ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
(၂၂)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလဆန်း ၁၃ ရက်
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်)
[ တနင်္လာနေ့ ]
၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၂)ရက်မြောက်နေ့ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့ နေ့လယ် ၁၃:၃၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂၀၉)ဦး ရှိပြီး (၂၀၂)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေးစတင်ကျင်းပကြောင်း ကြေညာပါသည်။
ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း
၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၇)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူမရှိသည့် အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က) ဦးစိန်ရွှေမင်း၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ၏ လုံခြုံရေးအရထားရှိသော စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုပြုလုပ်ရာ၌ လူဖြင့်အားပြုစစ်ဆေးသည်ထက် နည်းပညာသုံးစစ်ဆေးခြင်းမျိုး ပြုလုပ်နိုင်မည်ဆိုပါက တားမြစ်ကုန်ပစ္စည်းများဥပဒေနှင့် မလွတ်ကင်းသူများအား ဖော်ထုတ်တားဆီးနိုင်မည်ဖြစ်ပါသဖြင့် လုံခြုံရေးအရထားရှိသည့် စစ်ဆေးရေးဂိတ်များတွင် နည်းပညာမြင့် စက်ကိရိယာများတပ်ဆင်ပေးရန် အစီအစဉ် ရှိ/ မရှိ၊ ရှိပါက မည်သည့်ကာလအပိုင်းအခြားတွင် တပ်ဆင်ပေးသွားမည်ကို သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က စစ်ဆေးရေးဂိတ်များတွင် မူးယစ်ဆေးဝါးများ၊ လက်နက်ခဲယမ်းများနှင့် တရားမဝင်ကုန်ပစ္စည်းများကို ရှာဖွေဖော်ထုတ်ဖမ်းဆီးနိုင်ရန်အတွက် ခေတ်မီရှာဖွေရေး X-Ray Station စက်များ၊ နည်းပညာမြင့် စက်ကိရိယာများဖြစ်သည့် Scanner များ၊ Electronic Endoscope များဖြင့် ရှာဖွေစစ်ဆေးလျက်ရှိပါကြောင်းနှင့် စစ်ဆေးရေးဂိတ်များတွင် စက်ကိရိယာများ ယခုထက်ပိုမိုတပ်ဆင်အသုံးပြုနိုင်ရေး လိုအပ်ပါက ပြည်ထောင်စုခွင့်ပြုဘဏ္ဍာရန်ပုံငွေနှင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ ဘဏ္ဍာရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ရမည့်ကိစ္စဖြစ်ပါကြောင်း ကာကွယ်ရေးဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များနှင့် နေပြည်တော်ကောင်စီတို့၏ ပေါင်းစပ်ဖြေကြားချက်များအရ ရှင်းလင်းဖြေကြားပါသည်။
( ခ ) ဦးအောင်ကျော်မင်း၊ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) ၏ တောင်သူလယ်သမားများအား စမတ်ကတ် (Smart Card)များ ထုတ်ပေးပြီး သင့်လျော်သော ခွဲတမ်းအလိုက် စက်သုံးဆီတရားဝင်ဝယ်ယူခွင့်ပြုပေးရန် အစီအစဉ်ရှိ/မရှိနှင့် MSME လုပ်ငန်းများအားလည်း လိုင်စင်ပါအချက်အလက်များအလိုက် စမတ်ကတ် (Smart Card)များထုတ်ပေးပြီး စက်သုံးဆီဝယ်ယူခွင့်ပြုရန် အစီအစဉ် ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နိုင်ဝင်း က တောင်သူလယ်သမားများနှင့် MSME လုပ်ငန်းများကို Smart Card ဖြင့် စက်သုံးဆီရောင်းချနိုင်ရေးအတွက် နိုင်ငံတော်၏ဘဏ္ဍာငွေအမြောက်အမြား သုံးစွဲရမည်ဖြစ်ခြင်းနှင့် အချက်အလက်များစုဆောင်းရန် အချိန်ယူဆောင်ရွက်ရမည်ဖြစ်ခြင်းတို့ကြောင့် လတ်တလောတွင် စီစဉ်ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးပါကြောင်း၊ တောင်သူလယ်သမားများကို QR စနစ်ဖြင့် ဆောင်ရွက်၍ ရ/မရ နည်းပညာအရ နည်းလမ်းရှာဖွေလျက်ရှိပါကြောင်း၊ တောင်သူလယ်သမားများနှင့် MSME လုပ်ငန်းများကို လိုအပ်သည့် စက်သုံးဆီများဝယ်ယူရရှိနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းပြီး စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
( ဂ ) ဒေါ်မီမီကျော်ထွန်း၊ ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၊ ကင်ဆားရာရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၏ (၁၂၀ x ၂၅ x ၁၂)ပေရှိ တစ်ထပ်သွပ်မိုး၊ အုတ်ညှပ်၊ အင်္ဂတေ ပင်မကျောင်းဆောင်အား ဖျက်သိမ်းခွင့်ပြုရန်နှင့် ကျောင်းသား၊ ကျောင်းသူများ လုံခြုံစွာ ပညာသင်ကြားနိုင်ရေးအတွက် အစားထိုးကျောင်းဆောင်သစ် တည်ဆောက်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က အန္တရာယ်ဆောင် (၁၂၀ x ၂၅)ပေ သွပ်မိုး၊ သမံတလင်းခင်း၊ အုတ်ညှပ်(၁)ထပ်ဆောင်ကိုဖျက်သိမ်း၍ (၁၃၀ x ၃၀)ပေ RCC (၂)ထပ် ဆောက်လုပ်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်၊ ငွေလုံးငွေရင်း (တည်ဆောက်ရေး) ရန်ပုံငွေခွဲဝေရရှိမှုအပေါ်မူတည်ပြီ ပြည်နယ်ဦးစားပေးအစီအစဉ်အရ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
(ဃ) ဒေါက်တာဗညားအောင်မိုး၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ၏ အမျိုးသားပညာရေးဥပဒေအရ တိုင်းရင်းသားတို့၏ စာပေသင်ကြားရေးကို ထိရောက်စွာ သင်ကြားဆောင်ရွက်နိုင်ရန်အတွက် တိုင်းရင်းသားမူလတန်းပြဆရာအဆင့်နှင့် မူလတန်းပြလစာပေးရန်၊ မြို့နယ်၊ ခရိုင်၊ ပြည်နယ်အဆင့် တိုင်းရင်းသားစာပေသင်ကြားရေးတာဝန်ခံများ ခန့်အပ်ထားပေးရန်နှင့် မော်လမြိုင်တက္ကသိုလ်တွင် မွန်စာပေယဉ်ကျေးမှုနှင့် သမိုင်းအထူးပြုဘာသာရပ်ဌာနတစ်ခုဖွင့်ပေးရန် အစီအစဉ်ရှိ/မရှိ မေးခွန်းတို့နှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က လစာနှုန်းထားတစ်ခုပေးအပ်ရန်အတွက် ပြည်ထောင်စုရာထူးဝန်အဖွဲ့၏ စည်းမျဉ်းသတ်မှတ်ချက်များ၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ စည်းမျဉ်းလုပ်ထုံးလုပ်နည်းများဖြင့် ညှိနှိုင်းဆောင်ရွက်ရခြင်းဖြစ်ပြီး လက်ရှိဖွဲ့စည်းပုံအရ မူလတန်းပြဆရာအဆင့်နှင့် မူလတန်းပြလစာကို ပေးအပ်နိုင်ခြင်းမရှိသေးပါကြောင်း၊ လက်ရှိဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်ခွဲဝေမှုအရ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်များတွင် တိုင်းရင်းသားစာပေသင်ကြားရေး သီးခြားတာဝန်ခံရာထူးများကို ထပ်မံခန့်အပ်ဆောင်ရွက်ရန် လတ်တလောမဖြစ်နိုင်သေးပါကြောင်းနှင့် အဆင့်မြင့်ပညာကဏ္ဍတွင် ဘာသာရပ်ဌာန အသစ်တစ်ခုဖွင့်လှစ်ရာ၌ လူ့စွမ်းအားအရင်းအမြစ်၊ သင်ရိုးညွှန်းတမ်း၊ ဘဏ္ဍာရေး၊ အဆောက်အအုံနှင့် သင်ကြားရေးဆိုင်ရာ အထောက်အကူပြုပစ္စည်းများကို စနစ်တကျ စီမံလျာထားဆောင်ရွက်ရန် လိုအပ်သကဲ့သို့ သက်ဆိုင်ရာလုပ်ထုံးလုပ်နည်းများနှင့်အညီ အဆင့်ဆင့်စိစစ် အတည်ပြုဆောင်ရွက်ရခြင်းဖြစ်ပါကြောင်းနှင့် တင်ပြပါလိုအပ်ချက်များကို ပြည့်စုံစွာဖြည့်ဆည်းဆောင်ရွက်နိုင်ရေး စိစစ်ဆောင်ရွက်ရန် လိုအပ်နေသေးသည့်အတွက် ပညာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိအချိန်တွင် မော်လမြိုင်တက္ကသိုလ်၌ မွန်စာပေယဉ်ကျေးမှုနှင့် သမိုင်းအထူးပြုဘာသာရပ်ဌာနတစ်ခုဖွင့်လှစ်ရန် ဆောင်ရွက်နိုင်ခြင်းမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
( င ) ဦးဇော်မင်းထူး၊ ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ် (၁၁) ၏ ကယားပြည်နယ်၊ လွိုင်ကော်မြို့သည် နယ်မြေတည်ငြိမ်အေးချမ်းနေပြီဖြစ်ပါသဖြင့် ဒေါတမရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် ဒေါတမအခြေခံပညာအလယ်တန်းကျောင်း(၂)ကျောင်း၏ နှစ်ထပ်ကျောင်းဆောင်များအား ဆောက်လုပ်ခဲ့ရာ(၄၀%)ခန့် ပြီးစီးခဲ့ပြီး လွိုင်ကော်မြို့ တွင်း၌ သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် တည်ဆောက်ရေးလုပ်ငန်းများ ရပ်တန့်သွားခဲ့ရသည့်အတွက် ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် (၁၀၀%) ပြီးစီးအောင် ပြန်လည်တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကိုသိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ အမှတ်(၅) အခြေခံ ပညာအထက်တန်းကျောင်းနှင့် ဒေါတမ-အခြေခံပညာအလယ်တန်းကျောင်းတို့တွင် အပြီးသတ်ရန် လိုအပ်သောကျောင်းဆောင်များအား စီမံကိန်းတန်ဖိုးပြောင်းလဲခွင့်နှင့်ပတ်သက်ပြီး ထုတ်ပြန်ထားသော အမိန့်ကြော်ငြာစာတို့နှင့်အညီ ဆောင်ရွက်ပြီး နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဦးစားပေးအစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
( စ ) ဦးငွေထွန်း၊ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) ၏ တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့ အခြေခံပညာအထက်တန်းကျောင်းရှိ စံပယ်ဆောင်(၁၅၀ x၃၀ x ၂၀)ပေ တစ်ထပ်ကျောင်းဆောင်သည် သက်တမ်း(၃၈)နှစ်ကြာပြီဖြစ်၍ ကြံ့ခိုင်တောင့်တင်းမှု အားနည်းနေခြင်း၊ စင်္ကြံအမိုးများ ဆွေးမြေ့ပျက်စီးနေခြင်း၊ မျက်နှာကြက်များပေါက်ပြဲပြုတ်ကျပျက်စီးနေခြင်း၊ အုတ်ညှပ်ထားသောသစ်များ ခြစားနေခြင်းတို့ကြောင့် ကျောင်းဆောင်ဟောင်းအား ဖျက်သိမ်းခွင့်ပြုရန်နှင့် ဖျက်သိမ်းခွင့်ရရှိပါက ၎င်းမြေနေရာပေါ်တွင် (၁၅၀ x ၃၀x ၂၀)ပေ RC (၃)ထပ်ဆောင် သို့မဟုတ် (၁၅၀ x ၃၀x ၂၀)ပေ (၂)ထပ်ဆောင် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/မရှိ မေးခွန်းနှင့်စပ်လျဉ်း၍ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က ကျောင်းရှိအန္တရာယ်ကျောင်းဆောင် ဖျက်သိမ်းခြင်းအား လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် အနာဂတ်တွင် တိုးတက်လာမည့် ကျောင်းသားဦးရေနှင့် လိုအပ်ချက်အပေါ်မူတည်၍ အစားထိုးတည်ဆောက်နိုင်ရေး နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် ပြည်နယ်ဦးစားပေး အစီအစဉ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
အဆိုဆက်လက်ဆွေးနွေးခြင်းနှင့် အဆုံးအဖြတ်ရယူခြင်း
၅။ ဧရာဝတီတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၆) ဦးမျိုးသန့် က လယ်ယာမြေနည်းဥပဒေ ၂၀၁၂ အမိန့်ကြော်ငြာစာအမှတ် ၂/၂၀၁၂ ၏ အခန်း ၁၂ ပါ ပုဒ်မ ၁၀၃၊ ပုဒ်မ ၁၀၄၊ ပုဒ်မ ၁၀၆ ၏ ပုဒ်မခွဲ(က)(ခ)(စ) နှင့် ပုဒ်မ ၁၁၂ ၏ ပုဒ်မခွဲ(က)တို့အား ပြင်ဆင်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်း အဆိုတင်သွင်းခဲ့ခြင်းကို အမျိုးသား လွှတ်တော်ကိုယ်စားလှယ်(၄)ဦးက ဆက်လက်ဆွေးနွေးပါသည်။
၆။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ရဲတင့်ထွန်း က ပြန်လည်ဖြေရှင်းဆွေးနွေးခြင်းနှင့် ယင်းအဆိုကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ လွှတ်တော်က အတည်ပြုကြောင်း ကြေညာပါသည်။
၇။ အစည်းအဝေးကို ၁၅:၄၈ နာရီ အချိန်တွင် ရပ်နားပြီး (၂၃)ရက်မြောက်နေ့ အစည်းအဝေးကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်(ကြာသပတေးနေ့)တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်