Share this

ဦးမြလင်း၊ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)၏ ရန်ကုန်-ရခိုင် ကမ်းရိုးတန်းပတ် သင်္ဘောခရီးစဉ်များ ပြေးဆွဲပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

Thursday, July 30, 2026 - 13:01
တတိယအကြိမ်အမျိုးသားလွှတ်တော်ပုံမှန်အစည်းအဝေးဒုတိယ ပုံမှန်အစည်းအဝေးကြယ်ပွင့်ပြမေးခွန်းများ

U Mya Lin

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၃ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်)

ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဦးမြလင်း

မေးမြန်းသည့်ကြယ်ပွင့်ပြမေးခွန်း

ယခင်ကာလ ခေတ်အဆက်ဆက်က ရန်ကုန်တိုင်းနှင့် ရခိုင်ပြည်နယ်သို့ ပြေးဆွဲခဲ့သည့် ကမ်းရိုးတန်းပတ် ကြယ်ငါးပွင့်သင်္ဘောလိုင်းခရီးစဉ်များရှိခဲ့ပါသည်။ ဆက်သွယ်ရေးခက်ခဲသော ရခိုင်ဒေသအား ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့ဖြင့် ပြည်မကြီးနှင့် ဆက်သွယ်ရေးကောင်းမွန်စေရန် ပို့ဆောင်ရေးဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

သို့သော်လည်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ(၁၃)ရက်နေ့တွင် ပြန်လည်စတင်ခဲ့သည့် တစ်ကျော့ပြန် စစ်ရေးပဋိပက္ခများကြောင့် ရခိုင်ပြည်နယ်၌ စစ်ရှိန်မြင့်မားလာကာ ကုန်းလမ်းပို့ဆောင်ရေးကဏ္ဍ လုံးဝပြတ်တောက်သွားပြီး ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွက် ပုဂ္ဂလိကပိုင်ကုန်တင်သင်္ဘောများဖြင့် ရေကြောင်းကိုသာ အသုံးပြုနေရပါသောကြောင့် ကုန်ဈေးနှုန်းမှာ အလွန်မြင့်မားလျက်ရှိပါသည်။ လေကြောင်းခရီးစဉ်များတွင်လည်း ရန်ကုန်-မာန်အောင် (၅)သိန်းခန့်၊ ရန်ကုန်-ကျောက်ဖြူ (၇)သိန်းကျော်၊ ရန်ကုန်-စစ်တွေ (၈)သိန်းခန့် ပေးဆောင်ရပါသောကြောင့် ပြည်သူများအနေဖြင့် သွားလာရန်အတွက် ငွေကြေးအခက်အခဲများရှိလာပါသဖြင့် ပင်လယ်ကူးသင်္ဘောကြီးများဖြင့် ဖြည့်စွက်ပြီးပြေးဆွဲပေးပါရန် အလွန်အရေးကြီးလိုအပ်ပါသည်။

သို့ဖြစ်ပါ၍ အောက်ပါမေးခွန်းအား ရခိုင်ဒေသခံများကိုယ်စား အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းအပ်ပါသည်။

စစ်ရေးပဋိပက္ခကျယ်ပြန့်စွာဖြစ်ပေါ်နေဆဲဖြစ်သည့် ရခိုင်ပြည်နယ်၏ ပို့ဆောင်ရေးကဏ္ဍအဆင်ပြေစေရန် ခရီးသည်နှင့် အထွေထွေကုန်စည်သယ်ယူပို့ဆောင်ပေးနိုင်မည့် ရန်ကုန်၊ မာန်အောင်၊ ကျောက်ဖြူ၊ စစ်တွေ ကမ်းရိုးတန်းပတ်သင်္ဘောခရီးစဉ်များကို ပို့ဆောင်ရေးဝန်ကြီးဌာနအနေဖြင့် ယခင်ကာလကဲ့သို့ ပြေးဆွဲပေးနိုင်မည့် အစီအစဉ် ရှိ/မရှိနှင့် ရှိပါက မည်သည့် ခုနှစ်၊ လ၊ ရက်တွင် ပြေးဆွဲပေးမည်၊ မရှိပါက မည်သည့်အတွက်ကြောင့်ဖြစ်သည်ကို ရှင်းလင်းပေးစေလိုပါသည်။

 


 

တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး၊ ၂၃ ရက်မြောက်နေ့ (၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်)

ရခိုင်ပြည်နယ်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) မှ ဦးမြလင်း မေးမြန်းသည့် ကြယ်ပွင့်ပြမေးခွန်းနှင့်စပ်လျဉ်း၍

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူ ၏ ဖြေကြားချက်

လေးစားအပ်ပါသော အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကြီးနှင့်တကွ၊ လွှတ်တော်ကိုယ်စားလှယ်တော်ကြီးများအားလုံး၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များနဲ့ ဧည့်သည်တော်များအားလုံး မင်္ဂလာအပေါင်းနဲ့ ပြည့်စုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်ခင်ဗျား။

ဦးမြလင်း၊ ရခိုင်ပြည်နယ် ကိုယ်စားလှယ်အမှတ်(၂)၏ မေးခွန်းအပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပေါင်းစပ်၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူက ပြန်လည်ဖြေကြားမှာ ဖြစ်ပါတယ်။

ပို့ဆောင်ရေးဝန်ကြီးဌာန၊ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးတွင် ကမ်းရိုးတန်းသွား ကမ်းထိုးကုန်တင်ရေယာဉ် (၁) စီး၊ ကမ်းရိုးတန်းကမ်းနီးသွား ခရီးသည်ရေယာဉ် (၃) စီး၊ မြစ်တွင်းသွားခရီးသည်/ကုန်တင်ရေယာဉ် (၃၂) စီး၊ ဇက်ရေယာဉ် (၂၀) စီး၊ တွဲဆွဲရေယာဉ် (၁၁) စီးနှင့် စက်မဲ့တွဲရေယာဉ် (၆၅) စီး၊ စုစုပေါင်း (၁၃၂) စီးဖြင့် မြစ်တွင်းသွားခရီးသည်နှင့် ကုန်စည်သယ်ယူပို့ဆောင်ရေးလုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိပါတယ်။

စစ်တွေအခြေပြု ရခိုင်ဌာနခွဲတွင် စစ်တွေ-မြေပုံ-ကျောက်ဖြူ-တောင်ကုတ်ခရီးလမ်းများအတွက် ကမ်းရိုးတန်းကမ်းနီးသွား ကစ္ဆပနဒီရေယာဉ် (၃) စီး၊ ကုလားတန်မြစ်ကြောင်းဘက်စုံသုံးသယ်ယူပို့ဆောင်ရေးလုပ်ငန်းအတွက် ကုလားတန်ရေယာဉ် (၆) စီး၊ စစ်တွေ-ဘူးသီးတောင်ခရီးလမ်းအတွက် အောင်တံခွန်ရေယာဉ် (၁) စီး၊ ကျောက်တော်-ပလက်ဝ ကားဇက်ကူးတို့လမ်းအတွက် ဇက်ရေယာဉ် (၁) စီး၊ စုစုပေါင်းရေယာဉ် (၁၁) စီးဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်းခေါက်ရေ (၁၀၇)ခေါက်ပြေးဆွဲ၍ ခရီးသည် (၁၄,၈၄၆) ဦးနှင့် ကုန်တန်ချိန် (၃,၇၃၈) တန် ပို့ဆောင်ပေးနိုင်ခဲ့ပြီး ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့မှစ၍ လုံခြုံရေးအခြေအနေအရ ခရီးလမ်းပြေးဆွဲမှုများကို ယာယီရပ်နားခဲ့ရပါတယ်။

၂၀၂၃ ခုနှစ်မှ ၂၀၂၆ ခုနှစ်အထိ ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်သမားများကြောင့် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ ရခိုင်ဌာနခွဲရှိ ဌာနပိုင် ရေနယား-၁ ရေယာဉ်နှင့် ရေဘဝဲ-၄ ရေယာဉ် ၂ စီးတို့ကို ဌာနဝန်ထမ်း ၉ ဦးတို့နှင့်အတူ ဖမ်းဆီးယူဆောင်သွားခြင်းခံခဲ့ရပါတယ်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် ကမ်းရိုးတန်းသွားကမ်းထိုးကုန်တင် ရေယာဉ် ၁ စီးဖြင့် ရန်ကုန်-ကော့သောင်း-ရနောင်း ခရီးလမ်းတွင် လက်ရှိပြေးဆွဲပေးလျက်ရှိပြီး လတ်တလောတွင် ရန်ကုန်-ရခိုင် ခရီးစဉ်ပြေးဆွဲရန် ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်မရှိသေးပါသဖြင့် ပြေးဆွဲပေးနိုင်ခြင်းမရှိပါ။ ကမ်းရိုးတန်းသွားကုန်တင်ရေယာဉ်များရရှိရေးအတွက် အစီအစဉ်များဆောင်ရွက်ထားပြီးဖြစ်ပါသဖြင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်၍ ကမ်းရိုးတန်းသွားကုန်တင်ရေယာဉ်များဝယ်ယူခြင်းနှင့်တည်ဆောက်ခြင်းများဆောင်ရွက်ပြီး လုပ်ငန်းလိုအပ်ချက်အပေါ်မူတည်၍ ရန်ကုန်-ရခိုင် ကမ်းရိုး တန်းပတ်သင်္ဘောခရီးစဉ်များ ပြေးဆွဲပေးနိုင်မှာ ဖြစ်ပါတယ်။

ယခုလတ်တလောအနေဖြင့် ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ ကုန်စည်များသယ်ပို့ခြင်းကို ပုဂ္ဂလိကကုန်တင်ရေယာဉ်များဖြင့်လည်းကောင်း၊ တပ်မတော်(ရေ) မှ စစ်ရေယာဉ်များဖြင့်လည်းကောင်း စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါတယ်။ ၂၀၂၅ ခုနှစ် မေလမှ ၂၀၂၆ ခုနှစ် ဇူလိုင်လအထိ ပုဂ္ဂလိကကုန်တင်ရေယာဉ်ခရီးစဉ် (၁၀၂) ခေါက်ဖြင့် ကုန်စည် ၁၀၄,၄၇၁ တန် သယ်ဆောင်ပေးခဲ့ပါတယ်။

ထို့အပြင် ရခိုင်ပြည်နယ်သို့ ခရီးသွားလာမှုလွယ်ကူစေရန် လေကြောင်းခရီးစဉ်များကိုလည်း ပြေးဆွဲပေးလျက်ရှိပြီး မြန်မာအမျိုးသားလေကြောင်းလိုင်းမှ L-410 လေယာဉ်ဖြင့် တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာနှင့် တနင်္ဂနွေနေ့များတွင်ရန်ကုန်-မာန်အောင်-ရန်ကုန် ခရီးစဉ်ကိုလည်းကောင်း၊ ပုံမှန်ခရီးစဉ်ကို လေကြောင်းလိုင်းများမှ ATR 72 လေယာဉ်ဖြင့် ရန်ကုန်-စစ်တွေ-ကျောက်ဖြူ-ရန်ကုန် ခရီးစဉ်ကိုလည်းကောင်း နေ့စဉ် ပြေးဆွဲပေးလျက်ရှိပါတယ်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှလည်း လုံခြုံရေးအခြေအနေအရ လတ်တလောဆောင်ရွက်ပေးနိုင်ရန် ကန့်သတ်ချက်များရှိနေသေးကြောင်းနှင့် ကျန်းမာရေး၊ စီးပွားရေးအခက်အခဲရှိသူများကိုစိစစ်၍ ကုန်စည်ပို့ဆောင်သည့် ကမ်းရိုးတန်းသွားရေယာဉ်များဖြင့် လိုက်ပါနိုင်ရန် စိစစ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ဖြေကြားထားပါတယ်။

သို့ဖြစ်ပါ၍ ဦးမြလင်း၊ ရခိုင်ပြည်နယ်ကိုယ်စားလှယ်အမှတ်(၂)၏ မေးခွန်းနှင့်စပ်လျဉ်း၍ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် လတ်တလောတွင် ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်များဝယ်ယူခြင်းနှင့်တည်ဆောက်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပို့ဆောင်ရေးဝန်ကြီးဌာနမှ လေကြောင်းလိုင်းများ ပုံမှန်ပျံသန်းပြေးဆွဲနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ပြည်သူလူထုခရီးသွားလာမှု အဆင်ပြေစေရေးအတွက် Public Transportation ကိစ္စကို နိုင်ငံတော်မှ အထူးအလေးထား မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ဖြေကြားအပ်ပါတယ်။