ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
(၂၁) ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၀ ရက်
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်)
[ သောကြာနေ့ ]
၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၁)ရက်မြောက်နေ့ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်နေ့ နံနက် ၁၃:၃၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂၀၉)ဦးရှိပြီး (၁၉၇)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေး အထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။
ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း
၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၁၂)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူမရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေး တက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်းအစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က) ဦးဝင်းတင့်၊ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ် (၄) ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ် မြန်မာ့လျှပ်စစ်ဓာတ်အားကော်ပိုရေးရှင်းရုံးအနေဖြင့် မီတာယူနစ်များ ထည့်သွင်းရာတွင် တစ်လသုံး ယူနစ်အား လာရောက်ဖတ်ရှုခြင်းမရှိဘဲ ခန့်မှန်းယူနစ်များဖြင့် ငွေတောင်းခံခဲ့သည့်အတွက် မီတာယူနစ်ကောက်ခံမှု မှန်ကန်ခြင်းမရှိကြောင်း လျှပ်စစ်မီတာယူနစ်များ အတိအကျဖြစ်စေရေး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိ၊ မီတာခတောင်းခံလွှာများအား မီတာသုံးစွဲသူများ လက်ဝယ်အရောက် လာရောက်ဖြန့်ဝေပေးနိုင်ရေး ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/မရှိနှင့် မီတာခပေးဆောင်ရာနေရာတွင်လည်း ငွေပေးသွင်းသည့်ကောင်တာများ ထပ်မံတိုးချဲ့၍ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က မီတာဖတ်ရှုနိုင်ခြင်းမရှိခဲ့သည့် မီတာများအတွက် မီတာဖတ်ချက်အမှန်ရရှိရေး နယ်မြေလုံခြုံရေးရရှိနိုင်မှုအပေါ်မူတည်၍ ဌာနမှဝန်ထမ်းများက မီတာဖတ်ရှုခြင်း၊ ဓာတ်အားခတောင်းခံလွှာပေးဝေခြင်း၊ ဓာတ်အားခပေးဆောင်ခြင်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မီတာယူနစ်ဖတ်ချက်အမှန်နှင့် ဓာတ်အားခတောင်းခံငွေ ကိုက်ညီမှုရှိစေရေးဌာနမှ ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ယူနစ်ကြွေးကျန်ဖြစ်ပေါ်လျက်ရှိသော မီတာများအား တစ်ကြိမ်တည်းများပြားစွာ ပေးဆောင်ရခြင်းမရှိစေရန်အတွက် အကြိမ်ရေခွဲ၍ ပေးဆောင်နိုင်ရေးဖြေလျှော့ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ကောင်တာ(၁)ခုထပ်မံတိုးချဲ့၍ နေ့စဉ်(ပိတ်ရက်မရှိ) ဖွင့်လှစ်ထားရှိပြီး ဓာတ်အားခများ ကောက်ခံပေးလျက်ရှိပါကြောင်း၊ တရားဝင်မှတ်ပုံတင်ထားသော မိုဘိုင်းငွေကြေးအဖွဲ့အစည်းများဖြစ်သည့် KBZ Pay ၊ UAB Pay ၊ CB Pay ၊ OK$ Pay များဖြင့် ဓာတ်အားခများ ပေးဆောင်နိုင်ပြီဖြစ်ကာ ပေးဆောင်ရမည့် နည်းလမ်းများအား အများပြည်သူသိရှိစေရန် လူမှုကွန်ယက်များမှတစ်ဆင့် အသိပေးထုတ်ပြန်ထားရှိပြီးဖြစ်ပါကြောင်းနှင့် ဓာတ်အားသုံးစွဲမှုများသော စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း ပုဂ္ဂလိကဘဏ်များရှိ ၎င်းတို့၏ ဘဏ်ငွေစာရင်းမှ စစ်ကိုင်းမြို့နယ်ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် ဖွင့်လှစ်ထားရှိသော လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း၏ ဘဏ်စာရင်းသို့ (Account Transfer / CBM NET)ဖြင့် လွှဲပြောင်းပေးဆောင်ခြင်း၊ Online Payment စနစ် ပေးဆောင်ခြင်းတို့ဖြင့် ပေးဆောင်နိုင်ရန်လည်း စီစဉ်ထားရှိပြီးဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
(ခ) ဦးစိန်ရွှေမင်း၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၌ အများပြည်သူများအား ရေဖြန့်ဝေပေးရာတွင် လျှပ်စစ်မီးအသုံးပြုနေရပြီး လျှပ်စစ်မီတာခသည် (၁)ယူနစ်လျှင် (၅၀၀)ကျပ် ဖြစ်သွားသည့်အတွက် ရေဖြန့်ဝေမှုမှရသည့် ဝင်ငွေနှင့် လျှပ်စစ်မီတာခမမျှတဘဲ လစဉ်လိုငွေပြနေသဖြင့် လျှပ်စစ်မီးနှင့် ဆိုလာစနစ် တွဲဖက်အသုံးပြုနိုင်ရေးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က ဆိုလာစနစ်ဖြင့် ရေပေးဝေခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်အတွက် ကျောက်တန်း ရေစက်ရုံရှိ နမ္မဒါရေတွန်းစက်တွင် ဆိုလာစနစ်တပ်ဆင်ခြင်းကို ၂၀၂၈ -၂၀၂၉ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ လိပ်တောင်ရေတွန်းစက်တွင် ဆိုလာစနစ်တပ်ဆင်ခြင်းကို ၂၀၂၉ -၂၀၃၀ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း၊ အောင်မြေရေတွန်းစက်တွင် ဆိုလာစနစ်တပ်ဆင်ခြင်းကို ၂၀၃၀ - ၂၀၃၁ ဘဏ္ဍာရေးနှစ်တွင်လည်းကောင်း သက်ဆိုင်ရာဘဏ္ဍာရေးနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ မင်းဘူးမြို့နယ်စည်ပင်သာယာရေးကော်မတီမှ ဦးစားပေးအစီအစဉ်ဖြင့် လျာထားတင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
ဥပဒေကြမ်းများ ဆွေးနွေးခြင်း
၅။ အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၇)ဦးက ဆွေးနွေးပါသည်။
၆။ တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (၃)ဦးက ဆွေးနွေးပါသည်။
အဆိုဆက်လက်ဆွေးနွေးခြင်း
၇။ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၆) ဦးမျိုးသန့် က လယ်ယာမြေနည်းဥပဒေ ၂၀၁၂ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၂ ၏ အခန်း ၁၂ ပါ ပုဒ်မ ၁၀၃၊ ပုဒ်မ ၁၀၄၊ ပုဒ်မ ၁၀၆ ၏ ပုဒ်မခွဲ(က)(ခ)(စ) နှင့် ပုဒ်မ ၁၁၂ ၏ ပုဒ်မခွဲ(က) တို့အား ပြင်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအားတိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ခြင်းကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၄)ဦးက ဆက်လက်ဆွေးနွေးပါသည်။
၁၀။ အစည်းအဝေးကို ၁၅:၅၈ နာရီ အချိန်တွင် ရပ်နားပြီး (၂၂)ရက်မြောက်နေ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်(တနင်္လာနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်