဖာလုံ) ဤလမ်းပိုင်းသည် ကျုံပျော်ခရိုင်နှင့် မအူပင်ခရိုင်ကို ဆက်သွယ်ပေးထားပြီး၊ ရေကြည်ပိတောက်ချောင်သည် ပုသိမ် - မုံရွာလမ်းမကြီးပေါ်သို့ တိုက်ရိုက်ဆက်သွယ်ထားသောလမ်းပိုင်းဖြစ်ပါသည်။

လမ်းပိုင်း (၂) 

အောင်လံစု - ရှားခဲလမ်း (၁၀.၉ မိုင်)။ ဤလမ်းပိုင်းသည် ကျုံပျော်ခရိုင်နှင့် ဟင်္သတခရိုင်ကို ဆက်သွယ်ပေးထားပြီး၊ ဟင်္သတ-ကျုံပျော်-ပုသိမ် လမ်းပန်းဆက်သွယ်ရေးအတွက် အဓိကကျသောလမ်းပိုင်းဖြစ်ပါသည်။

လမ်းပိုင်း (၃) 

ကျုံပျော်-မြောင်းမြ-လပွတ္တာလမ်း (ကျုံပျော်ခရိုင်အတွင်း ၃၀ မိုင်) ဤလမ်းပိုင်းသည် ကျုံပျော်ခရိုင်နှင့် မြောင်းမြခရိုင်ကို ဆက်သွယ်ပေးထားပြီး၊ တစ်ဆက်တည်းတွင် ဟင်္သတ- ကျုံပျော်- ကျောင်းကုန်း - အိမ်မဲ- မြောင်းမြ - လပွတ္တာ အထိ ကုန်စည်စီးဆင်းမှုအတွက် အလွန်အရေးပါပါသည်။ ထို့ပြင် ကျုံပျော်-ကျောင်းကုန်းမှတစ်ဆင့် ရန်ကုန် - ပုသိမ်လမ်းမကြီးသို့ တိုက်ရိုက်ချိတ်ဆက်ပေးထားသောလမ်းပိုင်းလည်းဖြစ်ပါသည်။

လက်ရှိကြုံတွေ့နေရသည့် အခက်အခဲနှင့် မေးမြန်းလိုသည့်အချက်

လက်ရှိအချိန်တွင် အဆိုပါလမ်းမကြီးများသည် ရေရှည်ပျက်စီးယိုယွင်းနေပြီး လမ်းပန်းဆက်သွယ်ရေးအခြေအနေမှာ များစွာဆိုးရွားလျက်ရှိပါသည်။ ထို့ကြောင့် ဒေသခံပြည်သူများ သွားလာရေးကြန့်ကြာမှုများပြားခြင်း၊ ကုန်စည်စီးဆင်းမှု လမ်းကြောင်းများ ထိခိုက်နှောင့်နှေးခြင်းနှင့် ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များတွင် အချိန်မီသွားလာနိုင်ခြင်းမရှိဘဲ နစ်နာမှုများစွာ ကြုံတွေ့နေရပါသည်။

သို့ဖြစ်ပါ၍ ဧရာဝတီတိုင်းဒေသကြီး၏ အဓိကကျသော လမ်းမကြီးနှစ်ခုဖြစ်သည့် ရန်ကုန်-ပုသိမ်လမ်းနှင့် ပုသိမ်-မုံရွာလမ်းတို့ကို အပြန်အလှန် ချိတ်ဆက်ပေးထားသည့် ကျုံပျော်ခရိုင်အတွင်းရှိ..အဆိုပါ ခရိုင်ချင်းဆက်လမ်းမကြီးများအား ပြည်ထောင်စုအစိုးရ၏ ဘတ်ဂျက်ရန်ပုံငွေ(သို့မဟုတ်)သက်ဆိုင်ရာရန်ပုံငွေတွင် ထည့်သွင်းလျက် အမြန်ဆုံးပြုပြင်မွမ်းမံအဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိကို အမျိုးသားလွှတ်တော်မှတစ်ဆင့် သက်ဆိုင်ရာသို့ လေးစားစွာဖြင့် မေးမြန်းတင်ပြအပ်ပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၀ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) မှ ဦးရန်နိုင်ဝင်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

ဆောက်လုပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ ဒုတိယဥက္ကဋ္ဌကြီးနှင့်တကွ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာကျွန်တော်ကတော့ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့် ဖြစ်ပါတယ်။

ကျွန်တော့်အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁) ဦးရန်နိုင်ဝင်း မှ မေးမြန်းထားတဲ့ “ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်အတွင်းရှိ စီးပွားရေး၊ လူမှုရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် အရေးပါသော ခရိုင်ချင်းဆက်လမ်းမကြီး(၃)ပိုင်းအား  ပြည်ထောင်စုဘတ်ဂျက် သို့မဟုတ် တိုင်းဒေသကြီးဘတ်ဂျက်ရန်ပုံငွေဖြင့်ထည့်သွင်း၍ အမြန်ဆုံးအဆင့်မြှင့်တင်ဆောင်ရွက်ပေးရန်အစီအစဉ် ရှိ/မရှိ”နှင့်စပ်လျဉ်း၍ မေးခွန်းအား ရှင်းလင်းတင်ပြသွားမှာဖြစ်ပါတယ်။

ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြခွင့်ပြုပါခင်ဗျာ

  • အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့် ခရိုင်ချင်းဆက်လမ်းမကြီး(၃)ပိုင်းသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသောလမ်းများဖြစ်ပါတယ်။
  • လမ်းပိုင်း(၁)ဖြစ်သည့် ရေကြည်(ပိတောက်ချောင်လမ်းဆုံ)-ကျုံတနီးလမ်းသည် ကျုံပျော်ခရိုင်နှင့် မအူပင်ခရိုင်တို့ကို ဆက်သွယ်ထားသည့် အရှည် ၂၃ မိုင် ၄ ဖာလုံရှိ ကတ္တရာလမ်း ဖြစ်ပါတယ်။
  • လမ်းပိုင်း(၂)ဖြစ်သော အောင်လံစု-ရှားခဲလမ်းပိုင်းသည် ကျုံပျော်ခရိုင်နှင့် ဟင်္သာတခရိုင်တို့ကို ဆက်သွယ်ထားသည့် လမ်းအရှည်၁၀ မိုင် ၆ ဖာလုံရှိ ကတ္တရာလမ်းဖြစ်ပါတယ်။
  • လမ်းပိုင်း(၃)ဖြစ်သည့် ကျုံပျော်-မြောင်းမြ-လပွတ္တာလမ်းပိုင်းသည် ကျုံပျော်ခရိုင်နှင့် မြောင်းမြခရိုင်တို့ကိုဆက်သွယ်ထားပြီး ကျုံပျော်ခရိုင်အပိုင်းအနေဖြင့် ၂၇ မိုင် ၄ ဖာလုံရှိ ကတ္တရာလမ်းဖြစ်ပါတယ်။
  • ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ လမ်းမိုင်ပေါင်း ၂၇၅၃ မိုင် ၄ ဖာလုံခန့်ရှိပြီး လက်ရှိလမ်းအခြေအနေမှာ ကတ္တရာကွန်ကရစ်လမ်း ၈၄ မိုင် ၇ ဖာလုံ၊ ကွန်ကရစ်လမ်း ၃၅၂ မိုင် ၇ ဖာလုံ၊ ကတ္တရာလမ်း ၁၂၀၂ မိုင်ခန့်၊ ကျောက်လမ်း ၄၀၇ မိုင် ၇ ဖာလုံ၊ အမာခံလမ်း၂၂၈ မိုင် ၇ ဖာလုံနှင့် မြေသားလမ်း ၄၇၆ မိုင် ၇ ဖာလုံဖြစ်ပါတယ်။
  • အဆိုပါလမ်းပိုင်းများတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ရန်ပုံငွေဖြင့် အောက်ပါလုပ်ငန်းများ ခွင့်ပြုထားပြီးဖြစ်ပါတယ် -

(က) လမ်းပိုင်း(၁)တွင် လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၁ မိုင်၊

(ခ) လမ်းပိုင်း(၂)တွင် ကတ္တရာလမ်းအနိမ့်အမြင့်ဖြေညှိခြင်းလုပ်ငန်း ၁ မိုင် ၁ ဖာလုံ၊

(ဂ) လမ်းပိုင်း(၃)တွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ၂ ဖာလုံနှင့် လမ်းအနိမ့်အမြင့် ဖြေညှိခြင်းလုပ်ငန်း ၄ ဖာလုံ။

  • အဆိုပါခရိုင်ချင်းဆက်လမ်းမကြီး (၃)ပိုင်းအား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၀၂၇- ၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် - 
  • လမ်းပိုင်း(၁)တွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ၂ ဖာလုံ နှင့် လမ်းအနိမ့်အမြင့်ဖြေညှိခြင်းလုပ်ငန်း ၆ ဖာလုံ ဆောင်ရွက်ခြင်း၊
  • လမ်းပိုင်း(၂)တွင် လမ်းအနိမ့်အမြင့်ဖြေညှိခြင်းလုပ်ငန်း ၅ ဖာလုံဆောင်ရွက်ခြင်း၊
  • လမ်းပိုင်း(၃)တွင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ၄ ဖာလုံနှင့် လမ်းအနိမ့်အမြင့်ဖြေညှိခြင်းလုပ်ငန်း ၁ မိုင် ၂ ဖာလုံလျာထားဆောင်ရွက်သွားမှာဖြစ်ပါတယ်။

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ

  • ထို့အပြင် အဆိုပါလမ်းပိုင်း(၃)ပိုင်း၏ ကျန်ရှိနေသောလမ်းပိုင်းများကိုလည်း ပြုပြင်မွမ်းမံအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများအားနှစ်အလိုက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ လျာထားသွားမည်ဖြစ်ပါကြောင်း ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှပေးပို့လာသည့် အချက်အလက်များနှင့်ပေါင်းစပ်၍ လေးစားစွာ ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။