တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၁ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်)
စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဦးဝင်းတင့်
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ ပြည်ထောင်စုဝန်ကြီးများနှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ကိုယ်စိတ်နှစ်ဖြာမင်္ဂလာအပေါင်းနှင့်ပြည်စုံပါစေလို့ ဦးစွာပထမဂါရဝပြု နှုတ်ခွန်းဆက်သအပ်ပါတယ်။
ကျွန်တော်ကတော့ စစ်တိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၄) မှ ဦးဝင်းတင့် ဖြစ်ပါတယ်။ ဒီနေ့ ကျွန်တော်မေးမြန်းဆွေးနွေးတင်ပြလိုတာကတော့စစ်ကိုင်းမြို့နယ်၊ မြန်မာ့လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းရုံးအနေဖြင့် လျှပ်စစ်မီတာယူနစ်များ အတိအကျဖြစ်စေရေး စီစဉ်ဆောင်ရွက်ပေးရန်၊ ငွေတောင်းခံလွှာစာရွက်များအား မီတာသုံးစွဲသူပြည်သူများ လက်ဝယ်အရောက် လာရောက်ဖြန့်ဝေပေးရန်နှင့် မီတာခများ လာရောက်ပေးဆောင်သည့်နေရာတွင်လည်း အဆင်ပြေနိုင်ရေးအတွက် ငွေလက်ခံကောင်တာများ ထပ်မံတိုးမြှင့်ဖွင့်လှစ်ပေးနိုင်ခြင်းများ ရှိ/မရှိ သိရှိလိုပါသောကြောင့် မေးခွန်းကို မေးမြန်းဆွေးနွေးသွားမှာ ဖြစ်ပါတယ်။
စစ်ကိုင်းမြို့တွင် မြို့ပေါ်ရပ်ကွက်(၂၃)ရပ်ကွက်ရှိပါကြောင်း မြန်မာ့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၊ စစ်ကိုင်းမြို့အနေဖြင့် စစ်ကိုင်းမြို့တစ်ခုလုံးနီပါး လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးလျှက်ရှိပါသည်။ စစ်ကိုင်းမြို့အနောက်ဘက်မြို့အဝင် ဆင်ခြေဖုံးရပ်ကွက်(၃)ခုတွင် အဝေးလျှပ်စစ်မီတာခ ပေးချေမှုအစီအမံအနေဖြင့် တာဝန်ခံမှ မီတာခများစုစည်းကောက်ခံပေးချေရပါကြောင်းနှင့် ကျန်မြို့ပေါ်ရပ်ကွက်(၂၀) ရပ်ကွက်တွင် သုံးစွဲမီတာခများအား သုံးစွဲသော မီတာပိုင်ရှင်မှ စစ်ကိုင်းမြို့ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းရုံးသို့ သတ်မှတ်ရက်များအတိုင်း လာရောက်ပေးဆောင်ရပြီး မီတာခပေးဆောင်ရာတွင်လည်း (၁၅)ရက်နေ့နောက်ပိုင်းတွင် သတ်မှတ်ရက်များအတိုင်း မိမိတို့၏ အိမ်သုံး၊ လုပ်ငန်းသုံးမီတာခများအား လာရောက်ပေးဆောင်ကြရပါသည်။
မီတာခများလာရောက် ပေးဆောင်ရာတွင်းလည်း ယခင်က ငွေတောင်းခံလွှာဖြတ်ပိုင်းများကိုအိမ်တိုင်ရာရောက် လာရောက်ဖြန့်ဝေခဲ့သော်လည်း ယခုအချိန်တွင် မီတာခပေးဆောင်ရန် ငွေတောင်းခံလွှာဖြတ်ပိုင်းများ မရရှိသောကြောင့် ဓာတ်အားခပေးဆောင်ရန် မီတာခတောင်းခံလွှာများအား လျှပ်စစ်ရုံးတွင် ရှာဖွေယူရပါသည်။ ထိုသို့ ရှာဖွေတောင်းခံရာတွင်လည်း ရပ်ကွက်များမှ ပြည်သူများမှာ အများစုဖြစ်သည့်အတွက် တန်းစီစနစ်ဖြင့် ရှာဖွေတောင်းယူရပါကြောင်း၊ မီတာခတောင်းခံလွှာမရရှိခြင်း/ မတွေ့ပါကလည်း ပေးဆောင်ရန်အတွက် စာရင်းပြန်လည်ရှာဖွေပြီးမှ ပေးဆောင်ရသည့် အခက်အခဲများ ကြုံတွေ့နေရပါသည်။
ငွေတောင်းခံလွှာများရရှိပြီး ဓာတ်အားခများပေးဆောင်ရသည့်နေရာတွင် ငွေလက်ခံကောင်တာ(၂)ခုတည်းဖြင့် စာရင်းသွင်းကွန်ပျူတာရိုက်ငွေလက်ခံလုပ်ငန်းများ ဆောင်ရွက်ပေးနေရသဖြင့်မီတာခ လာရောက်ပေးဆောင်သူများ အချိန်ကြာမြှင့်စွာ တန်းစီ၍ မီတာခများစောင့်ဆိုင်းပေးသွင်းနေရသဖြင့် အချိန်များစွာကုန်ဆုံးပြီး အပူဒဏ်ကြောင့် မလိုလားအပ်သော လူမှုဒုက္ခများ ခံစားနေရပါသည်။ ၎င်းအပြင် စစ်ကိုင်းမြို့တွင် တပ်ဆင်ထားသော မီတာများ အများစုမှာ(ဒီဂျစ်တယ်)မီတာများ မဟုတ်ပါသဖြင့် မီတာယူနစ်များထည့်သွင်းရာတွင် တစ်လသုံးယူနစ်အား လာရောက်ဖက်ရှုခြင်းမရှိဘဲ ခန့်မှန်းယူနစ်များဖြင့် ငွေတောင်းခံနေသည့်အတွက် မီးသုံးစွဲသူအများစု၏ မီတာယူနစ်များသည် ပိုနေခဲ့ရပြီး မီတာယူနစ်ကောက်ခံမှု မှန်ကန်ခြင်းမရှိဘဲ ခန့်မှန်းယူနစ်များဖြင့် ပေးဆောင်နေရပါသဖြင့် မလိုလားအပ်သည့် ပြဿနာများ အစဉ်အမြဲ(လတိုင်း)ဖြစ်ပေါ်နေရသည့်ဖြစ်စဉ်များ ပေါ်ပေါက်လျက်ရှိပါသည်။
လေးစားရပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးခင်ဗျာ
ဥက္ကဋ္ဌကြီးမှတစ်ဆင့် ပြည်သူလူထုကိုယ်စား အောက်ပါမေးခွန်းများကို မေးမြန်းခွင့်ပြုပါခင်ဗျာ-
စစ်ကိုင်းမြို့နယ် မြန်မာ့လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းရုံးအနေဖြင့် မီတာယူနစ်များထည့်သွင်းရာတွင် တစ်လသုံးယူနစ်အား လာရောက်ဖတ်ရှခြင်းမရှိဘဲ ခန့်မှန်းယူနစ်များဖြင့် ငွေတောင်းခံခဲ့သည့် အတွက် မီတာယူနစ်ကောက်ခံမှု မှန်ကန်ခြင်းမရှိကြောင်း၊ လျှပ်စစ်မီတာယူနစ်များ အတိအကျဖြစ်စေရေး ဆောင်ရွက်နိုင်ခြင်းရှိ/မရှိ၊
စစ်ကိုင်းမြို့နယ် မြန်မာ့လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းရုံးမှ မီတာခတောင်းခံလွှာများ မီတာသုံးစွဲသူပြည်သူများ လက်ဝယ်အရောက် လာရောက်ဖြန့်ဝေပေးရေးဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ။
မီတာခပေးဆောင်ရာနေရာတွင်လည်း ငွေပေးသွင်းသည့်ကောင်တာများ ထပ်မံတိုး၍ ဖွင့်လှစ်ပေးရန်အစီအစဉ် ရှိ /မရှိကို မေးမြန်းအပ်ပါသည်ခင်ဗျာ
ကျေးဇူးတင်ပါတယ်ခင်ဗျာ
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၁ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်)
စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဦးဝင်းတင့် မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သအပ်ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဦးဝင်းတင့်မေးမြန်းသည့် “စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် မြန်မာ့လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းရုံးအနေဖြင့် မီတာယူနစ်များထည့်သွင်းရာတွင် တစ်လသုံးယူနစ်အား လာရောက်ဖတ်ရှုခြင်းမရှိဘဲ ခန့်မှန်းယူနစ်များဖြင့် ငွေတောင်းခံခဲ့သည့်အတွက် မီတာယူနစ်ကောက်ခံမှု မှန်ကန်ခြင်းမရှိကြောင်း လျှပ်စစ်မီတာယူနစ်များ အတိအကျဖြစ်စေရေး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ မီတာခတောင်းခံလွှာများအား မီတာသုံးစွဲသူများ လက်ဝယ်အရောက် လာရောက်ဖြန့်ဝေပေးနိုင်ရေးဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် မီတာခပေးဆောင်ရာနေရာတွင်လည်း ငွေပေးသွင်းသည့်ကောင်တာများထပ်မံတိုးချဲ့၍ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ” ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနမှ ကျွန်တော် ဒုတိယဝန်ကြီးဦးအေးကျော်က ရှင်းလင်း ဖြေကြားသွားမှာဖြစ်ပါတယ်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ စစ်ကိုင်းမြို့ပေါ်ရပ်ကွက်(၂၃)ရပ်ကွက်ရှိ ဓာတ်အားသုံးစွဲသူ (၂၀,၀၅၈)ဦးအား ဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါတယ်။
ယခင်က စစ်ကိုင်းမြို့ပေါ်ရှိ ရပ်ကွက်အားလုံးတွင် မီတာဖတ်ရှုခြင်း၊ ဓာတ်အားခတောင်းခံလွှာများပေးဝေခြင်းတို့အား ပုံမှန်ဆောင်ရွက်နိုင်ခဲ့သော်လည်း ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားစဉ်ကာလနှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် နယ်မြေအခြေအနေများကြောင့် အချို့ရပ်ကွက်များတွင် မီတာများဖတ်ခြင်းနှင့် ဓာတ်အားခတောင်းခံလွှာဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်နိုင်မှုမရှိခဲ့ပါ။
အဆိုပါကာလများအတွင်း မြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးသို့ လာရောက်၍ ဓာတ်အားခပေးဆောင်ခဲ့သည့် တာဝန်သိဓာတ်အားသုံးစွဲသူအချို့အား ယခင်သုံးစွဲခဲ့သောလအလိုက် တစ်နှစ်စာယူနစ်များအပေါ် စိစစ်တွက်ချက်သည့်ပျမ်းမျှယူနစ်များဖြင့် တွက်ချက်တောင်းခံခဲ့ရတယ်။ သို့သော်လည်း မီးသုံးသူအများစုမှာ မြို့နယ်လျှပ် စစ်အင်ဂျင်နီယာရုံးသို့ လာရောက်ပေးဆောင်နိုင်ခြင်း မရှိခဲ့ပါ။
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် ဓာတ်အားခကြွေးကျန်ကျဆင်းစေရေးနှင့် သုံးစွဲယူနစ်မှန်ကန်မှုရှိစေရေးအတွက် လုံခြုံရေးရယူ၍ စီမံချက်ဖြင့် ကွင်းဆင်းစစ်ဆေးကာ မီတာများကိုဖတ်ရှုပြီး ဓာတ်အားခပေးဆောင်ရခြင်းမရှိသေးသော ယူနစ်များအား(၃)လအတွင်းခွဲ၍ ပေးဆောင်ရန် ဆောင်ရွက်ခဲ့ပါတယ်။
စစ်ကိုင်းမြို့ပေါ် ရပ်ကွက်ပေါင်း (၂၃)ရပ်ကွက်အနက် နန္ဒဝန်ရပ်ကွက်၊ ဒါးဝယ်ဈေးရပ်ကွက်နှင့် အေးမြဝတီရပ်ကွက်တို့မှာ နယ်မြေအခြေအနေအရ ကွင်းဆင်း၍ မီတာဖတ်ရှုခြင်းနှင့် ဓာတ်အားခတောင်းခံလွှာပေးဝေခြင်းများ ဆောင်ရွက်နိုင်ခြင်း မရှိခဲ့ပါ။
ထို့ပြင် စစ်ကိုင်းမြို့၏ အနောက်မြောက်ဖက်မြို့စွန်ရှိ စီတီးရပ်ကွက်၊ တင်းတိပ်ရပ်ကွက်နှင့် ပဲကတိုးရပ်ကွက်တို့တွင် နယ်မြေအခြေအနေအရ မီတာသွားရောက်ဖတ်ရှုနိုင်ခြင်းမရှိသည့် လများတွင် သက်ဆိုင်ရာရပ်ကွက်များ၏ ရပ်မိ၊ ရပ်ဖများမှတာဝန်ယူ၍ မီတာဖတ်ရှုခြင်း၊ ဓာတ်အားခတောင်းခံလွှာပေးဝေခြင်းနှင့် မီတာခပေးဆောင်ခြင်းများအား ဆောင်ရွက်ပေးလျက်ရှိပါတယ်။
စီမံချက်ကာလနောက်ပိုင်း၌ ကျန်ရှိမြို့ပေါ် (၁၇) ရပ်ကွက်တွင် လစဉ် လဆန်း(၁)ရက်နေ့မှ (၅)ရက်နေ့အတွင်း မိမိတို့ဝန်ထမ်းအင်အားနှင့် နယ်မြေအခြေအနေများအရ မီတာဖတ်ရှုခြင်းနှင့် ဓာတ်အားခတောင်းခံလွှာပေးဝေခြင်းများကို ပြန်လည်ဆောင်ရွက်ခဲ့ပြီး မီတာဖတ်ရှုခြင်းနှင့် ဓာတ်အားခတောင်းခံလွှာပေးဝေခြင်းမပြုလုပ်နိုင်သည့် မီတာများအတွက် ဓာတ်အားသုံးစွဲသူမှ လစဉ် လဆန်း (၁) ရက်နေ့မှ (၅)ရက်နေ့ အတွင်းရှိ မီတာပြဂဏန်းယူနစ်များကို ဓာတ်ပုံရိုက်ပြီး စစ်ကိုင်းမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးရှိ Customer Complain Center သို့ လာရောက်၍ ယူနစ်အမှန်ထည့်သွင်းခြင်း၊ ဓာတ်အားခပေးဆောင်ခြင်းများအား ဆောင်ရွက်နေရခြင်းဖြစ်ပါတယ်။
ဝန်ကြီးဌာနအနေဖြင့် ယခင်က မီတာဖတ်ရှုနိုင်ခြင်းမရှိခဲ့သည့် မီတာများအတွက် မီတာဖတ်ချက်အမှန်ရရှိရေး နယ်မြေလုံခြုံရေးရရှိနိုင်မှုအပေါ်မူတည်၍ ဌာနမှ ဝန်ထမ်းများက မီတာဖတ်ရှုခြင်း၊ ဓာတ်အားခတောင်းခံလွှာပေးဝေခြင်း၊ ရပ်မိရပ်ဖများ၏ အကူအညီဖြင့် ဓာတ်အားခပေးဆောင်ခြင်းတို့ကို ဓာတ်အားခတောင်းခံလွှာပေးဝေခြင်း ဆောင်ရွက်လျက်ရှိပါသဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီးမှလည်း ဒေသခံပြည်သူများ၊ ရပ်မိရပ်ဖတို့၏ပံ့ပိုးကူညီမှုများ ပိုမိုရရှိနိုင်ရေး ကူညီဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ မီတာယူနစ်ဖတ်ချက်အမှန်နှင့် ဓာတ်အားခ တောင်းခံငွေ ကိုက်ညီစေရေးဌာနမှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယူနစ်ကြွေးကျန် ဖြစ်ပေါ်လျက်ရှိသော မီတာများအား တစ်ကြိမ်တည်း များပြားစွာပေးဆောင်ရ ခြင်းမရှိစေရန်အတွက် အကြိမ်ရေခွဲ၍ ပေးဆောင်နိုင်ရေး ဖြေလျှော့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။
ထို့အပြင် မီတာခငွေပေးသွင်းသည့် ကောင်တာများ ထပ်မံတိုးချဲ့၍ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ စစ်ကိုင်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးတွင် ယခင်က လျှပ်စစ်ဓာတ်အားသုံးစွဲခငွေကောက်ခံသည့် ကောင်တာ (၂)ခုရှိခဲ့ပြီး ၅-၆-၂၀၂၆ ရက်မှစတင်၍ ကောင်တာ(၁)ခုထပ်မံတိုးချဲ့၍ စုစုပေါင်း ကောင်တာ(၃)ခုဖြင့် နေ့စဉ်(ပိတ်ရက်မရှိ) ဖွင့်လှစ်ထားရှိပြီး ဓာတ်အားခများ ကောက်ခံပေးလျက်ရှိသကဲ့သို့ တရားဝင်မှတ်ပုံတင်ထားသော မိုဘိုင်းငွေကြေးအဖွဲ့အစည်းများဖြစ်သည့် KBZ Pay ၊ UAB Pay ၊ CB Pay ၊ OK$ Pay များဖြင့် ၁၃-၆-၂ဝ၂၅ ရက်မှစ၍ ဓာတ်အားခများပေးဆောင်နိုင်ပြီဖြစ်ကာ ပေးဆောင်ရမည့် နည်းလမ်းများအား အများပြည်သူသိရှိစေရန် လူမှုကွန်ယက်များမှတစ်ဆင့် အသိပေးထုတ်ပြန်ထားရှိပြီးဖြစ်ပါတယ်။
ဓာတ်အားသုံးစွဲမှုများသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ပုဂ္ဂလိကဘဏ်များရှိ ၎င်းတို့၏ ဘဏ်ငွေစာရင်းမှ စစ်ကိုင်းမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားရှိသော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ဘဏ်စာရင်းသို့ (Account Transfer/ CBM NET) ဖြင့် လွှဲပြောင်းပေးဆောင်ခြင်း၊ Online Payment စနစ်ပေးဆောင်ခြင်းတို့ဖြင့် ပေးဆောင်နိုင်ရန်လည်း စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။