Share this

ဦးအောင်ကျော်မင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ တောင်သူလယ်သမားများအား စမတ်ကတ် (Smart Card) များ ထုတ်ပေးပြီး သင့်လျော်သော ခွဲတမ်းအလိုက် စက်သုံးဆီ တရားဝင်ဝယ်ယူခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိနှင့် MSME လုပ်ငန်းများအားလည်း လိုင်စင်ပါ အချက်အလက်များအလိုက် စမတ်ကတ် (Smart Card) များ ထုတ်ပေးပြီး စက်သုံးဆီဝယ်ယူခွင့်ပြုရန်အစီအစဉ် ရှိ/မရှိနှင့်စပ်လျဉ်းသည့်မေးခွန်း၊

Monday, July 27, 2026 - 14:25
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Aung Kyaw Min

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၂ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်() မှ ဦးအောင်ကျော်မင်း

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

 

တောင်သူလယ်သမားများနှင့် MSME လုပ်ငန်းရှင်များအား စက်သုံးဆီတရားဝင်ယူခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိ မေးမြန်းခြင်း။

ယခုအချိန်မှာ နိုင်ငံတကာပရိပက္ခများကြောင့် နိုင်ငံအတွင်း စက်သုံးဆီများကို ခွဲတမ်းဖြင့်သုံးစွဲနေရသည့်အချိန်ဖြစ်ပါသည်။ မော်တော်ယာဉ်များမှာ ကျူအာကုတ် (QR Code) စနစ်ဖြင့်ဝယ်ယူခွင့်ရကြသည့်အတွက် ချွေတာသုံးစွဲရသော်လည်း အထိုက်အလျောက် အဆင်ပြေကြပါသည်။

သို့ရာတွင် မိမိတို့နိုင်ငံအတွင်း အခြေခံအကျဆုံးနှင့် အရေးပါဆုံးလူတန်းစားတစ်ရပ်ဖြစ်သည့် တောင်သူလယ်သမားများမှာ စက်သုံးဆီခွဲတမ်းပင်မရရှိကြပါ။ တရားဝင်ခွဲတမ်းမရကြသော်လည်း ပြင်ပပေါက်ဈေးနှင့် ဝယ်ယူအသုံးပြုနေသည့်အတွက် စက်သုံးဆီတင်သွင်းမှုမှာ လုံလောက်သည့်သဘောဖြစ်ပါသည်။ နိုင်ငံတော်မှသတ်မှတ်ပေးသည့် ဈေးနှုန်းနှင့် ပြင်ပပေါက်ဈေးကွာခြားမှုကြောင့် တောင်သူများမှာ စိုက်ပျိုးသည့်အချိန်၊ ရေသွင်းသည့်အချိန်နှင့် ရိတ်သိမ်းသည့်အချိန်များတွင် ကုန်ကျစရိတ်များ ကြီးမြင့်သည့်ဒဏ်ကို ခံစားနေကြရပါသည်။

ကျေးဇူးရှင်တောင်သူဦးကြီးများဟု ခေါ်တွင်ကြသော တောင်သူလယ်သမားများမှာ စက်သုံးဆီတရားဝင်ဝယ်ယူခွင့်ရသင့်သည်ဟု ယုံကြည်မိပါသည်။ တောင်သူလယ်သမားများအား ဧကပေါ်မူတည်၍ ဆီဝယ်ယူခွင့်ကတ်ပြား (Smart Card)ထုတ်ပေးထားပြီး သင့်လျော်စွာခွဲတမ်းသတ်မှတ်ချထားပေးမည်ဆိုလျှင် လိုအပ်ချိန်၌ အများနည်းတူ စက်သုံးဆီဝယ်ယူခွင့်ရကြမည်ဖြစ်ပါသည်။

ယခုအခါတွင်မူ တရားဝင်ခွဲတမ်းမရရှိကြသည့်အတွက် တောင်သူလယ်သမားများမှာ မှောင်ခိုဆီကို မျက်နှာငယ်စွာဖြင့် ဝယ်ယူသုံးစွဲနေကြရပါသည်။

အခြား (MSME) လုပ်ငန်းများဖြစ်သည့် စက်မှုလုပ်ငန်းများ၊ ရေယာဉ်များ၊ စက်ယန္တရားများကိုလည်း တရားဝင်လိုင်စင်ပြုလုပ်စေပြီး သုံးစွဲဝန်အားအလိုက် (Smart Card)ဖြင့် ဝယ်ယူခွင့်ပြုမည်ဆိုလျှင် (MSME) လုပ်ငန်းများအား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကိုလည်း များစွာအထောက်ကူပြုမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ စက်သုံးဆီဝယ်ယူခွင့်နှင့် ပတ်သက်ပြီး အောက်ပါအတိုင်း မေးမြန်းလိုပါသည်။

(၁) ကျေးဇူးရှင်တောင်သူလယ်သမားများကို စမတ်ကတ် (Smart Card) များထုတ်ပေးပြီး သင့်လျော်သော ခွဲတမ်းအလိုက် စက်သုံးဆီတရားဝင်ဝယ်ယူခွင့်ပြုပေးရန် အစီအစဉ်ရှိမရှိ။

(၂) (MSME)လုပ်ငန်းများအားလည်း လိုင်စင်ပါအချက်အလက်များအလိုက် စမတ်ကတ် (Smart Card) များထုတ်ပေးပြီး စက်သုံးဆီဝယ်ယူခွင့်ပြုရန် အစီအစဉ်ရှိ၊မရှိကို သိလိုပါကြောင်း အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါသည်။

ဆက်စပ်မေးခွန်း  :

နိုင်ငံတော်အနေနဲ့ စက်သုံးဆီဈေးနှုန်းသတ်မှတ်သည့် သတ်မှတ်ပုံအား ဗဟုသုတအနေဖြင့် မေးမြန်းအပ်ပါသည်။

 


တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၂ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်)

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်() မှ ဦးအောင်ကျော်မင်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်များ ၊ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ၊ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေလို့ နှုတ်ခွန်းဆက်သအပ်ပါတယ်ခင်ဗျာ -

  • တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးတွင် ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်မင်း မေးမြန်းသည့် “တောင်သူလယ်သမားများအား စမတ်ကတ် (Smart Card)များထုတ်ပေးပြီး သင့်လျော်သောခွဲတမ်းအလိုက် စက်သုံးဆီတရားဝင်ဝယ်ယူခွင့်ပြုပေးရန် အစီအစဉ် ရှိ/မရှိနှင့် MSME လုပ်ငန်းများအားလည်း လိုင်စင်ပါအချက်အလက်များအလိုက် စမတ်ကတ် (Smart Card) များထုတ်ပေးပြီး စက်သုံးဆီဝယ်ယူခွင့်ပြုရန် အစီအစဉ်ရှိ/မရှိ သိရှိလိုခြင်း” ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနတို့နှင့်ပေါင်းစပ်ညှိနှိုင်းပြီး ကျွန်တော် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်းမှ ဖြေကြားသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။
  • လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် ပြည်တွင်းထုတ်ဓာတ်ဆီ Ron 68 နှင့် Ron 72 များကို စိုက်ပျိုးရေးနှင့် MSME လုပ်ငန်းတွေအတွက် စက်သုံးဆီအရောင်းဆိုင်တွေကနေ ရောင်းချနိုင်ရေး တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ ထောက်ခံချက်ဖြင့် တင်ပြစေခဲ့ပြီး ရက်သတ္တပတ်အလိုက် ပုံမှန်ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါတယ်။ ပြည်တွင်းထုတ်စက်သုံးဆီအပြင် ပြည်ပမှတင်သွင်းလာတဲ့ စက်သုံးဆီတွေကိုလည်း တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ထောက်ခံမှုဖြင့် စိုက်ပျိုးရေးနှင့် MSME လုပ်ငန်းတွေအတွက် အရောင်းဆိုင်တွေမှာရောင်းချပေးနိုင်ရေး ခွင့်ပြုပေးလျက်ရှိပါတယ်။ ၂၀၂၆ ခုနှစ်၊ မတ်လမှ ဇွန်လအထိ ရိုးရိုးဒီဇယ်ဆီ ဂါလန်(၁)သန်းခန့်နှင့် ပရီမီယံဒီဇယ်ဆီ ဂါလန်(၂.၅)သန်းခန့်ကို ခွင့်ပြုပေးခဲ့ပါတယ်။
  • ဒါအပြင် စက်မှုဇုန်များနှင့် ဇုန်ပြင်ပရှိ MSME လုပ်ငန်းတွေက လိုအပ်တဲ့ စက်သုံးဆီတွေကို သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တွေရဲ့ ထောက်ခံချက်ဖြင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းကနေ ရောင်းချပေးလျက်ရှိရာမှာ ၂၀၂၆ ခုနှစ်၊ မတ်လမှ ဇွန်လအထိ စုစုပေါင်း ရိုးရိုးဒီဇယ်ဆီ ဂါလန်(၉)သိန်းခန့် နှင့် ပရီမီယံဒီဇယ်ဆီ ဂါလန် (၁.၆)သန်းခန့်ကို ရောင်းချပေးပြီးဖြစ်ပါတယ်။
  • ပြည်ပမှတင်သွင်းရတဲ့ စက်သုံးဆီတွေ လေလွင့်ဆုံးရှုံးမှုမရှိစေရေးစနစ်ဖြင့် စိစစ်အသုံးပြုလာစေရေး ဆောင်ရွက်နေခြင်းဖြစ်ပြီး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တောင်သူ လယ်သမားများ ထွန်ယက်စိုက်ပျိုးခြင်းအတွက် အသုံးပြုနိုင်ဖို့ ပြည်တွင်းထုတ်ဓာတ်ဆီဂါလန် (၈)သန်းနှင့် ဒီဇယ်ဆီဂါလန်(၇)သန်းကိုလည်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ပေါင်းစပ်ညှိနှိုင်းပြီး ဖြန့်ဖြူးရောင်းချပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။
  • စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာနကလည်း SME လုပ်ငန်းရှင်ဖြစ်ကြောင်း အထောက်အထားပြသနိုင်ဖို့နဲ့ SME အချက်အလက်တွေရရှိနိုင်ရန်အတွက် SME အသိအမှတ်ပြု Member Card တွေ ထုတ်ပေးခဲ့ပြီး ၁၂-၇-၂၀၂၃ ရက်မှစတင်ကာ Member Card တွေအစား MSME ယာယီမှတ်ပုံတင်လက်မှတ်တွေ ထုတ်ပေးခြင်းကို ဆောင်ရွက်ခဲ့ရာမှာ ၂၀၂၆ ခုနှစ်၊ မေလအထိ ယာယီမှတ်ပုံတင်လက်မှတ် စုစုပေါင်း (၅၂,၂၉၇) ခုကို ထုတ်ပေးခဲ့ပြီးဖြစ်ပါတယ်။
  • စိုက်ပျိုးရေးနှင့် MSME လုပ်ငန်းတွေအတွက် လိုအပ်တဲ့စက်သုံးဆီတွေကို Smart Card ဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ရောင်းချမယ်ဆိုပါက ကိုယ်ပိုင် Server နှင့် Server ထားရှိရန် အခြေခံအဆောက်အအုံတွေ၊ ဆက်စပ်ပစ္စည်းတွေ၊ Software နှင့် Server လုံခြုံရေးစနစ်တွေ ဝယ်ယူတည်ထောင်ဖို့ လိုအပ်မှာဖြစ်သလို လစဉ် Operation Cost နှင့် Maintenance Cost တွေ ကျခံသုံးစွဲရမှာဖြစ်တဲ့အတွက် နိုင်ငံတော်အတွက် ဘဏ္ဍာငွေအမြောက်အမြား မျှဝေသုံးစွဲရမှာဖြစ်ပါတယ်။
  • စက်သုံးဆီအရောင်းဆိုင်တွေအတွက်လည်း Handheld Device ဝယ်ယူတပ်ဆင်ရခြင်းနှင့် အခြားလိုအပ်တဲ့ နည်းပညာပိုင်းဆိုင်ရာ အဆင့်မြှင့်တင်ခြင်းတွေကို ထပ်တိုးဆောင်ရွက်ဖို့ လိုအပ်လာမှာဖြစ်သလို အဆိုပါစနစ်အကောင်အထည်ဖော်နိုင်ရန်အတွက် တောင်သူတစ်ဦးချင်းစီ၊ လုပ်ငန်းရှင်တစ်ဦးချင်းစီအလိုက် စိုက်ပျိုးမြေဧရိယာ၊ သီးနှံအမျိုးအစားနှင့် ကုန်ထုတ်လုပ်မှုဆိုင်ရာအချက်အလက်တွေ၊ လုပ်ငန်းတစ်ခုချင်းစီရဲ့ စက်သုံးဆီလိုအပ်ချက်စသဖြင့် လိုအပ်တဲ့စာရင်းအင်း၊ အချက်အလက်တွေကို တိကျမှန်ကန်စွာ ကောက်ခံရရှိစေရေး သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ အချိန်ယူပူးပေါင်းဆောင်ရွက်သွားဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။
  • အဲဒါကြောင့် တောင်သူလယ်သမားတွေနဲ့ MSME လုပ်ငန်းတွေကို Smart Card ဖြင့် စက်သုံးဆီရောင်းချနိုင်ရေးအတွက် နိုင်ငံတော်ရဲ့ဘဏ္ဍာငွေ အမြောက်အမြားသုံးစွဲရမှာဖြစ်ခြင်းနှင့် အချက်အလက်တွေစုဆောင်းဖို့ အချိန်ယူဆောင်ရွက်ရမှာဖြစ်ခြင်းတို့ကြောင့် လတ်တလောမှာ စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်းမရှိသေးပါကြောင်း၊ အခြားနည်းလမ်းတစ်ခုအနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ စက်သုံးဆီအရောင်းဆိုင်တွေမှာ မော်တော်ယာဉ်တွေ QR စနစ်ဖြင့် ဆောင်ရွက်နေသလို တောင်သူလယ်သမားတွေကို QR စနစ်ဖြင့် ဆောင်ရွက်၍ ရ/မရ နည်းပညာအရ နည်းလမ်းရှာဖွေလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးလုပ်ငန်းတွေနဲ့ MSME လုပ်ငန်းတွေအတွက် လိုအပ်တဲ့စက်သုံးဆီတွေ ဝယ်ယူရာမှာ အဆင်ပြေချောမွေ့စေရေး လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေနဲ့ အထူးအလေးထား ဆောင်ရွက်လျက်ရှိပြီး စက်သုံးဆီများဝယ်ယူရာတွင် အခက်အခဲများရှိပါက လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန(သို့မဟုတ်) သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးများသို့ ဆက်သွယ်နိုင်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးရဲ့ တောင်သူလယ်သမားတွေနဲ့ MSME လုပ်ငန်းတွေ လိုအပ်နေတဲ့စက်သုံးဆီအချိန်မီရောက်ရှိစေရေး စေတနာကို နားလည်ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနတွေအနေဖြင့်လည်း တောင်သူလယ်သမားတွေနဲ့ MSME လုပ်ငန်းတွေကို လိုအပ်တဲ့စက်သုံးဆီတွေ ဝယ်ယူရရှိနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့ ပူးပေါင်းပြီး စိစစ်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်။

ဆက်စပ်မေးခွန်းအဖြေ :

  • စက်သုံးဆီ ရည်ညွှန်းဈေးကို တစ်ပတ်တစ်ကြိမ် တွက်ချက်ပြီး နိုင်ငံပိုင်သတင်းစာတွေမှာ နေ့စဉ်ဖော်ပြပေးလျက်ရှိပါတယ်။ ဈေးနှုန်းသတ်မှတ်ရာမှာလည်း နိုင်ငံတကာဈေးနှုန်းကိုအခြေခံပြီး တွက်ချက်ခြင်းဖြစ်ပါတယ်။ အဓိကအားဖြင့် ရေနံထွက်ပစ္စည်းရောင်းဝယ်မှုများအတွက် အရှေ့တောင်အာရှနိုင်ငံများရဲ့ Benchmark Price ဖြစ်တဲ့ စင်ကာပူနိုင်ငံ Platts ဈေးနှုန်း (Mean of Platts Singapore - MOPS) ကို အခြေခံတွက်ချက်ခြင်းဖြစ်ပြီး သင်္ဘောဖြင့်သယ်ယူစရိတ်၊ အခွန်နှင့် ပြည်တွင်းသယ်ယူပို့ဆောင်စရိတ်အပါ အထွေထွေကုန်ကျစရိတ်တွေ ထပ်ပေါင်းတွက်ချက်ခြင်းဖြစ်ပါတယ်။
  • Own PO နဲ့ တင်သွင်းမှုတွေကတော့ တင်သွင်းသူများအနေဖြင့် နိုင်ငံတော်မှ ထောက်ပံ့မှုမပါဘဲ မိမိအစီအစဉ်ဖြင့် တင်သွင်းလာခြင်းဖြစ်ပါတယ်။ ပေါက်ဈေးအတိုင်း ရောင်းချနိုင်သော်လည်း ရည်ညွှန်းဈေးထက် များစွာကွာဟမှုမရှိစေရေး ထိန်းကျောင်းကြီးကြပ်ပေးလျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။
  • ကျေးဇူးတင်ပါတယ်။