ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး
(၂၃)ရက်မြောက်နေ့ အစည်းအဝေး အကျဉ်းချုပ်
၁၃၈၈ ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော် ၁ ရက်
(၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်)
[ ကြာသပတေးနေ့ ]
၁။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ကို ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် စတင်ကျင်းပပါသည်။
အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာခြင်း
၂။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်(၂၀၉)ဦး ရှိပြီး (၂၀၃)ဦး တက်ရောက်သည့်အတွက် ၂၀၁၂ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ ဥပဒေပုဒ်မ ၄၂ နှင့် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၂၄ နှင့် ၂၈ တို့အရ အစည်းအဝေးအထမြောက်ကြောင်းနှင့် အစည်းအဝေး စတင်ကျင်းပကြောင်း ကြေညာပါသည်။
ခွင့်ပန်ကြားခြင်းနှင့် အစည်းအဝေးတက်ရောက်မှုအခြေအနေကို အတည်ပြုမှတ်တမ်းတင်ခြင်း
၃။ အစည်းအဝေးသို့ တက်ရောက်ခွင့်ရှိသည့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဦးရေမှာ (၂၀၉)ဦး၊ ခွင့်ပန်ကြားသဖြင့် ခွင့်ပြုထားသူ(၆)ဦးရှိပြီး ခွင့်မဲ့ပျက်ကွက်သူမရှိသည့်အတွက် ၂၀၁၅ ခုနှစ်၊ အမျိုးသားလွှတ်တော်ဆိုင်ရာ နည်းဥပဒေ ၄၁၊ နည်းဥပဒေခွဲ(ဂ) အရ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ အစည်းအဝေးတက်ရောက်မှုအခြေအနေကို အမျိုးသားလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ကြောင်း ကြေညာပါသည်။
မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း
၄။ မေးခွန်းမေးမြန်းခြင်းနှင့် ဖြေကြားခြင်း အစီအစဉ်ကို အောက်ပါအတိုင်း ဆောင်ရွက်ခဲ့ပါသည် -
(က) ဦးမြလင်း၊ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂) ၏ ရန်ကုန်-ရခိုင် ကမ်းရိုးတန်းပတ် သင်္ဘောခရီးစဉ်များ ပြေးဆွဲပေးရန် အစီအစဉ် ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပို့ဆောင်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးထွန်းလူ က ပြည်တွင်းရေကြောင်းပို့ဆောင်ရေးအနေဖြင့် လတ်တလောတွင် ကမ်းရိုးတန်းသွား ကုန်တင်ရေယာဉ်များ ဝယ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ စီစဉ်ဆောင်ရွက်လျက်ရှိပြီး ပို့ဆောင်ရေးဝန်ကြီးဌာနမှ လေကြောင်းလိုင်းများ ပုံမှန်ပျံသန်းပြေးဆွဲဆောင်ရွက်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် ပြည်သူလူထု ခရီးသွားလာမှု အဆင်ပြေစေရေးအတွက် Public Transportation ကိစ္စကို နိုင်ငံတော်မှလည်း အထူးအလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
( ခ ) ဦးစိန်ရွှေမင်း၊ မကွေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အမှတ် (၄) ၏ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ စကုဘက်ခြမ်းရှိ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားပင်စင်စား (၁၀၀၀)ကျော်သည် စကုမြို့နှင့် (၁၀) မိုင် ဝေးသော မင်းဘူးမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်ခွဲသို့ သွားရောက်ပင်စင် ထုတ်ယူရာတွင် အခက်အခဲများရှိနေပါသဖြင့် လစဉ်ပင်စင်ထုတ်ပေးခြင်းကို စကုမြို့ရှိ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ယာယီရုံးခန်း ဖွင့်လှစ်ထုတ်ပေးနိုင်ခြင်း ရှိ/မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယ ဝန်ကြီး ဒေါ်သန်းသန်းလင်း က စကုမြို့ရှိ အငြိမ်းစားများအား လစဉ်အငြိမ်းစား လစာထုတ်ပေးခြင်းကို ငွေသားဖြင့်သော်လည်းကောင်း၊ စာရင်းပြောင်းနည်းဖြင့်သော်လည်းကောင်း၊ ငွေလွှဲနည်းဖြင့်သော်လည်းကောင်း၊ မိုဘိုင်းငွေပေးချေမှုနည်းများဖြင့်လည်းကောင်း၊ မင်းဘူးခရိုင်၊ မြန်မာ့စီးပွားရေးဘဏ်ခွဲက ဆောင်ရွက်ပေးလျက်ရှိပါသဖြင့် စကုမြို့နယ်အုပ်ချုပ်ရေးမှူးရုံး၌ ယာယီရုံးခန်း ဖွင့်လှစ်ထုတ်ပေးနိုင်ခြင်းမရှိသေးပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
(ဂ) ဦးစိုးမင်းစမ်း၊ မွန်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၉) ၏ မိသားစုပင်စင်လစာအား ထုတ်ယူလျက်ရှိသော အသက်(၇၀)နှစ်နှင့်အထက် အမယ်အိုများအတွက် အမျိုးသမီးများ၏ ဂုဏ်သိက္ခာနှင့် အသက်အရွယ်အား ထောက်ထားငဲ့ညှာသောအားဖြင့် ၎င်းအမယ်အိုများ ပင်စင်လစာထုတ်ယူရာတွင် နောက်အိမ်ထောင်မပြုကြောင်း ထောက်ခံချက်လိုအပ်နေမှုအား ပယ်ဖျက်ပေးနိုင်ခြင်း ရှိ/ မရှိ သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဟန်ဝင်းအောင် က မိသားစုပင်စင်ခံစားနေရသူများအား နောက်အိမ်ထောင်မပြုကြောင်း ထောက်ခံချက်ကို တည်ဆဲဥပဒေ၊ နည်းဥပဒေ ပြဋ္ဌာန်းချက်များနှင့်အညီ ကျား/မ၊ အသက်အရွယ် သတ်မှတ်ချက်မရှိ စိစစ်တောင်းခံနေခြင်းဖြစ်ပါကြောင်းနှင့် ထိုသို့ဆောင်ရွက်ခြင်းသည် မိသားစုပင်စင် ခံစားခွင့်ရှိသူဦးရေ မှန်ကန်မှုရှိစေရန် အထောက်အထားဖြစ်စေပြီး နိုင်ငံ့ဘဏ္ဍာငွေ လေလွင့်ဆုံးရှုံးမှုမရှိအောင် ထိန်းသိမ်းဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားပါသည်။
အစီရင်ခံစာ ပြန်လည်ဖတ်ကြားရှင်းလင်းခြင်း၊ အဆုံးအဖြတ်ရယူခြင်း၊ အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အတည်ပြုခြင်း
၅။ ရခိုင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၃) ဦးသန်းထွန်း (ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်)က အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပါသည်။
၆။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
၇။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးခင်ဇော် က အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား အတည်ပြုရန် အဆိုတင်သွင်း၍ ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၅) ဦးထိန်လင်း က ထောက်ခံပါသည်။
၈။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက အမျိုးသားလွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
အစီရင်ခံစာ ပြန်လည်ဖတ်ကြားရှင်းလင်းခြင်း၊ အဆုံးအဖြတ်ရယူခြင်း၊ အဆိုတင်သွင်းခြင်း၊ ထောက်ခံခြင်းနှင့် အတည်ပြုခြင်း
၉။ တနင်္သာရီတိုင်းဒေသကြီး အမျိုးသားလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁၁) ဦးစိုးကြည် (ဥပဒေကြမ်းကော်မတီအဖွဲ့ဝင်)က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်စပ်လျဉ်း၍ ဥပဒေကြမ်းကော်မတီ၏ အစီရင်ခံစာကို ပြန်လည်ဖတ်ကြားရှင်းလင်းပါသည်။
၁၀။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား တစ်ပိုဒ်ချင်းစီအလိုက် လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
၁၁။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အဖွဲ့ဝင် ဦးအောင်မြင့်လွင် က တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းကို အတည်ပြုရန် အဆိုတင်သွင်း၍ ရန်ကုန်တိုင်းဒေသကြီး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အမှတ်(၇) ဦးရဲရင့်စိုးညွန့် က ထောက်ခံပါသည်။
၁၂။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲဥပဒေကို သတ္တမအကြိမ် ပြင်ဆင်သည့် ဥပဒေကြမ်းအား လွှတ်တော်၏ အဆုံးအဖြတ်ရယူ၍ အတည်ပြုသည်။
၁၃။ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌက တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပါသည်။
၁၄။ တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး (၂၃)ရက်မြောက်နေ့ကို ၁၁:၅၁ နာရီအချိန်တွင် ရပ်နားပြီး တတိယအကြိမ် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးကြောင်း ကြေညာပါသည်။
အမျိုးသားလွှတ်တော်