တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၂ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်)
ကယားပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) မှ ဦးဇော်မင်းထူး
မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် ဒေါတမအခြေခံပညာအလယ်တန်းကျောင်း(၂)ကျောင်း၏ ဆောက်လုပ်ဆဲ နှစ်ထပ်ကျောင်းဆောင်များအား ပြန်လည်တည်ဆောက်ပေးနိုင်ခြင်းရှိ/မရှိတို့အား အကြောင်းကျိုးပြ မေးမြန်းအပ်ပါသည်။
(က) အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းသည် ကျောင်းသား/သူ (၁၂,၀၀) ဦးခန့် ပညာသင်ကြားလျက်ရှိပြီး ဧရိယာ (၂.၅၂) ဧက ကျယ်ဝန်းသော ကျောင်းတစ်ကျောင်း ဖြစ်ပါသည်။ ယင်းကျောင်း၌ (၂၀၂၃–၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်မှ ပြည်ထောင်စုရန်ပုံငွေဖြင့် (၁၄၀'×၃၀'×၂၆') နှစ်ထပ်ကျောင်းဆောင်အား ခွင့်ပြုခဲ့ပြီး (၂၈.၈.၂၀၂၃) ရက်နေ့တွင် ရှမ်းရွှေလျံကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ရာ (၄၀%) ခန့်ပြီးစီးခဲ့ပြီး (၁၁.၁၁.၂၀၂၃) ရက်နေ့တွင် လွိုင်ကော်မြို့တွင်း၌ သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် တည်ဆောက်ရေးလုပ်ငန်းများ ရပ်တန့်သွားခဲ့ကြောင်း သိရှိရပါသည်။
(ခ) ဒေါတမအခြေခံပညာအလယ်တန်းကျောင်း
ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒေါတမရပ်ကွက်၊ ဒေါတမအခြေခံပညာအလယ်တန်းကျောင်းသည် ကျောင်းသား/သူ (၆၀၀) ဦးခန့် ပညာသင်ကြားလျက်ရှိပါသည်။ ယင်းကျောင်းအား (၂၀၂၃–၂၀၂၄) ဘဏ္ဍာရေးနှစ်တွင် နိုင်ငံတော်မှ ပြည်ထောင်စုရန်ပုံငွေဖြင့် (၇၀'×၃၀'×၂၆') နှစ်ထပ်ကျောင်းဆောင်အား ခွင့်ပြုပေးခဲ့ပြီး (၄.၈.၂၀၂၃) ရက်နေ့တွင် RUBY THAN LWIN ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ရာ (၄၀%)ခန့်ပြီးစီးခဲ့ပြီး (၁၁.၁၁.၂၀၂၃) ရက်နေ့တွင် လွိုင်ကော်မြို့တွင်း၌ သောင်းကျန်းသူများနှင့်တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် တည်ဆောက်ရေးလုပ်ငန်းများ ရပ်တန့်သွားခဲ့ကြောင်း သိရှိရပါသည်။
သို့ဖြစ်ပါ၍ ကယားပြည်နယ်၊ လွိုင်ကော်မြို့သည် နယ်မြေတည်ငြိမ်အေးချမ်းနေပြီဖြစ်ပါသဖြင့် ရပ်တန့်ထားသော အဆိုပါကျောင်းဆောင်များအား (၂၀၂၆–၂၀၂၇) ဘဏ္ဍာရေးနှစ်တွင် ၁၀၀% ပြီးစီးအောင် ပြန်လည်တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါသည်။ ဆောင်ရွက်ပေးရန် အစီအစဉ်မရှိပါက မည်သည့် အတွက်ကြောင့်ဖြစ်သည်ကို ဖြေကြားပေးနိုင်ပါရန် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာ မေးမြန်းအပ်ပါသည်။
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၂ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်)
ကယားပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) မှ ဦးဇော်မင်းထူး မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် ၏ ဖြေကြားချက်
လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံး၊ ဖိတ်ကြားထားသောဧည့်သည်တော်ကြီးများအားလုံး မင်္ဂလာအပေါင်း နှင့် ပြည့်စုံကြပါစေလို့ နှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်ခင်ဗျာ။
ကယားပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၁၁) ဦးဇော်မင်းထူး၏ “ကယားပြည်နယ်၊ လွိုင်ကော်မြို့သည် နယ်မြေတည်ငြိမ်အေးချမ်းနေပြီဖြစ်ပါသဖြင့် ဒေါတမရပ်ကွက်ရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် ဒေါတမ-အခြေခံပညာအလယ်တန်းကျောင်း(၂)ကျောင်း၏ နှစ်ထပ်ကျောင်းဆောင်များအား ဆောက်လုပ်ခဲ့ရာ (၄၀%) ခန့်ပြီးစီးခဲ့ပြီး လွိုင်ကော်မြို့တွင်း၌ သောင်းကျန်းသူများနှင့် တိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် တည်ဆောက်ရေးလုပ်ငန်းများ ရပ်တန့်သွားခဲ့ရသည့်အတွက် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် (၁၀၀ %) ပြီးစီးအောင် ပြန်လည်တည်ဆောက်ပေးနိုင်ခြင်း ရှိ/မရှိ၊ ရှိပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို သိလိုခြင်းနှင့်စပ်လျဉ်း၍” မေးမြန်းထားတဲ့ ကြယ်ပွင့်ပြမေးခွန်းကို ပညာရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ကျွန်တော် ဦးနေမျိုးလှိုင် က ရှင်းလင်းဖြေကြားတင်ပြသွားမှာ ဖြစ်ပါတယ်။
ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် ဒေါတမ-အခြေခံပညာအလယ်တန်းကျောင်းတို့တွင် လုပ်ငန်းတစ်ဝက်တစ်ပျက်သာပြီးစီးခဲ့ပြီး ပြန်လည်အပ်နှံခဲ့သော လုပ်ငန်းတွေကတော့ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင်အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ဆောက်လုပ်ခဲ့သော (၁၄၀×၃၀)ပေ RCC (၂)ထပ် ကျောင်းဆောင်သည် လက်ရှိအချိန်တွင် မြေပြင်လုပ်ငန်း ၄၀ ရာခိုင်နှုန်းပြီးစီးပြီး ၆၀ ရာခိုင်နှုန်း ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိပါတယ်။ အလားတူ ဒေါတမအခြေခံပညာအလယ်တန်းကျောင်းတွင်လည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း ဆောက်လုပ်ခဲ့သော (၇၀×၃၀)ပေ RCC (၂)ထပ် ကျောင်းဆောင်သည်လည်း မြေပြင်လုပ်ငန်း ၄၅ ရာခိုင်နှုန်းပြီးစီးပြီး ၅၅ ရာခိုင်နှုန်း ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိပါတယ်။ ဖော်ပြပါ တည်ဆောက်ရေးလုပ်ငန်း(၂)ခုကို ဆက်လက်ဆောင်ရွက်ရန်အတွက် စီမံကိန်းတန်ဖိုးပြောင်းလဲဆောင်ရွက်ခွင့်ပြုရန် နိုင်ငံပိုင်ကဏ္ဍ ငွေလုံးငွေရင်းစရိတ်ဖြင့် ဆောင်ရွက်မည့်လုပ်ငန်း သို့မဟုတ် လုပ်ငန်းစီမံကိန်းများ၏ ခန့်မှန်းစီမံကိန်းတန်ဖိုး ပြောင်းလဲခြင်းနှင့်စပ်လျဉ်း၍ ယခင်စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ်၊ ၄၅/၂၀၂၀ နှင့် အမိန့်ကြော်ငြာစာအမှတ် ၄၅/၂၀၂၀ ကို ပြင်ဆင်ဖြည့်စွက်သည့်အမိန့်ကြော်ငြာစာအမှတ် ၄/၂၀၂၃ နှင့်အညီ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။
အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် KG မှ Grade-5 ထိ မူလတန်းအဆင့်ကျောင်းသား (၅၁၈)ဦး၊ Grade-6 မှ Grade-9 ထိ အလယ်တန်းအဆင့်ကျောင်းသား (၃၄၉)ဦးနှင့် Grade-10 မှ Grade-12 ထိ အထက်တန်းအဆင့်ကျောင်းသား (၃၀၇)ဦး၊ စုစုပေါင်းကျောင်းသား (၁,၁၇၄)ဦး နှင့် အထက်တန်းကျောင်းအုပ်(၁)ဦး၊ ထက်ဆင့်သင်ဆရာ (၁၁)ဦး၊ လယ်ဆင့်သင်ဆရာ (၁၈)ဦး၊ မူဆင့်သင်ဆရာ (၈)ဦး၊ ရုံးဝန်ထမ်း (၅)ဦး၊ စုစုပေါင်း (၄၃)ဦးတို့ဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။
ကျောင်းဆောင်များအနေနဲ့ ရတနာဆောင်၊ ပတ္တမြားထပ်ဆောင်၊ နီလာဆောင်၊ ရွှေဝါဆောင်၊ သဇင်ဆောင်၊ သန္တာဆောင်၊ စိန်ရတနာဆောင်၊ သီရိဆောင် စုစုပေါင်း ကျောင်းဆောင်(၈) ဆောင်ရှိပြီး စာသင်ခန်း (၂၈) ခန်းရှိပါကြောင်း တင်ပြလိုပါတယ်။
စီမံကိန်းတန်ဖိုးပြောင်းလဲခွင့်ပြုရန် တင်ပြနေဆဲကာလအတွင်း အဆိုပါ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းသားအင်အားအရ လိုအပ်သော (၇၀×၃၀)ပေ RCC (၂) ထပ်ဆောင်အား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ခွင့်ရရှိထားပြီးဖြစ်၍ ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးပါက သင်ကြားသင်ယူမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။
ကိုယ်စားလှယ်တော်ကြီးမေးမြန်းထားတဲ့ ဒေါတမအခြေခံပညာအလယ်တန်းကျောင်းတွင်တော့ လက်ရှိအခြေအနေအရ KG မှ Grade-5 ထိ မူလတန်းအဆင့်ကျောင်းသား (၃၀၂)ဦး၊ Grade-6 မှ Grade-9 ထိ အလယ်တန်းအဆင့်ကျောင်းသား (၁၈၁)ဦး၊ စုစုပေါင်း ကျောင်းသား (၄၈၃)ဦးနှင့် အလယ်တန်းကျောင်းအုပ် (၁)ဦး၊ လယ်ဆင့်သင်ဆရာ (၇)ဦး၊ မူဆင့်သင်ဆရာ (၇)ဦး၊ ရုံးဝန်ထမ်း (၃)ဦး၊ စုစုပေါင်း (၁၈)ဦးတို့ဖြင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။
ကျောင်းဆောင်များအနေနဲ့ နှင်းဆီဆောင်၊ စံပယ်ထပ်ဆောင်၊ ပုလဲရတုဆောင် စုစုပေါင်း(၃)ဆောင်နှင့် လက်ရှိဆောက်လုပ်ဆဲ (၁)ဆောင်ရှိပြီး စာသင်ခန်း (၁၀)ခန်းရှိတဲ့အတွက် ဒေါတမ-အခြေခံပညာအလယ်တန်းကျောင်းတွင် လက်ရှိ သင်ကြားသင်ယူမှုလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်လျက်ရှိကြောင်း တင်ပြလိုပါတယ်။
သို့ဖြစ်ပါ၍ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်အတွင်းရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းနှင့် ဒေါတမ-အခြေခံပညာအလယ်တန်းကျောင်းတို့တွင် အပြီးသတ်ရန် လိုအပ်သော ကျောင်းဆောင်များကို စီမံကိန်းတန်ဖိုးပြောင်းလဲခွင့်များနှင့်ပတ်သက်ပြီး ထုတ်ပြန်ထားသောအမိန့်ကြော်ငြာစာများနှင့်အညီ ဆောင်ရွက်ပြီး အနီးစပ်ဆုံး ဘဏ္ဍာရေးနှစ်တွင် အပြီးသတ် တည်ဆောက်နိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။
ကျေးဇူးတင်ပါတယ်ခင်ဗျာ။