Share this

ဦးစိန်ရွှေမင်း၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ စကုဘက်ခြမ်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စား (၁၀၀၀)ကျော်သည် စကုမြို့နှင့် (၁၀)မိုင်ဝေးသော မင်းဘူးမြို့ရှိ မြန်မာ့စီးပွား‌ရေးဘဏ်ခွဲသို့ သွားရောက်ပင်စင်ထုတ်ယူရာတွင် အခက်အခဲများရှိနေပါသဖြင့် လစဉ်ပင်စင်ထုတ်ပေးခြင်းကို စကုမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ယာယီရုံးခန်းဖွင့်လှစ်ထုတ်ပေးနိုင်ခြင်းရှိ/မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

Thursday, July 30, 2026 - 13:15
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Sein Shwe Min

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၃ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်)

မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဦးစိန်ရွှေမင်း

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

 

မင်းဘူးမြို့နယ်တွင် မင်းဘူးမြို့နှင့် စကုမြို့ဟူ၍ မြို့ (၂)မြို့ရှိပါသည်။ စကုမြို့သည် ယခင်က မြို့နယ်ရုံးစိုက်ရာ မြို့တစ်မြို့ဖြစ်ခဲ့သည့်အတွက် မြို့နယ်နှင့်သက်ဆိုင်သည့်ရုံးများ အားလုံးရှိခဲ့ပါသည်။ မင်းဘူးခရိုင် စကုမြို့နယ်ဟူ၍ဖြစ်ပါသည်။ ဘဏ်နှင့်ပတ်သက်၍လည်း မြန်မာ့စီးပွားရေးဘဏ်ခွဲ ရှိခဲ့ပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်မတိုင်ခင် တပ်မတော်အစိုးရလက်ထက်၌ ခရိုင်ရုံးစိုက်ရာမြို့များသို့ မြို့နယ်ရုံးများကို ရွှေ့ပြောင်းသွားကြပါသည်။

စကုမြို့ဘက်ခြမ်းတွင် အငြိမ်းစားယူထားကြသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအနေဖြင့် ပညာရေး၊ အထွေထွေအုပ်ချုပ်ရေးစသည့် မြို့ပြပင်စင်စား(၅၅၀)ဦး၊ ကာကွယ်ရေးပင်စင်စား (၄၀၀)ဦးခန့်နှင့် နိုင်ငံရေးပင်စင်စား (၅၀)ဦးခန့် စုစုပေါင်း ပင်စင်စား (၁,၀၀၀) ကျော်ရှိပါသည်။

ပင်စင်စားများသည် အသက်(၆၀)ကျော်များဖြစ်ကြပြီး အချို့ဆိုလျှင် အသက်(၈၀)ပင်ကျော်နေကြသူများ ရှိပါသည်။ ပင်စင်ထုတ်သည့်အခါ စကုမြို့မှာ (၁၀)မိုင်ဝေးသော မင်းဘူးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ သွားရောက်ထုတ်ယူကြရပါသည်။ ပင်စင်ထုတ်ယူကြရာတွင် ပင်စင်စာအုပ်ထပ်ခြင်းအတွက် တစ်ခေါက်၊ ပင်စင်လစာထုတ်ယူခြင်းအတွက် တစ်ခေါက် မင်းဘူးမြို့  မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ စုစုပေါင်း တစ်လလျှင်(၂) ခေါက်သွားရပါသည်။

စကုမြို့ဘက်ခြမ်းမှ ပင်စင်စားများသည် မင်းဘူးမြို့ တစ်ခေါက်သွားတိုင်း လမ်းစရိတ်က တစ်ခေါက်လျှင် (၆,၀၀၀) ကျပ်ကုန်ကျပါသည်။ တစ်လလျှင် (၂) ခေါက်သွားရသည့်အတွက် (၁၂,၀၀၀)ကျပ် ကုန်ကျပါသည်။ ထို့ပြင် အသက်အရွယ်ကြီးရင့်ခြင်း၊ ကျန်းမာရေးအားနည်းခြင်းတို့ကြောင့် လစဉ်ပင်စင်ထုတ်သည့်အခါတိုင်း စရိတ်ကုန်ကျမှုရှိသကဲ့သို့ လွန်စွာပင်ပန်းကြပါသည်။

အချို့သော ပင်စင်စားများသည် အသက်အရွယ်ကြီးရင့်လာသူတို့ဖြစ်လေ့ရှိသည့်အတိုင်း မေ့လျော့တတ်ခြင်း၊ ကတုန်ကရင်ဖြစ်ခြင်းများကြောင့် ပင်စင်ထုတ်ရန်သွားရသည့်အခါတိုင်း မိသားစုထဲက သို့မဟုတ် ဆွေးမျိုးနီးစပ်သူထဲက အကူတစ်ယောက်ခေါ်ရပါသည်။ ဆိုင်ကယ်ဖြင့်လာမည်ဆိုပါကလည်း လက်များက မြဲမြဲမကိုင်နိုင်တော့သဖြင့် ပြုတ်ကျမှာစိုးရိမ်ရပါသည်။ သို့အတွက် ကားဖြင့်လာသည့်အခါ စရိတ်ပိုကုန်ကျပါသည်။

သို့သော်လည်း နိုင်ငံ့ဝန်ထမ်းလစာစားဘဝဖြင့် နှစ်ပေါင်းများစွာနေထိုင် အသားကျလာကြသူများဖြစ်သည့်အလျောက် ၎င်းတို့ကိုယ်ပိုင်ရပိုင်ခွင့်အရ ရရှိကြသည့် ပင်စင်လစာလေးကို အလွန်တန်ဖိုးထား မက်မောကြပါသည်။ သားသမီးများထံက အထောက်ပံ့ထက် မိမိပင်စင်လစာဖြင့် လှူကြဒါန်းကြရသည်ကို ပိုမိုဝမ်းမြောက်ပီတိဖြစ်ကြပါသည်။

မင်းဘူးမြို့နယ် စကုမြို့ဘက်ခြမ်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စား(၁,၀၀၀) ကျော်အတွက် လစဉ်ပင်စင်ထုတ်ပေးခြင်းကို ပင်စင်ထုတ်သည့်ရက်တွင် စကုမြို့ရှိ မြို့အုပ်ချုပ်ရေးမှူးရုံး၌ ရုံးခန်းယာယီဖွင့်လှစ်ထုတ်ပေးနိုင်မည်ဆိုလျှင် သက်ကြီးရွယ်အိုများဖြစ်နေကြသည့် ပင်စင်စားနိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအနေဖြင့် များစွာဝမ်းသာပျော်ရွှင်ကြပြီး နိုင်ငံတော်အစိုးရ၏ အလေးထားအသိအမှတ်ပြုမှုအပေါ် ကျေးဇူးတင်နေကြမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မင်းဘူးမြို့နယ် စကုဘက်ခြမ်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအတွက် လစဉ်ပင်စင်ထုတ်ပေးခြင်းကို စကုမြို့ရှိ မြို့အုပ်ချုပ်ရေးမှူးရုံး၌ ယာယီရုံးခန်းဖွင့်လှစ်ထုတ်ပေးနိုင်ခြင်း အစီအစဉ်ရှိ/ မရှိ သိရှိလိုပါသဖြင့် လေးစားစွာမေးမြန်းအပ်ပါသည်။

 


တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၃ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်)

မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄) မှ ဦးစိန်ရွှေမင်း မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း ၏ ဖြေကြားချက်

 

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်တော်များ၊ ဖိတ်ကြားထားသောဧည့်သည်တော်များအားလုံး ကိုယ်စိတ်နှစ်ဖြာ  ကျန်းမာ၊ ချမ်းသာကြပါစေလို့ ဦးစွာဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။

ကျွန်မကတော့ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း ဖြစ်ပါတယ်။

ကျွန်မအနေနဲ့ မကွေးတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၄)၊ ဦးစိန်ရွှေမင်း၏ “မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ စကုဘက်ခြမ်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စား (၁,၀၀၀) ကျော်သည် စကုမြို့နှင့် (၁ဝ)မိုင်ဝေးသော မင်းဘူးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ သွားရောက်ပင်စင်ထုတ်ယူရာတွင် အခက်အခဲများရှိနေပါသဖြင့် လစဉ်ပင်စင်ထုတ်ပေးခြင်းကို စကုမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ယာယီရုံးခန်း ဖွင့်လှစ်ထုတ်ပေးနိုင်ခြင်း ရှိ/မရှိ”မေးခွန်းနှင့်စပ်လျဉ်း၍   ရှင်းလင်းဖြေကြားသွားမှာဖြစ်ပါတယ်။

မကွေးတိုင်းဒေသကြီးတွင် ခရိုင်မြန်မာ့စီးပွားရေးဘဏ်ခွဲနှင့် မြို့နယ်မြန်မာ့စီးပွားရေးဘဏ်ခွဲ၊ စုစုပေါင်း(၂၇)ဘဏ် ဖွင့်လှစ်ထားရှိပြီး ဘဏ်လုပ်ငန်းနှင့် ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများကို အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးလျက်ရှိပါတယ်။

မင်းဘူးခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲတွင် အငြိမ်းစားလစာထုတ်ယူနေသော စကုမြို့မှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစား (၁,၀၀၀ )ကျော်အနက် မင်းဘူးခရိုင်မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ အငြိမ်းစားလစာ သွားရောက်ထုတ်ယူရန် အခက်အခဲရှိသည့် စကုမြို့မှ အသက်အရွယ်ကြီးရင့်သူ အငြိမ်းစားများ၊ ကျန်းမာရေးမကောင်းသူ အငြိမ်းစားများနှင့် ဘဏ်သို့ကိုယ်တိုင်သွားရောက်ရန် အခက်အခဲရှိသူ အငြိမ်းစား(၄ဝဝ)ဦးခန့်သည် ကိုယ်စားလှယ်ဖြင့်လည်းကောင်း၊ အငြိမ်းစား (၅ဝ) ဦးခန့်သည် စာရင်းပြောင်းနည်းဖြင့်လည်းကောင်း၊ အငြိမ်းစား(၂၀)ဦးခန့်သည် ငွေလွှဲနည်းဖြင့်လည်းကောင်း၊ အငြိမ်းစား (၈၄) ဦးသည် မိုဘိုင်းငွေပေးချေမှုဖြင့်လည်းကောင်း၊ အငြိမ်းစား(၄၇၀) ဦးခန့်သည် လူကိုယ်တိုင်ထုတ်ယူခြင်းဖြင့်လည်းကောင်း၊ မင်းဘူးခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ အငြိမ်းစားလစာများကို အဆင်ပြေချောမွေ့ စွာ ထုတ်ပေးလျက်ရှိပါတယ်။

မိုဘိုင်းငွေပေးချေမှုစနစ်ဖြင့် အငြိမ်းစားလစာများကို စကုမြို့၌ ထုတ်ပေးနိုင်ရေးအတွက် မြန်မာ့စီးပွားရေးဘဏ်နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော Myanmar Mobile Money (MMM) ၏ ငွေထုတ်ကိုယ်စားလှယ် (၄)ဦးနှင့် Wave Money ၏ ငွေထုတ်ကိုယ်စားလှယ်(၉) ဦးတို့ဖြင့် အငြိမ်းစားလစာများကို ထုတ်ပေးလျက်ရှိပါတယ်။

မင်းဘူးခရိုင် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားလစာများကို လစဉ်(၂၁)ရက်နေ့မှစတင်၍ ထုတ်ယူနိုင်ပြီး အဆိုပါအငြိမ်းစားလစာထုတ်ပေးသည့်ရက်များတွင် ထုတ်ယူနိုင်ခြင်းမရှိပါက မည်သည့်ဘဏ်ဖွင့်ရက်တွင်မဆို ထုတ်ယူနိုင်ပါကြောင်းတင်ပြလိုပါတယ်။

မင်းဘူးခရိုင် မြန်မာ့စီးပွားရေးဘဏ်အနေဖြင့် စကုမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ယာယီရုံးခန်းဖွင့်လှစ်၍ အငြိမ်းစားလစာထုတ်ပေးနိုင်ရန်အတွက် အောက်ပါအချက်များလိုအပ်ပါတယ်-

• မင်းဘူးခရိုင် မြန်မာ့စီးပွားရေးဘဏ်၌ ဝန်ထမ်းဖွဲ့စည်းပုံအရ စကုမြို့သို့နေ့စဉ် အငြိမ်းစားလစာသွားရောက်ထုတ်ပေးရန် ဝန်ထမ်းအင်အားလိုအပ်ခြင်း၊

• မင်းဘူးမြို့မှစကုမြို့သို့ အငြိမ်းစားလစာထုတ်ပေးရန်အတွက် နေ့စဉ်အသွားအပြန် ငွေကြေးသယ်ယူပို့ဆောင်ရာတွင် လုံလောက်သောလုံခြုံရေးအစောင့်အရှောက်လိုအပ်ခြင်း၊ ငွေသယ်ယူပို့ဆောင်ရန်အတွက် မော်တော်ယာဉ်လိုအပ်ခြင်း၊

• စကုမြို့၌ အငြိမ်းစားလစာထုတ်ပေးရန်အတွက် သယ်ယူလာသောငွေကြေးများအား ခေတ္တယာယီထိန်းသိမ်းသိုလှောင်ထားရှိရန် ဘဏ္ဍာခန်းလိုအပ်ခြင်း၊

စကုမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ လစဉ်အငြိမ်းစားလစာထုတ်ပေးနိုင်ရန်အတွက် စက်ပစ္စည်းများနှင့် ရုံးသုံးပရိဘောဂများလိုအပ်ခြင်းတို့ကြောင့် ယခုအခြေအနေအရ စကုမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ယာယီရုံးခန်းဖွင့်လှစ်၍ အငြိမ်းစားလစာထုတ်ပေးနိုင်ရန်အတွက်အထက်ဖော်ပြပါ လိုအပ်ချက်များရှိပါကြောင်း တင်ပြလိုပါတယ်။

သို့ဖြစ်ပါ၍ စကုမြို့ရှိ အငြိမ်းစားများအား လစဉ်အငြိမ်းစားလစာထုတ်ပေးခြင်းကို ငွေသား၊ စာရင်းပြောင်း၊ ငွေလွှဲနှင့် မိုဘိုင်းငွေပေးချေမှုနည်းလမ်းများဖြင့် မင်းဘူးခရိုင် မြန်မာ့စီးပွားရေးဘဏ်ခွဲက အဆင်ပြေချောမွေ့စွာ ဆောင်ရွက်ပေးလျက်ရှိပါသဖြင့် စကုမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ယာယီရုံးခန်းဖွင့်လှစ်ထုတ်ပေးနိုင်ခြင်း မရှိပါကြောင်း ရှင်းလင်းဖြေကြားအပ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။