Share this

ဒေါ်မီမီကျော်ထွန်း၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ ကင်ဆားရာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၏ (၁၂၀ x ၂၅ x ၁၂)ပေရှိ တစ်ထပ် သွပ်မိုး၊ အုတ်ညှပ်၊ အင်္ဂတေ ပင်မကျောင်းဆောင်အား ဖျက်သိမ်းခွင့်ပြုရန်နှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံစွာပညာသင်ကြားနိုင်ရေးအတွက် အစားထိုးကျောင်းဆောင်သစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း

Monday, July 27, 2026 - 14:30
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

Daw Me Me Kyaw Tun

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၂ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်)

ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဒေါ်မီမီကျော်ထွန်း

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ကင်ဆားရာရှိ (၁၂၀' x၂၅' x ၁၂') အရွယ်အစားရှိ တစ်ထပ်သွပ်မိုး၊ အုတ်ညှပ်၊ အင်္ဂတေ ပင်မကျောင်းဆောင်အား ဖျက်သိမ်းခွင့်ပြုရန်နှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံစွာပညာသင်ကြားနိုင်ရေးအတွက် အစားထိုးကျောင်းဆောင်သစ် တည်ဆောက်ပေးရန်  အစီအစဉ်ရှိ/မရှိ ။

ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)ကင်ဆားရာရှိ (၁၂၀' x ၂၅' x ၁၂') အရွယ်အစားရှိ တစ်ထပ်သွပ်မိုး၊ အုတ်ညှပ်၊ အင်္ဂတေ ပင်မကျောင်းဆောင်သည် ၁၉၈၂ ခုနှစ်တွင် ဆောက်လုပ်ခဲ့သဖြင့် သက်တမ်း(၄၄)နှစ်ကျော်ရှိနေပြီး သွပ်မိုးများပေါက်ပြဲခြင်း၊ အကာများပျက်စီးခြင်း၊ တိုင်၊ ကျည်းဘောင်၊ တံခါးများ ဆွေးမြေ့ပျက်စီးနေခြင်းကြောင့် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအတွက် အချိန်မရွေး အန္တရာယ်ကျရောက်နိုင်သည့် အခြေအနေတွင်ရှိနေပါသည်။ အဆိုပါ ကျောင်းတွင် ပညာသင်ကြားနေသော ကျောင်းသူ/ကျောင်းသား (၈၉၈) ယောက်ရှိပါသည်။

သို့ဖြစ်ပါ၍ အဆိုပါ အန္တရာယ်ရှိကျောင်းဆောင်ဟောင်းအား အမြန်ဆုံးဖျက်သိမ်းခွင့်ပြုရန်နှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံစွာပညာသင်ကြားနိုင်ရေးအတွက် အစားထိုးကျောင်းဆောင်သစ်တည်ဆောက်ပေးရန် အစီအစဉ်ရှိ/မရှိ သိရှိလိုပါကြောင်း မေးခွန်းအား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် သက်ဆိုင်ရာသို့ ဖြေကြားပေးနိုင်ပါရန် မေးမြန်းအပ်ပါသည်။


တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၂ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်)

ကချင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဒေါ်မီမီကျော်ထွန်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး၊ ဖိတ်ကြားထားသောဧည့်သည်တော်ကြီးများအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။

ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ဒေါ်မီမီကျော်ထွန်း ၏ “ကချင်ပြည်နယ်၊ တနိုင်းမြို့၊ ကင်ဆားရာ-အခြေခံပညာအလယ်တန်းကျောင်း(ခွဲ) ၏ (၁၂၀ x ၂၅ x ၁၂) ပေရှိ တစ်ထပ်သွပ်မိုး၊ အုတ်ညှပ်၊ အင်္ဂတေ ပင်မကျောင်းဆောင်အား ဖျက်သိမ်းခွင့်ပြုရန်နှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံစွာပညာသင်ကြားနိုင်ရေးအတွက် အစားထိုးကျောင်းဆောင်သစ်တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ” မေးမြန်းထားသည့် ကြယ်ပွင့်ပြမေးခွန်းကို ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကျွန်တော် ဦးနေမျိုးလှိုင် က ရှင်းလင်းဖြေကြားတင်ပြသွားမှာ ဖြစ်ပါတယ်။

ကချင်ပြည်နယ်တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ခွင့်ပြုရန်ပုံငွေ ကျပ် (၄၅၅၇.၆၀၀)သန်းဖြင့် အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း(၁)ခု၊ အန္တရာယ်ကျောင်းဆောင်များဖျက်သိမ်း၍ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၁)ခု၊ တိုးတက်လာသော ကျောင်းသားဦးရေအရ တိုးချဲ့ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း (၇)ခု၊ အကြီးစားပြုပြင်မွမ်းမံခြင်းလုပ်ငန်း(၁)ခု၊ စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်း(၂)ခု စုစုပေါင်း လုပ်ငန်း(၁၂)ခု ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ အဆိုပါတည်ဆောက်ရေးလုပ်ငန်းများတွင် တနိုင်းမြို့နယ်အတွက် ရန်ပုံငွေလျာထားပေးနိုင်မှုမရှိခဲ့ကြောင်း ဦးစွာတင်ပြလိုပါတယ်။

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကင်ဆားရာ-အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် KG မှ Grade-5 ထိ မူလတန်းအဆင့်ကျောင်းသား (၅၆၆)ဦး၊ Grade-6 မှ Grade-9 ထိ အလယ်တန်းအဆင့်ကျောင်းသား (၃၃၂)ဦး၊ စုစုပေါင်း ကျောင်းသား (၈၉၈)ဦး ရှိပါတယ်။

ကျောင်းဆောင်များအနေနဲ့ အန္တရာယ်ဆောင် (၁၂၀ x ၂၅)ပေ သွပ်မိုး၊ သမံတလင်းခင်း၊ အုတ်ညှပ်(၁)ထပ်၊ (၁၂၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ်၊ (၆၀ x ၂၀)ပေ သွပ်မိုး၊ အုတ်ညှပ်(၁)ထပ်၊ (၉၀ x ၃၀)ပေ သွပ်မိုး၊ အုတ်ညှပ် (၁)ထပ်၊ (၁၂၀ x ၃၀)ပေ ယာယီဆောင် စုစုပေါင်း ကျောင်းဆောင် (၅)ဆောင်၊ စာသင်ခန်း(၁၅)ခန်းဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။

သို့ဖြစ်ပါ၍ ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ကင်ဆားရာ-အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)တွင် လက်ရှိကျောင်းသားဦးရေ (၈၉၈)ဦး၊ စာသင်ခန်း(၁၅)ခန်းရှိတဲ့အတွက် ကျောင်းသားဦးရေအရ စာသင်ခန်း(၈)ခန်းလိုအပ်ပါသဖြင့် အန္တရာယ်ဆောင် (၁၂၀ x ၂၅)ပေ သွပ်မိုး၊ သမံတလင်းခင်း၊ အုတ်ညှပ်(၁)ထပ်ဆောင်အား ဖျက်သိမ်း၍ (၁၃၀ x ၃၀)ပေ RCC (၂)ထပ် ဆောက်လုပ်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်၍ ပြည်နယ်ဦးစားပေးအစီအစဉ်အရ ဆောင်ရွက်သွားမှာဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

ကျေးဇူးတင်ပါတယ် ခင်ဗျာ။